Tuesday, April 29, 2008

အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည်

မဇ္ဈိမသတင်းဌာန
Monday, 28 April 2008 17:33 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။

ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။

အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။

ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်ကြောင်းကို တားမြင့် ပိတ်ဆို့မည် ဖြစ်သည်။ နောက်တဖန် ထွက်လာပါက ခရီးသွား လုပ်ငန်းများ၏ ဆက်ကြောင်းကို ပိတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်တွင်သည့် သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပွားစဉ်က သတင်း အချက်အလက်များနှင့် ဓာတ်ပုံများ အင်တာနက်မှတဆင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ပြန့်နှံ့မှု ဖြစ်ခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားလျှင် ပိတ်ဆို့မှုပြုရန် စစ်အစိုးရက ကြိုးစားနေခဲ့သည်။

"ထိုသို့ အဆင့်ဆင့် ပိတ်ဆို့ခြင်းဖြင့် ဘယ်နေရာတွေက သတင်းများ ထွက်ပေါ်နေသည်ကို သိရှိရန်မှာ လွယ်ကူသွားသလို အင်တာနက်အား ပိတ်ဆို့ထားသည် ဟူသော နိုင်ငံတကာ ပြောဆိုမှုမှလည်း လွတ်မြောက်ဖွယ်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်" ဟု စစ်အစိုးရ အင်တာနက် ထိန်းချုပ်ခြင်းကို စောင့်ကြည့် လေ့လာနေသူ ရန်ကုန်ရှိ ကျွမ်းကျင်သူ တဦးက ပြောသည်။

ထို့အပြင် ပိတ်ဆို့ရာတွင် လုံးဝ သုံးမရအောင် ပိတ်ဆို့ခြင်းနှင့် နှေးကွေး လေးလံစွာ သုံးရေရအောင် ဘန်းဝှစ် Bandwidth လျော့ချခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်ဖွယ် ရှိကြောင်းလဲ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ အင်တာနက် ကွန်နက်ရှင်သည် ဆက်လက် နှေးကွေးနေဆဲ ဖြစ်သည်။

စက်တင်ဘာ တော်လှန်ရေးတွင် အင်တာနက် ထွက်ပေါက်ကို အစိုးရမှ ပိတ်ဆို့လိုက်ပြီးနောက် မြန်မာပြည်အတွင်း ခရီးသွားလုပ်ငန်း အပါအ၀င် အခြားသော ဆိုက်ဘာ အခြေပြု စီးပွားရေး လုပ်ငန်းများတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။



စင်္ကာပူ မလေးရှား အဝေးရောက် မဲယူမှု မသမာမှုများရှိနေ

မုံပီး နှင့် မြင့်မောင်
Monday, 28 April 2008 17:25 - မြန်မာစံတော်ချိန်

နယူးဒေလီ - စင်္ကာပူရှိ မြန်မာသံရုံးတွင် ပြုလုပ်သော ဆန္ဒခံယူပွဲအတွက် အဝေးရောက် မဲပေးခြင်းသည် အတုအယောင်သာ ဖြစ်ပြီး နာမည်ထည့်ရုံသာ ဖြစ်နေသည်။

စင်္ကာပူရှိ မြန်မာအလုပ်သမားတဦးက ပြောပြသည်မှာ သံရုံးက ပြုစုထားသော မဲပေးပိုင်ခွင့် ရှိသူစာရင်းတွင် အမည်ပေါင်း ၁ဝဝဝဝ ခန့်သာပါပြီး အမှန်တကယ် စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားပေါင်းမှာ ကျောင်းသားနှင့် အလုပ်သမားစုစုပေါင်း အနည်းဆုံး ၄ဝဝဝဝ ရှိသည်ဟု ဆိုသည်။

“ကျနော်သိသလောက် ပတ်စပို့ စာအုပ်ကိုင်ထားတဲ့သူ၊ တရားဝင် အထာက်အထား စာရွက်စာတမ်း ရှိသူတွေက အနည်းဆုံး ၄ သောင်းလောက် ရှိမယ်၊ ဒါ့ထက် ပိုရင်သာ ပိုမယ်။ သူတို့ အားလုံး မဲပေးခွင့် ရှိတဲ့သူတွေချည်းဘဲ။ ဒါပေမဲ့ မဲစာရင်းမှာ နာမည်စုစုပေါင်း ၁ သောင်းလောက်ဘဲ တွေ့တယ်” ဟု တနင်္ဂနွေနေ့က မဲထည့်ခဲ့သူ မြန်မာ အလုပ်သမားတဦးက ပြောပါသည်။

ထို့ပြင် မဲပေးရန် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများမှာလည်း အလွန်ကြာမြင့်ပြီး မဲပေးရန် သံရုံးသို့ လာရောက်ခဲ့သော်လည်း မစောင့်နိုင်၍ မဲမပေးဘဲ အိမ်ပြန်သွားကြသူလည်း အတော်များသည်ဟု သူက ဆိုလိုက်ပါသည်။

“မဲမပေးခင် သံရုံးရှေ့မှာ ထိုင်စောင့်ရတာကိုက ၃ နာရီလောက် ကြာတယ်ဗျ။ ကိုယ့်အလုပ်နဲ့ ကိုယ်မအားကြတော့ တော်တော်များများက မဲမပေးဘဲ လှည့်ပြန်သွားကြတယ်” ဟု အဆိုပါ အလုပ်သမားက ပြောပါသည်။

အနည်းဆုံး ၆ဝ လောက်ရှိသော သူ့မိတ်ဆွေများမှာ စိတ်ရှည်ရှည်စောင့်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြသည်ဟု သူက ဆက်လက် ပြောကြားသွားပါသည်။ သို့သော် သူ့အနေဖြင့် မဲရလဒ်ကို သံရုံးတွင် ကြေညာမည် မဟုတ်၍ မဲလိမ်ခံရမည်ကို စိုးရိမ်ကြောင်း၊ မဲများကို ထောက်ခံမဲအဖြစ် ပြောင်းလဲပစ်လိုက်မည်ကို စိုးရိမ်ရကြောင်း ပြောဆိုပါသည်။

“ကျနော့် သူငယ်ချင်းတွေ အားလုံးကတော့ ကန့်ကွက်မဲ ထည့်ကြတာဘဲ။ တော်တော်များများက ခုလိုဘဲ ကန့်ကွက်မဲ ထည့်ကြမှာဘဲလို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ မဲရလဒ်က ဒီမှာ ကြေညာမှာ မဟုတ်ဘဲ တခြားမဲတွေနဲ့ အတူတူ မြန်မာပြည်မှာ ကြေညာမှာဆိုတော့ ကျနော်တို့ မဲတွေကို ထောက်ခံမဲအဖြစ် ပြောင်းပစ်လိုက်နိုင်တယ်ဗျ” ဟု ထိုအလုပ်သမားက ပြောဆိုသွားပါသည်။

ထို့ပြင် သူက တနေ့လျှင် လူပေါင်း ၅ဝဝ မျှသာ မဲပေးနိုင်ကြောင်းနှင့် မဲပေးရန် သတ်မှတ်ထားသော နေ့ရက်မှာလည်း စာရင်းထဲ ပါသူအကုန်လုံးပင် မဲပေးရန် မလုံလောက်ကြောင်း ဆက်လက် ပြောကြားသွားခဲ့ပါသည်။

“ကျနော် တွေ့ရသလောက် တနေ့ကို အများဆုံး လူ ၅ဝဝ လောက်ဘဲ မဲပေးနိုင်မှာ။ သူတို့ ကြေညာထားတာက မဲပေးဘို့ရက်က ၅ ရက်ဘဲ ရှိတာဆိုတော့ အများဆုံး လူ ၂၅ဝဝ ကနေ ၃ဝဝဝ လောက်အထိဘဲ မဲပေးနိုင်မှာ” ဟု သူက ဆိုလိုက်ပါသည်။

ဤအကြောင်း မေးမြန်းစုံစမ်းရန် မဇ္ဈိမက စင်္ကာပူရှိ မြန်မာသံရုံးသို့ တယ်လီဖုံးဖြင့် ဆက်သွယ်ခဲ့သော်လည်း သံရုံး တာဝန်ရှိသူများက တယ်လီဖုံး မကိုင်ခဲ့ကြပါ။

ထိုအတောအတွင်း မလေးရှားရှိ မြန်မာ အများအပြား တနင်္ဂနွေနေ့က မြန်မာသံရုံး ရှိရာသို့ မဲပေးရန် သွားရောက်ခဲ့ကြသော်လည်း No စာတန်းပါ တီရှပ်အနီများ ဝတ်ဆင်သွားခဲ့သူများကို မလေးရှား ရဲများက မောင်းထုတ်ခဲ့ကြောင်း သိရပါသည်။

တရားဝင် ပါမစ်ဖြင့် အလုပ်လုပ်ကိုင်နေပြီး ထိုသို့ မောင်းထုတ်ခံခဲ့ရသူ ကွာလာလမ်ပူရှိ မြန်မာ အလုပ်သမားတဦးက မြန်မာသံရုံးက မလေးရှားရဲများကို ခေါ်၍ တီရှပ် ဝတ်ဆင်ထားခဲ့သူများကို မောင်းထုတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေကို ကန့်ကွက်မဲပေး၍ ပယ်ချရန် ထိုသို့ တီရှပ်များဝတ်၍ အများပြည်သူကို လှုံ့ဆော် စည်းရုံး ကင်ပိန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

ပီနန်ပြည်နယ်ရှိ အလုပ်ဌာနမှနေ၍ ကွာလာလမ်ပူသို့ မဲပေးရန် လာရောက်ခဲ့သူ မြန်မာ အလုပ်သမား တဦးက သူနှင့်အတူ သူ့သူငယ်ချင်း အယောက် ၄ဝ သည် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးခဲ့ကြောင်း ပြောကြားသွားပါသည်။

သူ့လိုပင် ပီနန်မှ လာရောက်၍ မဲပေးသူ အယောက် ၁ဝဝ ခန့်သည်လည်း ကန့်ကွက်မဲ ပေးခဲ့ကြသည်ဟု သူက ဆိုလိုက်ပါသည်။

ကွာလာလမ်ပူတွင် ကျောင်းတက်နေပြီး မဲရုံတွင်မဲ ထည့်၍ ပြန်ထွက်လာသူ ကျောင်းသူတဦးကလည်း ကန့်ကွက်မဲ ထည့်ခဲ့ကြောင်း မဇ္ဈိမကို ပြောဆိုသွားပါသည်။

“ကျမကတော့ ကန့်ကွက်မဲ ပေးခဲ့တာဘဲ၊ သူတို့ ဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းက ပြည်သူတွေအတွက် အကျိုးမှ မရှိဘဲ။ တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးကို ပိုခိုင်မာအောင် လုပ်ထားတာဘဲ ရှိတယ်” ဟု သူမက ပြောကြားသွားပါသည်။

ဤသို့ သူမနှင့် သူမ၏ သူငယ်ချင်းများ ကန့်ကွက်မဲ ထည့်ခဲ့ကြသော်လည်း စစ်အစိုးရက မဲလိမ်ပြီး မဲများကို ပြောင်းလဲ ပစ်လိုက်မည်ကိုမူ စိုးရိမ်ကြောင်း၊ မဲစာရင်းကို သံရုံးတွင် ကြေညာမည် မဟုတ်၍ ထိုသို့ စိုးရိမ်ပူပန်ရခြင်း ဖြစ်ကြောင်း သူမက ထုတ်ဖေါ် ပြောကြားသွားပါသည်။

မဲပုံးများကို အထက်ဆင့် တာဝန်ရှိသူများမှတဆင့် နေပြည်တော်အထိ အရောက်ပို့ရန် စစ်အစိုးရက မဲရုံတာဝန် ရှိသူ မဲရုံအရာရှိများကို ညွှန်ကြားထားကြောင်း မြန်မာပြည်တွင်းရှိ သတင်းရပ်ကွက်များ၏ အဆိုအရ သိရပါသည်။ နေပြည်တော်ရောက်မှသာ တနိုင်ငံလုံးမှ မဲပြားများ အားလုံးကို ရေတွက်၍ ရလဒ်ကို ကြေညာမည် ဖြစ်သည်။

မဲရုံနှင့်မဲပြား

သံရုံးရှိမဲရုံတွင် တနင်္ဂနွေနေ့က မဲထည့်ပြီး ပြန်ထွက်လာသော မြန်မာ အမျိုးသမီးတဦးက သံရုံးအတွင်းတွင် မဲရုံလေး သီးသန့် လုပ်ထားကြောင်း၊ ထိုနေရာတွင် မဲပေးသူများက လျှို့ဝှက်စွာ မဲပေးနိုင်ကြောင်း၊ ထို့နောက်မှ မဲပုံးရှိရာသို့ သွား၍ မဲထည့်ရကြောင်း မဇ္ဈိမသို့ ပြောပြသွားပါသည်။

“ကျမရောက်တော့ ဆန္ဒမဲလက်မှတ် ထုတ်ပေးတယ်လေ။ ပြီးတော့ သီးသန့် လုပ်ထားတဲ့ အခန်းလေးထဲသွားပြီး ဆန္ဒပြုရတယ်။ ပြီးတော့မှ မဲပုံးထဲ ထည့်ခဲ့ရတယ်” ဟု သူမက ပြောပြသွားပါသည်။

ဆန္ဒမဲလက်မှတ်ပေါ်တွင် မဲရုံ၏ ဆီးလ်တံဆိပ်ပါ၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံပါသည်၊ မထောက်ခံပါ ” ဟု ရေးသားထားပြီး အောက်တွင် ထောက်ခံအတွက် အမှန်ခြစ်ခြစ်၍ ကန့်ကွက်အတွက် ကြက်ခြေခတ်ရကြောင်း ပြောပြပါသည်။



ဗန်းမော်မှာ ကြိုတင် ထောက်ခံမဲ ပေးခိုင်းနေပြ

မျိုးကြီး
Monday, 28 April 2008 12:44 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ် ရပ်ကွက်များတွင် ရပ်ကွက် အာဏာပိုင်များက သက်ကြီးရွယ်အိုများနှင့် မှတ်ပုံတင် မရှိသူများအား ယမန်နေ့က ရယက ရုံးသို့ ခေါ်ယူကာ ထောက်ခံမဲများ ပေးခိုင်းနေပြီ ဖြစ်သည်။

ဧပြီလ ၂၇ ရက်နေ့က ဗန်းမော်မြို့ မြေနုရပ်ကွက် အာဏာပိုင်များက ကြိုတင်မဲ ပေးရမည်ဟု ပြောဆိုကာ ရပ်ကွက်အတွင်းရှိ အသက် ၅ဝ ကျော် အရွယ်များကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူပြီး ထောက်ခံမဲများ ထည့်ခိုင်းခဲ့သည်။

“ဒီမနက်ပိုင်းပဲ။ လာခေါ်တာက ရယက ဥက္ကဋ္ဌရယ်၊ ကြံ့ခိုင်ရေးမှူးတွေ ကိုယ်တိုင်လာပြီး၊ ကြိုတင်မဲ ပေးရမယ်ဆိုပြီး လာခေါ်တယ်။ တခြားလူတွေကိုတော့ မခေါ်ဘူး။ အဖိုးကြီးအဖွားကြီးတွေ ရွေးပြီးခေါ်တယ်” ဟု ကိုယ်တိုင်မဲ ပေးခဲ့ရသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

မြေနုရပ်ကွက် ရယက ရုံးသို့ ကြိုတင်မဲပေးရန် ခေါ်ယူခံရသူ ဦးရေ ၂ဝ ခန့် ရှိကြောင်းနှင့် ရယက ဥက္ကဋ္ဌက ထောက်ခံမဲပေးရန် ဖိအားပေး ပြောဆိုမှုကြောင့် အများစုက ထောက်ခံမဲ ပေးခဲ့ရပြီး အဒေါ်ကြီးတဦးသာ ကန့်ကွက်မဲ ပေးခဲ့ကြောင်း သိရသည်။

“ရပ်ကွက် ဥက္ကဋ္ဌက ထောက်ခံမဲပေးဖို့ ပြောနေတော့ အားလုံးက ထောက်ခံမဲ ပေးခဲ့ရတယ်။ ကန့်ကွက်မဲ ပေးတာဆိုလို့ အဒေါ်ကြီးတယောက်ပဲ ရှိတယ်။ သူက ကန့်ကွက်မဲ ပေးလိုက်တော့ ဥက္ကဋ္ဌက “ခင်ဗျား ဒီမဲပေးတာကို တာဝန်ယူလား” လို့ ခြိမ်းခြောက်တယ်။ အဒေါ်ကြီးက “တာဝန်ယူတယ်” လို့ ပြန်ပြောလိုက်ပြီး ထွက်ခဲ့တယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

အာဏာပိုင်များက မဲပြားများကို ထုတ်ပေးခဲ့ပြီး လက်မှတ်ပေါ်တွင် အမှန်ခြစ်ခဲ့ရကာ မည်သည့်မဲပုံးမှ မထားရှိဘဲ မဲလက်မှတ်များကို အာဏာပိုင်များက သိမ်းဆည်းသွားသည်။

သာစည်ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်မောင်တာကလည်း ရပ်ကွက်အတွင်းရှိ မှတ်ပုံတင် မရှိသူ၊ ပျောက်ဆုံးနေသူများ စာရင်းရှိရာ နေအိမ်များသို့ ဧပြီလ ၂၄ ရက်နေ့က ကိုယ်တိုင်လာရောက် အကြောင်းကြားလာသဖြင့် မှတ်ပုံတင်ထုတ်ရန် သွားရောက်ခဲ့ရာမှ မဲပြားများ ထုတ်ပေးကာ ထောက်ခံမဲ ထည့်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်မဲ ပေးခဲ့ရသူ ဒေါ်အုန်းက ပြောသည်။

“သာစည် ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်မောင်တာက လာခေါ်တယ်။ အန်တီက မှတ်ပုံတင် ပျောက်နေလို့ စာရင်းတင်ထားတော့ အရှေ့သာစည်က ဘိုဒိုဇာကုန်းဆိုတဲ့ ရပ်ကွက်ကို လိုက်သွားရတယ်” ဟု သူက စတင်၍ ပြောသည်။

ဘိုဒိုဇာကုန်းဆိုသည်မှာ ဆောက်လုပ်ရေး စက်ယန္တရားများ ထားရှိသည့် အရှေ့သာစည် ရပ်ကွက်အတွင်းမှ ရပ်ကွက်ငယ်တခု ဖြစ်သည်။

အဆိုပါ ရပ်ကွက်ရှိ သစ်ထုတ်ရေးဝန်း အနောက်ဘက်မှ ရယက ရုံးသို့ လိုက်သွားရကာ ရုံးခန်းအတွင်း ထောက်ခံမဲ ထည့်ခိုင်းခဲ့ပုံကို သူက ယခုလို ဆက်ပြောသည်။

“ဘိုဒိုဇာရပ်ကွက် ဥက္ကဋ္ဌ ဦးဘရမ်တောင်က မှတ်ပုံတင်မရှိလို့ လာတဲ့သူတွေကို ကြိုတင်မဲ ပေးရမယ်လို့ အရင် စပြောတယ်။ ပြောပြီးတာနဲ့ မဲပြား ထုတ်ပေးတယ်ပေါ့။ ဘာလုပ်ရမလဲလို့ ပြန်မေးလိုက်တော့ ဦးဘရမ်တောင်က “ဘာမှ လုပ်စရာမလိုဘူး၊ အမှန်ခြစ်သာ ခြစ်ပေးလိုက်” လို့ ပြောတာနဲ့ အန်တီလည်း အမှန် ထိုးပေးလိုက်ရတယ်။ အဲဒါမှ မှတ်ပုံတင်ဆိုပြီး ယာယီ သက်သေခံကဒ်ပြား အဖြူရောင်လေး ထုတ်ပေးခဲ့တယ်” ဟု သူက ပြောပြသည်။

ကြိုတင်မဲပေးခိုင်းပြီး ထောက်ခံမဲ ပေးခဲ့သူများတွင် သာစည်ရပ်ကွက်မှ စာမတတ်သည့် တရုတ်မ အဖွားကြီး တဦးလည်း ပါဝင်သည်။

“အဲဒီမှာ ရောက်နေတဲ့သူတွေ အားလုံး ၂ဝ ကျော်လောက်တော့ ရှိတယ်။ ကျန်တဲ့သူတွေရဲ့ အခြေအနေတော့ အန်တီက အတိအကျ မတွေ့ခဲ့ရဘူး။ တရုတ်မ အဖွားကြီး တယောက်က စာမတတ်တဲ့သူပေါ့။ သူ့ကိုလည်း ဒီအတိုင်းပဲ၊ လက်ကိုဆွဲပြီး လက်ဗွေနှိပ်ခိုင်းလိုက်ပြီး အမှန်ခြစ် ခြစ်လိုက်တာ တွေ့ခဲ့ရတယ်” ဟု သူက ပြောသည်။

မေလ ၁ဝ ရက်တွင် ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် မဲပေးနိုင်သူများ စာရင်းကို ဗန်းမော်မြို့နယ်ရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ယခုနှစ် ဖေဖော်ဝါရီလပိုင်းက စတင်၍ တအိမ်တက် တအိမ်ဆင်း စာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မရှိသူများ၊ ပျောက်ဆုံးသူများ စာရင်းကို ရပ်ကွက် အာဏာပိုင်များထံ စာရင်းပေးထားရကာ အချို့ကို နောက်ပိုင်းမှ မှတ်ပုံတင် ထုတ်ပေးခြင်း ဖြစ်သည်။

ဗန်းမော်မြို့တွင် အာဏာပိုင်များဘက်က ထောက်ခံမဲ ရရှိစေရန် ယခုလို နည်းလမ်းမျိုးနှင့် ကြိုးပမ်းနေသလို ကချင်ပြည်နယ် ကြံ့ခိုင်ရေး အတွင်းရေးမှူးလည်းဖြစ် စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးလည်းဖြစ်သူ ဗိုလ်မှူးချူပ် သိန်းဇော် ကိုယ်တိုင် ယခုလ ၂၂ ရက်နေ့မှ စတင်ကာ ဗန်းမော်နယ်တခွင် လှည့်လည်ကာ ထောက်ခံမဲပေးရန် ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း ဒေသခံ နောက်တဦးက ပြောပြသည်။

သူက “ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ ပါပေါင်း၊ မန်မလင်း၊ စင့်ကင်၊ မိုင်းကာ ရွာစဉ် တောက်လျောက်ပေါ့၊ တရွာဝင် တရွာထွက်ပေါ့။ ၂၂ ရက်နေ့ကစ လိုက်ပြောနေတယ်။ အခုက မိုးလဲချောင်းဘက်မှာ ရှိတဲ့ ရွာတွေကို ရောက်နေပြီ။ ချွေးတလုံးလုံးနဲ့။ ဒါပြီးရင် ဖါးကန့်ဘက် သွားမယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဗိုလ်မှူးချုပ်သိန်းဇော်က ထောက်ခံမဲပေးရန် ပြောဆိုရာ၌ ထောက်ခံမဲကို မဖြစ်မနေ ထည့်ပေးရန်နှင့် ကန့်ကွက်မဲလည်း ထောက်ခံမဲ ဖြစ်မည်ဟု ဆိုကာ ရွာသားများကို ဘေထုတ်များ လက်ဆောင်ပေးသွားသည်။

ကချင်ပြည်နယ် ဝါးရှောင်ရွာ ဥက္ကဋ္ဌ ဆင်ဝါးနောင်ကလည်း ထောက်ခံမဲပေးရန် ကျေးရွာသားများကို ခြိမ်းခြောက် ပြောဆိုနေကြောင်း ဝါးရှောင်ရွာသား ကိုမာတန်က ပြောပြသည်။

“အခု ဥက္ကဋ္ဌ ဆင်ဝါးနော် ကိုယ်တိုင် ခြိမ်းခြောက်နေတယ်။ ကန့်ကွက်မဲ ထည့်တဲ့သူ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမယ်ဆိုတော့ အကုန်လုံး ကြောက်နေကြတယ်” ဟု ကိုမာတန်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နအဖ ကျင်းပမည့် မေလ ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း ထောက်ပြ ဝေဖန်ထားသည့် ကြေညာချက်များ ထုတ်ပြန်ကာ နိုင်ငံတကာမှ လွတ်လပ်သည့် အဖွဲ့အစည်းများကိုယ်တိုင် စောင့်ကြပ်ကြည့်ရှုရန် တောင်းဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးတို့ကလည်း နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး ထားရှိရန် အလားတူ ပြောဆိုခဲ့သော်လည်း နအဖ စစ်အစိုးရကမူ ၎င်းတို့တွင် ၉ဝ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံရှိသဖြင့် ၎င်းတို့ဘာသာ လုပ်ကိုင် ဆောင်ရွက်နိုင်သည်ဟု တုံ့ပြန်ခဲ့သည်။



ရွှေတိဂုံဘုရားတွင် ဆန္ဒပြရန် ကြိုးစား၊ မအောင်မြင်

မဇ္ဈိမသတင်းဌာန
Saturday, 26 April 2008 18:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သံဃာတော်များ ဦးဆောင်သော လူအုပ်စုကြီးတစုက ရွှေတိဂုံဘုရားတွင် ယနေ့ မွန်းလွဲပိုင်းက ဆန္ဒပြရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဖြစ်သွားသည်။

ဘုန်းတော်ကြီးများကို ရွှေတိဂုံဘုရားသို့ ၀င်ရောက်ခွင့် မပြုဘဲ ရန်ကုန်ထဲသို့ အခြားဆင်ခြေဖုံးနှင့် နယ်မြို့များမှ ၀င်ရောက်မည့် သံဃာတော်များကိုလည်း အာဏာပိုင်များက ပိတ်ပင် တားမြစ်ခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်မှစတင် လူစုရန် ကြိုးစားကြသော်လည်း ရဲနှင့် လုံထိန်းများက ကားများပေါ်တွင် ပါလာသော သံဃာတော်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ပျက်ပြားသွားခြင်း ဖြစ်သည်။

အခြား မြို့ကြီးများတွင်လည်း လမ်းပေါ် ဆန္ဒပြမှုများ တဖန် ကြိုးစားလာကြခြင်းသည် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း ပထမဆုံး ဖြစ်သည်။

အလားတူပင် ပြည်ပရောက် မြန်မာများကလည်း သက်ဆိုင်ရာနိုင်ငံများရှိ သံရုံးများရှေ့တွင် ကန့်ကွက်မဲထည့် လှုံ့ဆော် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။



ဂျပန်ရဲနှင့် မဲပေးလိုသူ မြန်မာလုပ်သားများ ပဋိပက္ခဖြစ်၊ ၁၅ ဦး ဆေးရုံပို့ရ

မဇ္ဈိမသတင်းဌာန
Saturday, 26 April 2008 18:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆန္ဒမဲပေးမည့် ဂျပန်ရောက် မြန်မာ အလုပ်သမားများနှင့် ဂျပန်ရဲသားများ ယနေ့ နေ့လည်က ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မြန်မာ ၁၅ ဦး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ဆန္ဒမဲပေးရန် နံနက် ၈ နာရီခွဲကတည်းက လာရောက် စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမားများကို ထိန်းသိမ်းပေးရန် မြန်မာသံရုံး ဝန်ထမ်းများက ဂျပန်ရဲကို ဖုန်းဆက်လိုက်သည့် နောက်ပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ မြန်မာ ၁ဝ ဦး ဆေးရုံ တင်လိုက်ရခြင်း ဖြစ်သည်။



“ယောက်ျားလေးတယောက်၊ မိန်းကလေး ၄ ယောက်နဲ့ မူးလဲသူ ၁ဝ ယောက်၊ စုစုပေါင်း ၁၅ ယောက်ပါ။ ကြက်ခြေနီ သူနာပြုတွေက ၅ ယောက်ကို သံရုံးနားက ပန်းခြံထဲမှာ ဆေးကုပေးနေပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်လို့ လက်ကျိုးတဲ့သူက ကျိုး၊ မူးလဲသူက မူးလဲဆိုတော့ ဆေးရုံးကား ခေါ်ပေးပါလို့ ရဲကိုပြောတော့ ဆေးရုံးကား ခေါ်ပေးထားတာပါ ခင်ဗျာ။” ဟု ဆန္ဒပြရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတဦးက မဇ္ဈိမသို့ ပြောသည်။

ရဲများ၏ လူစုခွဲမှုကြောင့် Nursing Home ဆေးရုံ၌ ဆေးကုသမှုခံယူရသော မြန်မာ ၁ဝ ဦးတွင် ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးတဦးနှင့် နှလုံးရောဂါ အခံရှိသူများ ပါဝင်ပြီး အချို့မှာ ခြေလက်ကျိုးသည့် ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကိုယ်ဝန်ဆောင် ၃ လ လောက်ရှိတဲ့ မသော်တာမင်းထွန်းက နေလည်း သိပ်မကောင်းဘူး။ ရဲတွေကလည်း တယောက်ချင်းစီကို ဆွဲတာ ဖြစ်တယ်။ ကျမတို့ကလည်း မိန်ကလေး၊ ယောကျာင်္လေး တယောက်ချင်းကို လက်ဆက်ပြီးတော့ ခြေကန်ထားပြီးတော့ ကိုယ့်လူ မပါသွားအောင် ပြန်ဆွဲတာပေါ့။ ရုဏ်ရင်း ဆန်ခတ်ဖြစ်တဲ့ အချိန် အမ သော်တာမင်းထွန်းက စိတ်ကြောင့်လည်း ပါတယ် သတိမေ့ လဲကျသွားတယ်” ဟု လိုက်လံ စောင့်ရှောက်ပေးနေသူ မယမင်းက ပြောသည်။

မဲပေးရန် ယနေ့ လာရောက်ခဲ့ကြသည့် မြန်မာများမှာ ၃ဝဝ ခန့်ရှိပြီး ၎င်းတို့ထဲတွင် ဗီဇာသက်တမ်း ကျန်သေးသူများ သာမက နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်ဆုံးသူများလည်း ပါဝင်သည်။

ဆက်သွယ်မေးမြန်းချိန် ဂျပန်စံတော်ချိန် ညနေ ၅ နာရီ မိနစ် ၃ဝ အထိ မဲပေးခွင့်ရခဲ့သူ ၁ဝ ဦးခန့်သာ မြန်မာသံရုံးထဲသို့ ဝင်ရောက် မဲပေးခွင့်ရခဲ့ပြီး အချို့မှာ မဲပေးရန် စောင့်ဆိုင်းမနေတော့ဘဲ အိမ်ပြန်သွားကြသည်ဟု ဂျပန်တွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့က မဲပေးဖို့ စောင့်နေတယ်။ ဂျပန်ရဲတွေကလည်း ကျနော်တို့ကို တားနေတယ်။ ကျနော် တွေ့သလောက်တော့ မြန်မာသံရုံးက တခါးဖွင့်ပြီးတော့ ဝင်ခွင့်ပြုနေတာ ၃ - ၄ ယောက်ပဲ ရှိသေးတယ်။ ကျနော်ကျတော့ ဝင်ခွင့် မပြုသေးဘူးဗျာ” ဟု သူက ဆက်ပြောသည်။

မဲပေးပြီး ပြန်ထွက်လာသူများ၏ အဆိုအရ ဆန္ဒမဲကို လွတ်လွတ်လပ်လပ် ထည့်ခွင့်ပေးသော်လည်း မဲပေးသူများ၏ ကိုယ်ရေးရာဇဝင်များ၊ ပြည်တွင်းရှိ အိမ်ထောင်စု စာရင်းများကိုလည်း သံရုံးဝန်ထမ်းများက စစ်ဆေးခဲ့သဖြင့် မဲပေးသူများမှာ ကြောက်လန့် စိုးရိမ်မှုများနှင့် မဲပေးခဲ့ရသည်ဟု ပြန်လည်ပြောပြကြသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates