ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အရည်အချင်း ပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်များအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က တနင်္လာနေ့တွင် ချီးကျူးပြောဆိုလိုက်သည်။ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နေ့လည် ၁၂ နာရီခန့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့စဉ် ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ) “သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်ဝမှုကို ဖော်ဆောင်ပြသနိုင်ခဲ့သည်”ဟု အတွင်းရေးမှူးချုပ်က ပြောဆိုသွားသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့မှ အရေးယူ ပိတ်ဆို့မှုများအား ပိုမိုလျှော့ပေါ့ ပိုမိုဖွင့်ပေးကြရန် တိုက်တွန်း တောင်းဆိုလိုက်သည်။ “ဒ...