Monday, May 5, 2008

ဒေးဒရဲလမ်းဘေးတွင် လူသေအလောင်းများ တွေ့ခဲ့ရဟု မျက်မြင်သက်သေပြော

မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 15:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းကြောင့် ဒေးဒရဲမြို့တွင်း လူအသေအပျောက် မြောက်များစွာ ရှိနေပြီး လူသေ အလောင်းများကို လမ်းဘေးတွင်ပင် မြင်တွေ့ခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသူတဦးက ပြောကြားရာတွင် ရန်ကုန်မှ မိုင် ၄၀ ခန့်ဝေးသော ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့ကို ဖြတ်သန်းသွားသော အဝေးပြေး လမ်းမဘေးးတွင် လူသေအလောင်းများ၊ တိရိစ္ဆာန် အလောင်းများ တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

လူအသေအပျောက်နှင့် ပတ်သက်၍ အရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း ရာဂဏန်းအထိ ရှိနိုင်သည်ဟု ပြောသည်။

အစိုးရက ထုတ်ပြန်သော စာရင်းဇယားများတွင် ဒေးဒရဲမြို့၏ ပျက်စီးအဆုံးအရှုံး အသေအပျောက်နှင့် ပတ်သက်၍ ထည့်သွင်း ကြေညာခြင်း မရှိပေ။

ဧရာဝတီတိုင်းတွင်း တယ်လီဖုံး ပြတ်တောက်မှုဖြစ်ရာ ဒေသတွင်းမှ ဖြတ်သန်းလာသူများ၏ ပြန်ပြောစကားကိုသာ စီစစ်နေရသည်။

ရန်ကုန်တဘက်ကမ်း ဒလမြို့တွင်လည်း မြို့လုံးကျွတ်နီးပါး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိသည်။ ထို့အပြင် သောက်ရေ ပြတ်တောက်မှုကို ဆိုးဆိုးဝါးဝါး ခံနေရသည်။

တခုတည်းသော ဆက်သွယ်ရေး ဖြစ်သည့် ရန်ကုန်နှင့် ဒလမြို့သို့ ကူးခတ်နေသည့် သမ္ဗာန်များ၏ ၉၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်။

အစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် အနည်းဆုံး လူပေါင်း ၃၅၁ ယောက် သေဆုံးရာတွင် ဟိုင်းကြီးကျွန်းသည် ၁၀၉ ယောက် သေဆုံးပြီး အဆိုးဝါးဆုံး ဖြစ်သည်ဟု ဆိုသည်။ အနည်ဆုံး အိမ်ခြေ ၂၀၀၀၀ ပျက်စီးပြီး လူ ၉၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ပါရှိသည်။

အစဉ်အမြဲ သတင်းအမှောင်ချ လျှို့ဝှက်လေ့ရှိသည့် မြန်မာ စစ်အစိုးရကြောင့် စောင့်ကြည့် လေ့လာသူများက အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အစိုးရ ထုတ်ပြန်ချက်ထက် များနိုင်သည်ဟု ပြောသည်။

စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အပျက်အစီးများသည့် မြို့များတွင် မော်လမြိုင်ကျွန်း ပါဝင်နိုင်သည်ဟု ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ရန်ကုန်ပင်လယ်ဝတွင် ရပ်နားထားသော စစ်သင်္ဘောတစီး မြုပ်သွားခဲ့ပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းတွင် ငါးတင် သင်္ဘောတစီး နှစ်မြုပ်သွားသည်။

ရန်ကုန်တွင်တော့ ရေပြတ်တောက်မှုကို ကြုံတွေ့နေရသဖြင့် အင်းယားကန်၊ ကန်တော်ကြီးများတွင် ဆယ်ဘီးကားများ၊ ထရပ်ကားများဖြင့် လာရောက် ရေသယ်၊ ရေချိုး ပြုလုပ်နေကြသည်။

အနော်ရထာ လမ်းမကြီးတွင် စည်ပင်သာယာမှ ရေကားများက ရေဝေမှု ပြုလုပ်နေရာ ရေပုံး၊ ရေခွက် အရွယ်စုံဖြင့် ရေလာယူသူ လူတန်းရှည်ကြီးများ ဖြစ်ပေါ်လျှက် ရှိသည်။

တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့များတွင် ဂျိုးဖြူပိုက်ကို ဖောက်၍ သောက်သုံးရေ ရရှိရန် ကြိုးစားမှုများ ရှိခဲ့သည်။ မီးသတ် ပိုက်ခေါင်းများကို ဖွင့်၍ ရေဝေသုံးစွဲမှုများ သာကေတမြို့နယ်တွင် တွေ့ရသည်။

လုယက်မှုများ ဖြစ်နိုင်သည် ဆိုသော စိုးရိမ်ချက်များကား ဒေသခံများတွင် ဖြစ်ပေါ်လျှက် ရှိသည်။

အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ လောင်စာဆီ ပြတ်တောက်မှု အနည်းငယ် လျော့ပါးသွားသည်။ သို့သော် နှစ်မိုင်ခန့်ပင် ရှည်လျားသော ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းကြီးများကို ဆီဆိုင်တိုင်းလိုလိုတွင် တွေ့မြင်ရသည်။ မှောင်ခို ဈေးကွက်တွင်တော့ ဈေးတက်ဆဲ ဖြစ်ရာ ဓာတ်ဆီတဂါလံ ၁၂၀၀၀ ကျပ်နှင့် ဒီဇယ်ဆီတဂါလံ ၁၅၀၀၀ ကျပ် ဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များက ည ၁၀ နာရီအထိ ရောင်းချပေးသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။

ကမ္ဘာအေး ဘုရားလမ်း ကဲ့သို့သော လမ်းမကြီးအချို့ ပြန်ပွင့်လာသော်လည်း ယာဉ်လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေသည်။ မြို့ထဲတွင်တော့ မီးစက်သံများတညံညံ ပေါ်ထွက်နေသည်။

အိမ်မိုးသွပ်ဈေးများ ၅၀၀ ရာခိုင်နှုန်း မြင့်တက်သွားပြီး တပေလျှင် ကျပ် ၃၀၀၀ သို့ ရောက်ရှိသွားသည်။ မုန်တိုင်း မတိုက်မီက တပေလျှင် ကျပ် ၆၀၀ သာ ရှိသည်။ သွပ်ရိုက် သံကတော့ တပိသာလျှင် ၃ သောင်းကျပ် ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဒီရေ ၀င်ရောက်ပြီး ရေလျှံနေသည်။ အိမ်တွေယိုင်၊ သစ်ပင်ပြိုလဲမှု အဖြစ်များသည်။

အင်းယားလမ်း ပိတ်ထားဆဲ ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တကသိုလ်ရိပ်သာ လမ်းတလျှေက် သစ်ပင်ပြိုလဲမှု များသည်။ စစ်အစိုးရက အပျက်အစီးများ လုံးဝ ဖယ်ရှားခြင်း မပြုသေးပေ။ မုန်တိုင်း မကျမီလေးကမှ ဒေါ်စုအိမ်အနီး လုံခြုံရေး အတားအဆီးများ တိုးမြှင့်ခဲ့သေးသည်။

သို့သော် အပင်များ လဲပြိုသွားပြီဖြစ်သဖြင့် ဒေါ်စုနေအိမ်ကို ယခုအခါတွင် အင်ယားကန်ဘောင်မှပင် လမ်းမြင်နေရပြီ ဖြစ်သည်။ ဒေါ်စုနေအိမ် ပျက်စီးမှု ရှိ မရှိကို မဇ္ဈိမအနေဖြင့် စုံစမ်း မရသေးပါ။

ရန်ကုန်လေဆိပ် ပြန်လည် ဖွင့်လှစ်ပြီးနောက် ခရီးသည်များ တင်ဆောင်ထားသော ပြည်ပ လေယာဉ်များ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်သည်။



ဆန္ဒခံယူပွဲရက် အပြောင်းအလဲ


မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 13:06 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲကို မေလ (၁၀) ရက်နေ့တွင် စနေနေ့တွင် ပုံမှန်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အစိုရပိုင် မီဒီယာက ယနေ့ ကြေညာလိုက်သည်။

ဆန္ဒခံယူပွဲကျင်းပရန် ရက်ပိုင်းသာလိုပြီး ပြည်သူများလည်း မဲပေးရန်ဆန္ဒ ပြင်းပြနေသည်ဟုလည်း အစိုးရ၏ ကြေညာချက်က ဆိုသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကားသော သတင်းအရ ဧရာဝတီတိုင်းသည် မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသည်ဟု ဆိုသည်။ ဧရာဝတီတိုင်း လပွတ္တမြို့နယ်တွင် ၇၅ ရာခိုင်နှုန်း ပျက်စီးခဲ့သည်ဟု အစိုးရ သတင်းက ထုတ်ပြန်ထားသည်။

ကုလသမဂကလည်း မြန်မာပြည်သို့ အဖွဲ့တဖွဲ့ စေလွှတ်ရန် ရှိနေသည်။ ရန်ကုန်တွင် သောက်ရေပြတ်လတ်မှု ကြုံနေရသည်ဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ သတင်းရပ်ကွက်ကို ကိုးကား၍ အေပီသတင်းတပုဒ်က


အင်တာနက် အနည်းဆုံး ၂ ရက်


မဇ္ဈိမသတင်းဌာန
Monday, 05 May 2008 12:30 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းကြောင့် စက်ပစည်းများအတွင်းသို့ ရေ၀င်ကာ ပျက်စီး ဆုံးရှုံးခဲ့သဖြင့် အနည်းဆုံး နောက် ၂ ရက်ခန့်အထိ အင်တာနက် ပြတ်တောက်နေဦးမည် ဖြစ်သည်ဟု တာဝန်ရှိသူများ အပြောအရ သိရသည်။

"စက်ပစ္စည်းတွေက ရေတွေ ၀င်နေတာတွေကို အခုမှ လုပ်နေရတာ။ ဘယ်လောက် အထိပျက်သွားပြီး ဘယ်လောက် ကြာမယ်ဆိုတာကတော့ ညနေလောက်မှ သိရလိမ့်မယ်။ လုံးဝ ပြန်ကောင်းဖို့ကတော့ ၂ ရက် ၃ရက်လောက် ကြာအုံးမယ်" ဟု အမည်မဖော်လိုသူ ကမာအေးဘုရားလမ်းရှိ မြန်မာ့စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေးရုံး အရာထမ်းတဦးက ပြောသည်။

သတင်းစီးဆင်းမှု ထိန်းချုပ်လိုမှုနှင့် အခြေခံ အဆောက်အဦများ ညံ့ဖျင်းမှုကြောင့် ယခင်ကတည်းက ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည့် မြန်မာပြည်၏ အင်တာနက်မှာ စနေနေ့ နံနက်လင်းအားကြီးချိန် ကတည်းက လုံးဝ ပြတ်တောက်သွားခဲ့သည်။

အခြား အင်တာနက် ၀န်ဆောင်မှုပေးသော ပုံဂံ တယ်လီပေါ့တ် တဖြစ်လဲ မြန်မာတယ်လီပေါ့တ် အဆောက်အဦးတွင်လည်း ပျက်စီးမှု ရှိသည်ဟု ဒေသခံများ အပြောအရ သိရသည်။

သတင်းများ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။



ကြံ့ဖွံ့အတွင်းရေးမှူး အပါအ၀င် လုပ်ကြံသတ်ဖြတ်ခံရ

မဇ္ဈိမသတင်းဌာန
Sunday, 04 May 2008 19:32 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ငယ်တဦး အပါအ၀င် အခြေခံဥပဒေ ထောက်ခံမဲ ပေးရန် လိုက်လံ စည်းရုံးနေသူ လူ ၃ ဦးကို သေနတ်သမားများက လုပ်ကြံသတ်ဖြတ်မှု ယနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးနှင့် အမျိုးသား ညီလာခံ ကိုယ်စားလှယ် ဦးကျော်မြင့်၊ လျှပ်စစ်ဌာနမှ ဦးကျော်စိန်၊ မြေစာရင်းဌာနမှ ဦးတင်အောင်တို့က စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နောင်ခံကျေးရွာတွင် ဟောပြောပွဲ ပြုလုပ်နေစဉ် လူ ၃ ယောက်က ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဒေသတွင်းမှ လာသော သတင်းများအရ သိရသည်။

ဦးကျော်မြင့်သည် မေးစေ့နှင့် ရင်အုံများတွင် သေနတ်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဦးကျော်စိန်နှင့် ဦးတင်အောင်တို့ကတော့ ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရသွားသည်။ ဒဏ်ရာရသူများမှာ နမ့်ခမ်းဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသလျှက် ရှိသည်။

ရှမ်းပြည်နယ်အတွင်း ကြံ့ဖွံ့အတွင်းရေးမှုးများ လုပ်ကြံ သတ်ဖြတ်ခံရမှု ၂ ကြိမ်ရှိသွားပြီ ဖြစ်သည်။

ဧပြီ ၉ ရက်နေ့က အခြေခံ ဥပဒေမူကြမ်းကို ထောက်ခံမဲပေးရန် စည်းရုံးနေသည့် မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှုးကို လူ ၃ ဦးက သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်တော့ ထောက်ခံမဲ တောင်းနေသည့် ကြံ့ဖွံ့နှင့် မခံရပ်နိုင်သူ အရပ်သားတဦးတို့ ဓားထိုးမှု ဧပြီ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ကြံ့ဖွံ့စည်းရုံးရေးမှူး ထွန်းသိန်း အသက် ၂၆ နှစ်ကို အသက် ၁၉ နှစ်အရွယ် ကိုထွန်းလင်းက ဓားနှင့် ထိုးလိုက်သည်။ ကိုထွန်းသိမ်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထဲဝင်ပြီး အခြေခံဥပဒေကို ထောက်ခံမဲပေးရန် အတင်းကာရော စည်းရုံးနေ၍ အခင်း ဖြစ်ပွားရသည်ဟု ဒေသခံများက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates