Wednesday, October 24, 2012

‘ပုတက်’ ကာတွန်း ဝဘ်ဆိုက် လွှင့်တင်

သစ်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၅ မိနစ်   

ရန်ကုန် (မဇ္ဈိမ)။         ။ ကာတွန်းပညာရှင်များ၏ ဘဝရပ်တည်မှုကို တဖက်တလမ်းမှ အထောက်အကူ
ပြုရန်နှင့် မြန်မာနှင့် ကမ္ဘာ့နိုင်ငံအနှံ့ရှိ ကာတွန်းချစ် ပရိသတ်များ ဖတ်ရှုနိုင်ရန် ‘ပုတက်’ ကာတွန်းဝဘ်ဆိုက်ကို အွန်လိုင်းတွင် စမ်းသပ် လွှင့်တင်လိုက်ကြောင်း ယင်းဝဘ်ဆိုက် ဦးစီးတည်ထောင်သူ ကိုအောင်ချစ်ခင် က ပြောသည်။

“နိုင်ငံခြား ရောက်နေတဲ့ မြန်မာတွေ သူတို့မှာက ကာတွန်းစာအုပ် ဝယ်ဖို့ဆိုတာ လည်း မလွယ်ဘူး။ ကာတွန်းစာအုပ်ကလည်း သိပ်မရှိဘူးဆိုတော့ မိဘတွေက သူတို့ ကလေးတွေကို ပြချင်တယ်။ ကလေးအတွက်က မြန်မာစာ သင်ချင်စိတ် မရှိကြဘူးဆိုတာ သိရတယ်။ အခုလို ကာတွန်းဆိုတော့ သူတို့လည်း မြန်မာစာကို ကြိုးစားပြီး ဖတ်လာမယ်။ အဲလို ရည်ရွယ်ချက်လည်း ထားပါတယ်” ဟု
မဇ္ဈိမကို ပြောသည်။

‘ပုတက်’ကာတွန်း ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုရန် အခပေးနှင့် အခမဲ့ ဟူ၍ နှစ်မျိုးခွဲထားသည်။ အခပေး ကြည့်ရှုမည်ဆိုပါက ၆ လ အတွက် ၃,၅၀၀ ကျပ် ပေးသွင်းရမည် ဖြစ်သည်။

“လူပုဂ္ဂိုလ်တွေအကြောင်း ရေးထားတဲ့ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ပုံပြင်တွေကို အခမဲ့ ပေးထားတယ်။ အခပေး အတွက်က တင်သမျှအားလုံး ဖတ်လို့ရမယ်။ အခုလက်ရှိမှာ အပုဒ် ၆၀၀ ကျော် ဖတ်နိုင်မယ်” ဟု ကိုအောင်ချစ်ခင် က ပြောသည်။

အခမဲ့ ဝင်ရောက်ဖတ်ရှုနိုင်သည့်အထဲတွင် ကလေးငယ်များ ဗဟုသုတ ရနိုင်ရန် ကမ္ဘာ့ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များအကြောင်းကို တင်ပေးထားပြီး အပုဒ် ၅၀ ကျော် ပါဝင်ကြောင်း သိရသည်။

စမ်းသပ်ကာလတွင်မူ အခမဲ့အပြင် မှတ်ပုံတင်ကာ ဝင်ရောက်ရသည့် အခပေးကို စမ်းသပ် သုံးစွဲနိုင်ရန်အတွက် မှတ်ပုံတင်နံပါတ် (ကုဒ်နံပါတ်) ပေးထားပြီး ၇ ရက်တာ ဝင်ရောက် သုံးစွဲသွားနိုင်မည် ဖြစ်သည်။

ဝက်ဘ်ဆိုက်၏ ထူးခြားချက်တခုမှာ ပုံနှိပ်တွင် မလုပ်ဆောင်နိုင်သည့် ဆေးရောင်စုံများကို ဆိုက်ပေါ်တွင် အပြည့်အဝ အသုံးပြုထားခြင်း ဖြစ်သည်။

ကာတွန်းများအပြင် ပုံပြင်၊ ကဗျာ၊ ဗဟုသုတရဖွယ်ဆောင်းပါးနှင့် နိပါတ်တော်လာ ဇာတ်လမ်းများကိုလည်း တင်ဆက်ပေးထားပြီး ကျောင်းသင်ခန်းစာ အထောက်အကူပြု လေ့လာစရာများနှင့် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်စေဖို့ နားထောင်နိုင်သည့် အသံဖိုင်များကိုလည်း အတန်းစဉ်အလိုက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဝက်ဘ်ဆိုက်တွင် ကာတွန်းဇာတ်လမ်းပေါင်း ၆၀၀ ကျော်ကို စာမျက်နှာ ၅,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကာတွန်းသစ်များကို အပါတ်စဉ် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုတက် ဆိုက်တွင် ကလေးသူငယ်များ အတုခိုးမှားစေမည့် အကြောင်းအရာများကို တင်ဆက်ခြင်း မပြုရန် ကန့်သတ်ထားကြောင်း သိရသည်။

“ကလေးတွေအတွက် အဆိပ်အတောက် ဖြစ်စေမယ့်ဟာမျိုးကိုတော့ လုံးဝ ပိတ်ထားတယ်။ ဥပမာ ဇာတ်ကောင်က အရက်မူးနေသူမျိုးတို့ပေါ့။ အဲဒါမျိုးတွေတော့ မရေးဖို့ တားမြစ်ထားတယ်” ဟု ကိုအောင်ချစ်ခင် က ရှင်းပြသည်။

ဇာတ်တော်ကြီးဆယ်ဘွဲ့နှင့် ဗုဒ္ဓဝင်နိပါတ်တော်တို့ကို ကလေးသူငယ်များ စိတ်ဝင်တစားရှိစေရန် ကာတွန်း ဇာတ်ကောင်များဖြင့် စီစဉ်တင်ဆက်သွားမည်ဟု ဆိုသည်။

“ဗုဒ္ဓဝင်ကို ပန်းချီလိုင်းပုံစံ မဟုတ်ဘဲ၊ ကာတွန်းပုံစံနဲ့ လုပ်သွားမယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ ငယ်ငယ်ကလည်း ကာတွန်းနဲ့မှ ပိုပြီးစိတ်ဝင်စားစေတဲ့အတွက် ကာတွန်းနဲ့ လုပ်သွားမယ်” ဟု ပြောသည်။

ပုတက် ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုလိုပါက www.putet.com.mm ဖြင့် ဝင်ရောက်နိုင်ပြီး မှတ်ပုံတင်ဖြင့် အခကြေးငွေပေးကြည့်ရှုလိုသူများမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့ရှိ စတိုးဆိုင်နှင့် စူပါ မားကတ်များတွင် Member ကတ်များ ဝယ်ယူနိုင်ကြောင်း သိရသည်။ နယ်ပရိသတ်များအနေနှင့် ဘဏ်မှ ငွေလွှဲဖြင့် ဝယ်ယူနိုင်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ် ငွေသွင်း မှာယူနိုင်ကြောင်း သိရသည်။

နောက်ပိုင်းတွင် နိုင်ငံခြားအထိ ကုဒ်နံပါတ် ကတ်များ ရောင်းချပေးခြင်း၊ Online Payment စနစ်လည်း အကောင်အထည်ဖော်သွားမည်ဟု သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates