မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။
ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို အမည်ပြောင်းပြီး နအဖ စစ်အစိုးရမှ ကျင်းပမည့် ရွေးကောက်ပွဲ အသစ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရေး အတွက် လာမည့် သီတင်းပတ်အတွင်း ထိပ်သီး အစည်းအဝေး တရပ် ခေါ်ယူ ကျင်းပသွားမည် ဖြစ်သည်။
စစ်အစိုးရ၏ နိုင်ငံရေး လမ်းပြမြေပုံ ၇ ဆင့်အတိုင်း ဆက်လက် လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ အသစ်တွင် အကြီးဆုံးသော ကချင် အဖွဲ့အစည်းအနေဖြင့် ပါဝင် ယှဉ်ပြိုင်ရေး အတွက် အဖွဲ့အစည်း အမည်ပြောင်းရန် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လိုင်ဇာရှိ ဌာနချုပ်၌ ကေအိုင်အို၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် စစ်ဘက် ခေါင်းဆောင်များအကြား ဆွေးနွေးမည် ဖြစ်သည်။
“ဒီအစည်းအဝေးကို ကျနော်လည်း သွားမှာဖြစ်တယ်။ ဘာမှ မစခင်မှာတော့ ကျနော့် အနေနဲ့က ဘာမှ ပြောလို့ မရပါဘူး။ ဒီဟာက တဦးတယောက်နဲ့ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ ဗဟိုမှာ အားလုံး စုပေါင်းပြီး ဆုံးဖြတ်မှာ ဖြစ်တယ်” ဟု ကေအိုင်အို ပြောရေးဆိုခွင့် ရှိသူ ဂျိမ်းစ်လွန်းဒေါင် က မဇ္ဈိမကို ပြောသည်။
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကေအိုင်အို၏ လက်အောက်ခံ စစ်တပ်ကို ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဟု ခေါ်သည်။
ကိုယ်ပိုင် အုပ်ချုပ်ရေး အတွက် ၄၆ နှစ်ခန့် အသုံးပြုခဲ့သော အဖွဲ့အစည်း အမည် အပြောင်းအလဲနှင့် ပတ်သက်၍ ကချင်လူထု နှင့် ကေအိုင်အေ စစ်တပ်အတွင်း သဘောထား ကွဲနိုင်သည်ဟု အမည်မဖော်လိုသူ ကေအိုင်အေ ဗိုလ်မှူးတဦးက ပြောသည်။
“ဒီဟာက ညီလာခံ ထောက်ခံပွဲ တက်ပြီးမှ ဒီလိုမျိုးတွေ ဖြစ်လာတာပါ။ ဘယ်လို ဖြစ်လာမလဲ မသိဘူး။ အစည်းအဝေးကို စောင့်ကြည့်ဖို့ပဲ လိုတယ်။ နာမည်ပြောင်းဖို့ ဆိုတာတော့ မလွယ်ဘူး။ အားလုံးကို ပြောဖို့က ခက်တယ်။ ၁၅ ရက်နေ့မှာ သိရမယ်” ဟု သူက ပြောသည်။
လွန်ခဲ့သည့်လက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို အတွင်းရေးမှူး ဒေါတ်တာ တူးဂျာနှင့် ဒုဥက� ဌ ဂေါ်ရီဇော်ဆိုင်းတို့ တက်ရောက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။
“ကချင်လူထုတွေ လက်မခံဘူး ဆိုရင်တော့ ကျနော်တို့ ကေအိုင်အိုလည်း အသိအမှတ် ပြုပေးလို့ မရဘူးပေါ့။ အခြေခံ ဥပဒေ ပေါ်ပြီးမှ ရွေးကောက်ပွဲ ဝင်ရမယ် ဆိုတော့ အဲဒီအချိန်မှ နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်လာမယ် ဆိုတော့ အခုအချိန်မှာတော့ မလုပ်သင့်သေးဘူးလို့ ထင်ပါတယ်” ဟု ကချင် ဗိုလ်မှူးက ပြောသည်။
စစ်အစိုးရသည် လမ်းပြမြေပုံ၏ ပထမအဆင့်နှင့် ဒုတိယအဆင့် ညီလာခံနှင့် အခြေခံ ဥပဒေမူကြမ်း ရေးဆွဲထားပြီး ဖြစ်သော်လည်း ကျန်အဆင့်များနှင့် ပတ်သက်၍ အချိန်ဇယား ထုတ်ပြန်ထားခြင်း မရှိသေးပါ။ ရွေးကောက်ပွဲ ကျင်းပရေးသည် စတုတ္တအဆင့် ဖြစ်သည်။
ကေအိုင်အေ သည် ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ကာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က စတင်၍ စစ်အစိုးရ ဦးဆောင်သည့် အမျိုးသား ညီလာခံတွင် ပါဝင် တက်ရောက်ခဲ့သည်။