Monday, August 13, 2012

ပရိသတ်ကို ကျေနပ်မှု မပေးနိုင်ခဲ့တဲ့ တွေ့မရှောင်နဲ့ စိုးလင်းဦးတို့ လက်ဝှေ့ပွဲ

လင်းကိုကိုထက် | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။  ။ ရွှေခါးပတ် ချန်ပီယံ တွေ့မရှောင် (နဂါးမာန်)က တက်သစ်စ ရွှေခါးပတ် ချန်ပီယံ ဒဂုံရွှေအောင်လံ စိုးလင်းဦး (မျိုးဇာနည်)ကို လက်သီးတွဲလုံး၊ တံတောင်၊ ခေါင်းတိုက်ချက်များဖြင့် ထိုးသတ်ခဲ့သော်လည်း အလဲမထိုးနိုင်ခဲ့၍ ပူးတွဲသရေဖြင့် အဖြေထွက်ခဲ့ပြီး ပရိသတ်ကို အားမလို အားမရ ဖြစ်စေခဲ့သည်။

၂၀၁၁ ခုနှစ်၊ မေလ ၁ ရက်နေ့က မြောက်ဥက္ကလာပ မယ်လမုဘုရားအတွင်း သက်ကြီး သဘင်ပညာသည်များ ထောက်ပံ့ကြေး ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည့် ထွန်းထွန်း (ဘောင်းဘီဝါ)နှင့် ရန်ကြီးအောင် (ဘောင်းဘီဖြူ)တို့အား တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

သုံးချီ စိန်ခေါ်ပွဲ နှစ်ပွဲ၊ လေးချီ စိန်ခေါ်ပွဲ လေးပွဲနဲ့ ငါးချီ စိန်ခေါ်ပွဲ နှစ်ပွဲ ယှဉ်ပြိုင်ခဲ့ကြသည့် ဤစိန်ခေါ်ပွဲကို မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်မှ ကျင်းပပြီး ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမတွင် သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်ပေါင်း ၂,၀၀၀ ခန့်
ကြည့်ရှုအားပေးခဲ့ကြသည်။

မြန်မာ့ လက်ဝှေ့သမိုင်းတွင် အမြင့်ဆုံးထိုးသတ်ကြေး ကျပ်သိန်း ၃၀ စီရရှိခဲ့တဲ့ တွေ့မရှောင်နှင့် စိုးလင်းဦး တို့၏ပွဲမှာ ပရိသတ်၏ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့သော်လည်း ပူးတွဲသရေကြောင့် ပရိသတ် စိတ်ပျက်ခဲ့ရသည်။

“ထိုးတာကတော့ တကယ်ထိုးကြတာပါပဲ။ ဒါပေမယ့် နှစ်ယောက် ပူးနေတာတွေ များတော့ အားပေးရတဲ့ ပရိသတ်က အားမလိုအားမရ
ဖြစ်တာပေါ့။ ကျနော်တို့မှာ လက်မှတ်တစောင်အတွက်
တသောင်းတောင် ပေးထားရတာလေ။ အဲဒီတော့ ရှုံးတာပဲဖြစ်ဖြစ်၊ နိုင်တာပဲဖြစ်ဖြစ် ထိုးနေတာကိုပဲ ကြည့်ချင်တယ်” လို့ လက်ဝှေ့ပွဲ လာရောက်ကြည့်ရှုသူ ကိုသိန်းဝင်း က ပြောသည်။

တိုက်ဆိုင်စွာပင် အခြား လက်ဝှေ့ပွဲ အားလုံးနီးပါးလည်း ပူးတွဲသရေကျ၍သာ အဆုံးသတ်ခဲ့ရသည်။

ပူးတွဲသရေများကို မျိုးဆက်သစ်လူငယ် သုံးချီပွဲစဉ်မှ ဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် ခင်ဝင်း (၀ါဆို)၊ ဒုတိယမြောက် အထူး သုံးချီစိန်ခေါ်ပွဲမှ ခွန်ကျော်ဆွေ (သထုံ) စောတင်းပုတ် အမည်ရ အင်္ဂလန်နိုင်ငံသား ရှောင် Sean ၊ အထူး လေးချီ စိန်ခေါ်ပွဲ ဖြစ်သည့် ရွှေခါးပတ်ချန်ပီယံ စောအယ်လေး (T&T)နှင့် ရန်တိုင်းကျော် (၀ါဆို)၊ ကြယ်လေး (ရွှေဖူး)နှင့် သိန်းညီညီ (အလင်းရောင်)၊ ငါးချီ စိန်ခေါ်ပွဲတပွဲမှ လေးညှို့ရှင် (သာစည်)နှင့် ရဲတံခွန် (အလင်းရောင်) တို့က ရရှိခဲ့သည်။

စောသဲမင်း (မိုးသောက်ကြယ်)နှင့် ကျော်ခေါက် (ဒေါင်းမြန်မာ)တို့၏ လေးချီစိန်ခေါ်ပွဲမှာမူ စောသဲမင်း အနိုင်ရရှိခဲ့
သည်။

ပြိုင်ပွဲအတွက် စုစုပေါင်း ထိုးသတ်ကြေး ကျပ် ၁၂၈ သိန်း ရရှိခဲ့ပြီး ၀င်ကြေး လက်မှတ်များကိုလည်း ကျပ် ၁၂,၀၀၀၊ ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၇,၀၀၀ ဟူ၍ သတ်မှတ်ရောင်းချခဲ့ပြီး လက်မှတ်ပေါင်း ၁,၅၀၀ ခန့် ရောင်းနိုင်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates