Tuesday, April 24, 2012

ပျူ သုံးမြို့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးစားနေ

နေမျိုး | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

ပျူရှေးဟောင်း မြို့တော်များ ဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ‘ဟန်လင်း’၊ မကွေးတိုင်း၊
တောင်တွင်းကြီး မြို့နယ်ရှိ ‘ဗိဿနိုး’နှင့် ပြည်ခရိုင် မှော်ဇာရှိ ‘သရေခေတ္တရာ’ မြို့ဟောင်းများသည် နှစ်ပေါင်း ၂ဝဝဝ ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဟု ပညာရှင်များက သဘောတူထားကြသည်။

ပျူမြို့ဟောင်း သုံးမြို့အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပေးရန် စက်တင်ဘာတွင် အဆိုတင်သွင်းမည် ဖြစ်ကြောင်း သိရ (Photo : http://www.taungdwingyi.net)

ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO သို့ အဆိုတင်သွင်းသွားမည်ဟု မြန်မာနိုင်ငံ ရှေးဟောင်း သုသေသနဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင် က ပြောသည်။

“ကျနော်တို့ UNESCO ကို အဆိုပြု Nomination တင်ထားဖို့အတွက် လုပ်နေပါတယ်။ စက်တင်ဘာမှာ တင်ပြီးရင်တော့ UNSECO ဘက်ကနေ ကျနော်တို့ဆီ လာပြီး စစ်ဆေးတဲ့ အနေအထား ရောက်လာပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အကယ်၍ UNESCO မှ အသိအမှတ်ပြုခံရပါက နိုင်ငံတော်အဆင့်မှ ဒေသလူမှုအဖွဲ့အစည်း အဆင့်အထိ ခံစားခွင့်များ ရရှိလာမည်ဖြစ်ကာ ခရီးသွားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးများလည်း တိုးတက်လာမည်ဟု သိရသည်။

“ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ စနစ်တကျ ဆောင်ရွက်လာနိုင်မယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို တခြားမှာရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအဆင့်အတန်းမှာ မနိမ့်ဘူးဆိုတဲ့ အနေအထားကို တကမ္ဘာလုံးက သိလာမယ်” ဟု ဦးကျော်ဦးလွင် က ဆက်ပြောသည်။

၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ကတည်းက ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် UNESCO မှ အငြိမ်းစားယူထားသည့် ပညာရှင် များ အပါအဝင် ပြည်တွင်း ပြည်ပမှ သမိုင်း၊ ရှေးဟောင်း သုသေသန၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေး ပညာရှင်များနှင့် တွဲဖက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျူရှေးဟောင်း မြို့တော်များ စနစ်တကျပြုပြင်ထိန်သိမ်းနိုင်ရေး၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေးအတွက် အီတလီအစိုးရက ယူရိုငွေ လေးသိန်း ထောက်ပံ့ကူညီသွားမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ပျူမြို့များအပြင် မြန်မာနိုင်ငံမှ “အင်းဝ၊ ပြဒါးလင်းဂူတို့ ရခိုင်ပြည်နယ်က မြောက်ဦးတို့ ပြီးတော့ သဘာဝနဲ့ယဉ်ကျေးမှုနဲ့ ပေါင်းစပ်နေတဲ့ အင်းလေးကန်တို့ ဖြစ်သင့်တယ်” ဟု ဦးကျော်ဦးလွင် က ပြောသည်။

ပျူလူမျိုးများသည် ယခုအခါတွင် တိမ်ကောပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်းကာလ က များစွာ အရေးပါခဲ့သော တိုင်းရင်းသား လူမျိုးကြီးတမျိုး ဖြစ်သည်။

အင်ဒိုအာရီယန် ယဉ်ကျေးမှုအား ဆက်ခံထားသော အိန္ဒိယနိုင်ငံ အာသံနှင့် အရှေ့မြောက် အရပ်မှ တိဗက်ဗမာ အနွယ်ဝင် ပျူလူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ အစုစုကွဲ၍ ဝင်ရောက်ခဲ့ကြကာ မြေညီမြစ်ဝှမ်းဒေသများတွင် အခြေချ နေထိုင်လာခဲ့ကြသည်ဟု ဗန်းမော်တင်အောင် ၏ ‘ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း’ စာအုပ်တွင် ရေးသားထားသည်။

၎င်းတို့၏ မြို့ပြနိုင်ငံများကို မြန်မာနိုင်ငံ မြေညီမြစ်ဝှမ်း အရပ်ဒေသများ၌ စည်းရုံးထူထောင်ခဲ့ကြကြောင်း တရုတ် မှတ်တမ်းများအရ မြို့ကြီး ငါးမြို့နှင့် ပြည်နယ်လေးပေါင်း ၁၈ နယ်မျှပင် ရှိသည်ဟုဆိုသည်။

မြန်မာရာဇဝင်ဟောင်းများအရမူ ဟန်လင်း၊ သရေခေတ္တရာနှင့် ပန်ထွာ (ဗိဿနိုး)မြို့များ ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် အစုစုကွဲနေသော မြို့ပြများအား စုစည်းညီညွတ်သော နိုင်ငံတော်အဖြစ်မူ သိမ်းသွင်းစည်းရုံးနိုင်ခြင်း မရှိခဲ့ကြပေ။

မြန်မာသမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကလည်း ‘ပျူတွေ ဘယ်ရောက်သွားပြီလဲ’ ဟူ၍ စာအုပ်ပြုစု ထုတ်ခဲ့ဖူး သည်။

ပျူရှေးဟောင်းမြို့ဟောင်းများအကြောင်း စာအုပ်စာတမ်းရေးသားထုတ်ဝေသည့် ဥရောပနိုင်ငံများမှ ပညာရှင် အများအပြားလည်း ရှိနေပြီး ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်လည်ပတ်ရန် စိတ်ဝင်စားသည့်
နေရာများဖြစ်နေကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates