Monday, October 8, 2007

နအဖ ညီလာခံ ထောက်ခံပွဲကို ကချင်လူငယ်များ ကန့်ကွက်

ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်သည့် ကေအိုင်အိုကို ဆန့်ကျင်သောအားဖြင့် ကချင် လူငယ်များက ပြီးခဲ့သည့် စနေနေ့က ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ် တနေရာတွင် ဆန္ဒ ထုတ်ဖော်ပွဲ ကျင်းပခဲ့သည်။

နအဖ အမျိုးသား ညီလာခံနှင့် ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ခဲ့သည့် ကေအိုင်အိုကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ် တရပ်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် မိုင်ဂျာယန်နှင့် အခြားဒေသများမှ ကချင်လူငယ် ၂ဝဝ ကျော်က ကေအိုင်အို ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန် မြို့တွင်းရှိ လွယ်ဒေါင်းတောင် အရပ်တွင် စုပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နအဖ အမျိုးသား ညီလာခံကို ဆန့်ကျင်တယ်။ ကျနော်တို့က စည်းလုံး ညီညွတ်မှုကို ရချင်တယ်။ ကျနော်တို့က အခြေအနေကို ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ပြန်လုပ်ဖို့ အစီအစဉ်တွေတော့ အများကြီး ရှိသေးတယ်” ဟု အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ လူငယ်တဦးက ပြောသည်။

အစီအစဉ်သို့ ကချင်လူငယ် ၂ဝဝ ကျော် တက်ရောက်ကာ ‘မိုင်ဂျာယန်ဒေသရှိ ကချင်လူငယ်များ၏ အသံ’ အမည်ရှိ ကျေညာချက်ကို ဖတ်ကြား တင်သွင်းပြီး တက်ရောက်လာသူများက ထောက်ခံကြောင်း ကြွေးကြော်၍ ဆန္ဒ ထုတ်ဖော်ခဲ့သလို အဆိုပါ ကျေညာချက်ထဲတွင် အချက် ၇ ချက်ကို ရေးသား တောင်းဆိုထားကာ လူငယ်ပေါင်း ၁၈ဝ ကျော်က ထောက်ခံလက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။

အချက် ၇ ချက်တွင် ‘စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်၊ တန်းတူ အခွင့်အရေး၊ ကချင်လူမျိုးစုများ အားလုံး အမြန် စည်းလုံး ညီညွတ်မှုရရန် လိုလားသလို၊ နအဖ စစ်အစိုးရ၏ အမျိုးသား ညီလာခံ ကြိုဆို ထောက်ခံမှုကို ဆန့်ကျင်သည့်အပြင် ပါဝင် ထောက်ခံနေသည့် ကချင်လူမျိုးများ အားလုံး ထောက်ခံမှုကို မလိုလားကြောင်းနှင့် အမျိုးသား ညီလာခံကို ကြိုဆို ထောက်ခံခြင်းအားဖြင့် ကမ္ဘာ့အမြင်၊ အများအမြင်တွင် ကျရှုံးသွားသည့် ဂုဏ်သိက္ခာကို ပြန်လည် ရုတ်သိမ်းရန်နှင့် အများ၏ ယုံကြည်မှုရရေး ပြုလုပ်ရန် အချိန်ဖြစ်သည်’ဟု ရေးသားထားသည်။

သည့်အတွက် ‘ကေအိုင်အို တည်မြဲရေးနှင့် ကေအိုင်အိုများ၊ ကချင်လူမျိုးများ ကျရှုံးခဲ့ရသည့် ဂုဏ်သိက္ခာကို ပြန်လည် မြှောက်ထူနိုင်ရန် ကချင် ဗဟိုကော်မတီမှ အမြန်ဆုံး အဖြေတခု ထုတ်ပြန် ရှင်းလင်းရန်နှင့် ရှေ့ဆက် ပြုလုပ်သွားမည့် အစီအစဉ်များကို လိုလားကြပါသည်’ ဟု ရေးသားထားသည်။

သည့်အပြင် ‘နအဖ ကို ကုလသမဂ္ဂမှ အမြန်ဆုံး အရေးယူပေးရန်နှင့် နိုင်ငံရေး အကျဉ်းသား နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူ၊ ကျောင်းသား ကျောင်းသူများနှင့် သံဃာတော်များကို အမြန်ဆုံး လွှတ်ပေးရန် လိုလားသည်ဟု ဆိုကာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် နေထိုင်သည့် ပြည်သူများ အားလုံးမှ နအဖ ကို ဆန့်ကျင်ရန် အနူးအညွတ် နှိုးဆော်အပ်သည်’ ဟု ဆိုထားကြောင်း ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်သူ တဦးက ပြောသည်။

“ကျနော်တို့ ကချင် လူငယ်တွေကလည်း အခု ဖြစ်ပျက်နေတာတွေကို မလိုလားဘူး။ အခု နိုင်ငံရေးကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံနေရတာတွေကိုရော မလိုလားဘူး။ နောက်ပြီး သူတို့နဲ့အတူ စိတ်တူကိုယ်တူ လုပ်နေကြောင်း အထိမ်းအမှတ် တခုပါ။ အခုလုပ်တာဟာ အောင်မြင်တယ်လို့ ယူဆပါတယ်။ အားလုံးက စည်းလုံး ညီညွတ်တယ်၊ စိတ်တက်ကြွကြတယ်။ အခု ဖော်ထုတ်တာဟာ သူတို့ရဲ့ ရင်ထဲကနေ ထွက်လာတဲ့ အသံတွေ ဖြစ်တယ်” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောသည်။

ထို့အပြင် ကချင်လူငယ်များ အားလုံး စည်းလုံး ညီညွတ်မှု ရရှိသည့်အပြင် မြန်မာပြည်တွင်း၌ ယခုလို ကြွေးကြော်သံများ ထုတ်ပြန်လိုက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ လူငယ်များ ရည်မှန်းထားသည့်အတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သဖြင့် သတ္တိရှိရှိ ဆန္ဒထုတ်ပြန်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုလ ၃ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လူငယ် ကိုယ်စားလှယ် ၂၆ ဦးနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်များ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ရာတွင် လူငယ်များက ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ညီလာခံ ထောက်ခံပွဲသို့ ကေအိုင်အို တက်ရောက်ခြင်း အတွက် ဆုံးရှုံးခဲ့သည့် နိုင်ငံရေးကို မည်ကဲ့သို့ ပြန်လည် ရရန်နှင့် ကချင်တိုင်းရင်းသားများကို မည်သို့မည်ပုံ ပြန်လည်စည်းရုံးကာ ရှေ့ဆက်၍ လုပ်ဆောင်သွားမည့် လုပ်ငန်းရပ်များကို ဆွေးနွေး ပြောဆိုရာတွင် ကေအိုင်အို ခေါင်းဆောင်များက တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့သေးကြောင်းလည်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates