Thursday, May 1, 2008

ဖွဲ့စည်းပုံကို ၈ဝ ရာခိုင်နှုန်းကျော်က ကန့်ကွက်ဟု အွန်လိုင်းစစ်တမ်းတွင် ဖော်ပြ

ဖနိဒါ
Wednesday, 30 April 2008 19:34 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ အခြေခံဥပဒေ (မူကြမ်း) အပေါ် ဆန္ဒသဘောထား ရယူရန် မဇ္ဈိမက အွန်လိုင်း စစ်တမ်းတရပ် ကောက်ယူရာတွင် မဲပေးသူ ၈ဝ ရာခိုင်နှုန်းကျော်က ကန့်ကွက်မဲ ထည့်ဝင်ခဲ့ကြသည်။

မဇ္ဈိမသတင်းဌာန မြန်မာ ဝဘ်ဆိုဒ် စာမျက်နှာပေါ်တွင် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ယနေ့ နေ့လယ်ပိုင်းအထိ စစ်တမ်းတရပ် ကောက်ယူလာရာ ဆန္ဒပြုသူပေါင်း ၆ဝ၂၈ ဦးအနက် နအဖ ဥပဒေမူကြမ်းကို ကန့်ကွက်သူ ၅ဝ၃၄ ဦး (၈၃ ဒဿမ ၆ ရာခိုင်နှုန်း) ရှိပြီး ထောက်ခံသူ ၅၈၄ ဦး (၉ ဒဿမ ၇ ရာခိုင်နှုန်း) သာ ရှိသည်။ သဘောထားမပေးသူ ၄ဝ၃ ဦး (၆ ဒဿမ ၇ ရာခိုင်နှုန်း) ရှိသည်။

ကွန်ပြူတာ တခုတည်းကိုသာအသုံးပြုလျှင် ဆန္ဒပြသူသည် တနေ့လျှင် တခါသာ ဆန္ဒပြုခွင့်ရှိသည့် အွန်လိုင်း စစ်တမ်းကို ဖြေဆိုခဲ့သူ အများစုမှာ ပြည်ပတွင် နေထိုင်သူများ ဖြစ်သည်။

“သင့် သဘောထားအမြင်” ဟူသည့် ကဏ္ဍ၌

(၁) အခြေခံဥပဒေ မူကြမ်းကို ထောက်ခံ၊ ကန့်ကွက်၊ သဘောထား မပေးခြင်း၊
(၂) မူကြမ်းကို ကောင်းစွာ နားလည်၊ အနည်းငယ် နားလည်၊ လုံးဝ နားမလည်ခြင်း နှင့်
(၃) မူကြမ်းနှင့် ပတ်သက်၍ သိချင်၊ စိတ်မဝင်စား
စသည့် အချက်များတွင် ဝဘ်ဆိုဒ် တက်ကြည့်သူများက မိမိ နှစ်သက်ရာကို မဲပေးခြင်းဖြင့် စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်တမ်းအရ အခြေခံ မူကြမ်းနှင့် ပတ်သက်၍ ကောင်းစွာ နားလည်သူ နည်းပါးနေဆဲ ဖြစ်ပြီး ထက်ဝက်ခန့်က လုံးဝ နားမလည်ပါဟု ဆိုသည်။

ကောင်းစွာ နားလည်သူ ၁၁၁၄ ဦး (၂၇ ဒဿမ ၉ ရာခိုင်နှုန်း)၊ အနည်းငယ် နားလည်သူ ၉၂၈ ဦး (၂၃ ဒဿမ ၂ ရာခိုင်နှုန်း) နှင့် လုံးဝ နားမလည်သူ ၁၉၅၅ ဦး (၄၈ ဒဿမ ၉ ရာခိုင်နှုန်း) ရှိသည်။

ထူးခြားသည်ကတော့ အခြေခံဥပဒေ မူကြမ်းနှင့် ပတ်သက်၍ သိလိုသူနှင့် စိတ်မဝင်စားသူ အချိုးအစား တူညီနီးပါး ဖြစ်နေသည်။

အခြေခံ မူကြမ်းနှင့် ပတ်သက်၍ သိချင်သူ ၁၆၈၇ ဦး (၄၁ ဒဿမ ၃ ရာခိုင်နှုန်း)၊ စိတ်မဝင်စားသူ ၂၃၉၇ ဦး (၅၈ ဒဿမ ၇ ရာခိုင်နှုန်း) ရှိသည်ဟု ဆန္ဒသဘောထား ပေးခဲ့ကြသည်။

မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်ကို ဖတ်ရှုသူများအနက် စင်္ကာပူ၊ အမေရိကန်၊ ထိုင်း၊ မလေးရှား တို့က အစဉ်လိုက် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ တက်ရောက်ဖတ်ရှုသူ အရေအတွက်က ပဉ္စမလိုက်သည်။

အွန်လိုင်းစစ်တမ်းနှင့် တယ်လီဖုန်းဖြင့် ပြုလုပ်သော မြန်မာပြည်တွင်းရှိ လူများထံမှ ဆန္ဒကောက်ယူမှုသည် ကွာခြားမှုများ ရှိသည်။ အစောပိုင်းက ကောက်ခံခဲ့သော တယ်လီဖုန်းမှတဆင့် ပြည်တွင်း ဆန္ဒပြုသူများက ထောက်ခံရမလား၊ ကန့်ကွက်ရမလား မဆုံးဖြတ်နိုင်သေးဘဲ ရှိနေသည်။

ထို့အပြင် မဇ္ဈိမပြည်တွင်း သတင်းထောက်များက ပြုလုပ်သော လူတွေ့မေးမြန်းမှုများကလည်း အများစုမှာ မဲထည့်ခွင့် ရှိသူများ မဆုံးဖြတ်နိုင်သေးဘဲ ရှိနေကြောင်း ဖော်ပြကြသည်။

survey1.jpg

survey2.jpg

survey3.jpg



ဒီပဲယင်းလွှတ်တော်အမတ် ဖမ်းဆီးခံရ

မောင်ဒီး
Wednesday, 30 April 2008 19:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ် မှတ်တမ်း ဗီဒီယိုခွေများကို လက်ဝယ် ထားရှိသဖြင့် ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဒေသ အာဏာပိုင်များက ပြီးခဲ့သည့် တနင်္လာနေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ်သို့ ဒေသ အာဏာပိုင်များက ဝင်ရောက်ရှာဖွေပြီး NLD ပါတီ စည်းရုံးရေးခရီးစဉ် မှတ်တမ်း ဗီဒီယိုခွေများကို သိမ်းဆည်းလိုက်သလို၊ လူကိုပါ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“တနင်္လာနေ့ ညနေပိုင်းမှာ လာဖမ်းသွားတာ။ ဒီနေ့ ဗီဒီယို အက်ဥပဒေနဲ့ စီရင်ချက်ချမယ်လိုလို ပြောနေကြတယ်” ဟု NLD ပြောခွင့်ရ ဦးဟံသာမြင့်က ပြောသည်။

သူက “ပါတီအနေနဲ့ ထုတ်တယ်ဆိုပေမယ့် တချို့ဟာတွေက ထုတ်ဝေခွင့်မရှိဘဲ ထုတ်ထားတာတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်တို့ အနေနဲ့ကတော့ ပါတီအနေနဲ့ ထုတ်တာ။ သို့သော် ဒါတွေက ဗီဒီယို အက်ဥပဒေနဲ့ ငြိတယ်လို့ သူတို့က ယူဆမှာပေါ့။ ကျနော်တို့က မယူဆလို့ လုပ်တာပေါ့” ဟု ဆက်ပြောသည်။

ဦးဝင်းမြင့်အောင်သည် ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုကြီး မတိုင်မီ ၁ လအလိုကလည်း အာဏာပိုင်များ၏ ဖမ်ဆီးခြင်းခံရပြီး ၁ နှစ်ကြာ ထိန်းသိမ်းထားရာမှ ပြန်လွတ်လာသူလည်း ဖြစ်သည်။

ယခုအခါ သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ NLD ပါတီအသိုင်းအဝိုင်းက မသိသေးပါ။



ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ရုံးမထုတ်ဘဲ ရမန်ယူ

ဖနိဒါ
Wednesday, 30 April 2008 19:44 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်ကို ယနေ့တွင် ရုံးမထုတ်ဘဲ ရမန် ယူလိုက်သည်။

ပြီးခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင် ခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း ရှောင်တိမ်းနေရာမှ ယခုနှစ် မတ်လ ၁၆ ရက်တွင် သူတို့နှစ်ဦးအား အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပုဒ်မ ၅ဝ၅ (လူထုဆူပူစေရန် လှုံ့ဆော်မှု) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယခုအခါ တရားစွဲဆိုထားခြင်း ခံနေရသည်။

“ဒီနေ့ အမှု မစစ်ဖြစ်ဘူး။ ခရိုင်ရုံးကို အမှုစွဲတင်မယ်လို့ တရားသူကြီးက ပြောပါတယ်။ ဒီမှာ မစစ်တော့ဘူး။ ခရိုင်ရုံးမှာ ဒီထက်ပိုပြီးတော့ စီရင်ပိုင်ခွင့် ပိုမြင့်တဲ့၊ ဒီထက်ပိုပြီး၊ ပြစ်ဒဏ် ပိုပြီးတော့ ပေးနိုင်တဲ့ တရားရုံးမယ်လို့ ပြောပါတယ်” ဟု အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်ကို ဗကသ ခေါင်းဆောင်နှစ်ဦးက ဖတ်ရှုလိုသဖြင့် အကျိုးဆောင် ရှေ့နေများမှတဆင့် တရားသူကြီးများထံ တောင်းဆိုရာတွင် မူကြမ်းစာအုပ် သွင်းခွင့်ရသော်လည်း ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေကို မူရင်း ဥပဒေပြဋ္ဌာန်းချက် စာအုပ် မဟုတ်သည့်အတွက် သွင်းခွင့်မရကြောင်း ကိုဖိုးဖြူက ပြောသည်။

သူက “ကျနော်က ပြောတယ်။ အဲဒီ ဆန္ဒခံယူပွဲ ဥပဒေဆိုတာဟာ သတင်းစာထဲမှာ ကြော်ငြာ ထုတ်ထားတာလည်း မရှိဘူး၊ စာအုပ်အနေနဲ့လည်း ရှေ့နေချုပ်ရုံးကနေပြီးတော့ စာအုပ် ထုတ်ပြန်တာလည်း မရှိဘူး။ အစိုးရပြန်တမ်းမှာ တရားဝင် ထုတ်ပြန်ချက်ပဲ ရှိတယ်။ တရားဝင် ထုတ်ပြန်ချက်ကို တရားဝင် ကြည့်ရှုနိုင်ဖို့အတွက် မိတ္တူကူးယူပြီးတော့ ဥပဒေအရ ဖတ်ရှုခွင့် ရှိတယ်။ လက်ဝယ် ထားရှိခွင့် ရှိတယ်။ သွင်းခွင့်ပြုပါလို့ သီးခြား လျှောက်ထားပါတယ်” ဟု ပြောသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထု လှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗကသ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရာ၌ သူတို့နှစ်ဦးသည် ဦးဆောင်ခဲ့ပြီး စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ခေါင်းဆောင်ခဲ့သူများလည်း ဖြစ်သည်။

ကိုကျော်ကိုကိုသည် စီးပွားရေး တက္ကသိုလ် ဝါနိဇ္ဇဗေဒ မဟာတန်းကျောင်းသားနှင့် ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ဖြစ်သည်။



ဘဏ်ဓားပြများ မိပြီ

မဇ္ဈိမသတင်းဌာန
Wednesday, 30 April 2008 15:35 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း၊ သင်္ဃန်ကျွန်း မြန်မာ့စီးပွားရေးဘဏ် အတွင်းသို့ ၀င်ရောက် လုယက်ပြီး ဘဏ်ဝန်ထမ်းတဦးအား ဓားဖြင့် ထိုးသတ်သွားသူ တရားခံ (၂) ဦးအား ဖမ်းမိလိုက်ပြီ ဖြစ်သည်။

တရာခံများမှာ သင်္ဃန်းကျွန်းတွင် နေထိုင်သူ ဇော်ကြီးနှင့် သန်းထွေးဆိုသူတို့ ဖြစ်ပြီး ယခုလ (၂၅) ရက် (၂၈) ရက်နေ့ တို့တွင် တနေရာစီမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဧပြီလ (၈) ရက်နေ့တွင် ဖြစ်ပွားသော ဘဏ်လုယက်မှုတွင် ဘဏ်မန်နေဂျာ ဦးခင်အေး၊ စာရင်းကိုင် ဦးအေးကြိုင်တို့ ဒဏ်ရာရရှိကာ ကြီးကြပ်ရေးမှူး ဦးစိန်ရွှေမောင်သည် ရင်ညွန့် ဓားဒဏ်ရာဖြင့် သေဆုံးသွားသည်။

မဇ္ဈိမက အစောပိုင်းက ရရှိထားသော သတင်းအရ လုယက်သူများသည် ကျပ်သန်းပေါင်း (၉ဝဝ) ခန့် လုယူ သွားသည်ဟု ဆိုသော်လည်း သတင်းစာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိပါ။

တရားခံများသည် ယခင်ကလည်း လူသတ်မှု၊ ဓားခုတ်မှုတို့ဖြင့် ပြစ်ဒဏ် ကျခံဖူးသူများဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် သင်္ဃန်းကျွန်းမှ တာဝန်ကျရဲများကို ၀တ္တရားနှောင့်ယှက်ကာ ထွက်ပြေးနေသူများ ဖြစ်သည် ဟု သတင်းက ဆိုသည်။

ဇော်ကြီး (ခ) ဇော်ဇော်ထွေး အား မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက် သုနန္ဒာ (၉) လမ်းမ၊ (၁၇၄) နေ အစ်မတော်စပ်သူ ဒေါ်စန်းစန်းမြင့်နေအိမ်မှ (၂၅) ရက်နေ့ည (၁၁) နာရီ ခွဲတွင် ဖမ်းမိပြီး၊ သန်းထွေးအား ဒဂုံမြို့သစ် (တောင်ပိုင်း) ၅၆ ရပ်ကွက် စက်မှုဇုန် (၁) ရှိ ဦးဦး ခေါက်ဆွဲစက်ရုံ၌ ပုန်းခိုနေစဉ် ဧပြီလ (၂၈) ရက်၊ နံနက် (၅) နာရီခွဲတွင် ဖမ်းမိခဲ့သည် ဟု သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဘဏ်လုယက်သူ တရားခံများကို ရက်ပေါင်း (၂၀) အတွင်း ဖမ်းဆီးမိသော်လည်း လွန်ခဲ့သော (၂) လ က ဖြစ်ပွားခဲ့သော ကမာရွတ်မြို့နယ်မှ (၅) လောင်းပြိုင် လူသတ် တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ၊

မတ်လ (၃) ရက်နေ့က ကုန်သည်ကြီး ဦးချာလီ၏ မိသားစု ၄ ဦး နှင့် အိမ်ဖေါ်တဦးကို ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် (၁၂၆) ရှိ နေအိမ်တွင် သေနတ်သမားများက သွေးအေးအေးဖြင့် ပစ်သတ်သွားခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates