Wednesday, April 23, 2008

ရန်ကုန် ဂျီမေးသုံးစွဲသူများ အခက်အခဲ ဖြစ်ပြန်

နန်းဒေဝီ
Wednesday, 23 April 2008 16:41 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန် အင်တာနက်ဆိုင်များတွင် လူသုံးများသည့် ဂျီမေးလ်မှာ သိသိသာသာပင် နှေးကွေးသွားသည်ဟု အင်တာနက် အသုံးပြုသူများ အပြောအရ သိရသည်။

မည်သည့်အတွက် ယခုလို ဂျီမေးဖွင့်ရာတွင် အခက်အခဲ ဖြစ်နေရကြောင်း မသိရသေးသော်လည်း server error ပြနေသည့်အတွက် အကြိမ်ကြိမ် ဖွင့်နေရသည့်အပြင် အချိန်စောင့်ဆိုင်း နေရတတ်သည်။

ပုဂံအင်တာနက် ဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားသော ရန်ကုန်မြို့ လှည်းတန်း အင်တာနက် ဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက "ဂျီမေး ဖွင့်လိုက်ရင် error တွေ တက်နေတယ် ခင်ဗျ။ နဲနဲတော့ ကြာပြီ။ တပတ်ကျော်လောက်တော့ ကြာပြီ။ email address မှာ ဂျီမေး ရိုက်လိုက်ရင် သူ့ဟာသူ ဝင်သွားတယ်။ ဝင်တဲ့နေရာမှာ သူက Error ဆိုပြီးတော့ ပြတယ်။ ထပ်ခါ ထပ်ခါ လုပ်ပေးရတယ်။ တခါတလေမှ ဝင်တယ်" ဟု မဇ္ဈိမကို ယခုလို ပြောသည်။

သူက ဆက်ပြီး "ဂျီမေး ဝင်ဘို့ဆိုတာ pass word တွေ ဘာတွေ ရိုက်တာကအစ ၅ မိနစ်ကျော်ကျော်လောက် ကြာတယ်။ attach file တွေ ပို့ရင်လည်း size ကို အတတ်နိုင်ဆုံး ချုံ့ပြီးတော့ လုပ်ပါတယ်။ ဓာတ်ပုံဖိုင်တွေကို တအား ချုံ့လို့လည်း မဖြစ်ဘူး။ အဲဒီတော့ ပိုကြာတယ်" ဟု ပြောသည်။

ယခုလို ဂျီမေးသုံးရာတွင် အဆင်မပြေ ဖြစ်နေသည့်အတွက် သုံးစွဲသူများသည် ယခင်ကထက် သိသာစွာ လျော့နည်းလာကြောင်း ရန်ကုန်မြို့တွင်း လူစည်ကားသည့် နေရာများတွင် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များက ပြောသည်။

အင်တာနက်ဆိုင်တခုတွင် တာဝန်ကျ ပုဂ္ဂိုလ်တဦးက "သုံးတဲ့သူတွေက အရင်တုန်းက ရှိတဲ့သူတွေ ထက်စာရင် ၅ ပုံ ၂ ပုံလောက် လျော့သွားတယ်" ဟု ပြောသည်။

ရန်ကုန်မြို့တွင်း အင်တာနက်သုံးစွဲသူ အများစုက ယခုလို ဂျီမေးလ်၊ ဂျီတော့ အဝင်ခက်နေမှုအပေါ် အင်တာနက် ဝန်ဆောင်မှုပေးနေသော ဌာနများဖြစ်သည့် Myanmar Info-Tech နှင့် Myanmar Post and Telecommunication တို့ကို ကြိုးစား ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရပါ။



မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကွယ်လွန်

မဇ္ဈိမသတင်းဌာန
Wednesday, 23 April 2008 14:05 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေတိဂုံဘုရားပေါ်တွင် မိမိကိုယ်ကို မီးရှို့ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ လူငယ်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက သေဆုံးသွားပြီ ဖြစ်ကြောင်း ရန်ကုန်မှလာသော အေပီ သတင်းတပုဒ်က ဆိုသည်။

ဆေးရုံမှ အရာရှိတဦးကို ကိုးကားသော သတင်းအရ ခန္ဓာကိုယ်တွင် (၆၀) ရာခိုင်နှုန်းကျော် မီးလောင်ခံထားရသူ အသက် (၂၆) နှစ်အရွယ် ကိုကျော်ဇင်နိုင်သည် ယခုလ (၁၇) ရက်နေ့ ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖြစ်သူ ကိုဇင်နိုင်သည် မတ်လ (၂၁) ရက်နေ့၊ သောကြာနေ့က ရွှေတိဂုံ ဘုရားပေါ်တွင် လူစည်ကားချိန်၌ ဓာတ်ဆီလောင်းပြီး မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာ လုံခြုံရေးများက ၀ိုင်းဝန်း ဆေးရုံပို့ခဲ့သည်။

မျက်မြင်သက်သေများကို ကိုးကားသော အစောပိုင်း သတင်းများအရ ကိုကျော်ဇင်နိုင်သည် ကိုယ်ကို မီးရှို့ခြင်း မပြုလုပ်မီတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲများကို ရေရွတ် ပြောဆိုပြီးနောက် "စစ်အစိုးရ ကျဆုံးပါစေ" ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် ကုန်ဈေးနှုန်းကြီး ကျဆင်းရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆက်တိုက် ဖြစ်ပွားခဲ့သည်။

သို့သော် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ တိုင်းပြည်တွင် အစိုးရအပေါ် မကျေနပ်ရာမှ ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည်သည်အထိ စွန့်စားမှုမျိုးသည် ပထမဦးဆုံး ဖြစ်သည်။



ဗီဇာရက်လွန်မြန်မာများ ဆန္ဒမဲပေးခွင့်ရရေး တိုကျို မြန်မာသံရုံးရှေ့ ဆန္ဒပြ

မဇ္ဈိမသတင်းဌာန
Tuesday, 22 April 2008 20:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲတွင် အဝေးရောက် ဆန္ဒမဲ ထည့်ဝင်ခွင့် ပေးရေးအတွက် ဂျပန်နိုင်ငံရောက် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကျော် မြန်မာ ၁ဝဝ ကျော်က တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့သည်။

ယခုလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ကျင်းပမည့် အခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ရရေးအတွက် ဗီဇာရက်လွန် မြန်မာ ၁ဝဝ ကျော်က ဂျပန်ရောက် မြန်မာ နိုင်ငံရေးသမားများနှင့် စာပေ အသိုင်းအဝိုင်းက ဦးဆောင် ဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် ယခုလို မြို့တော်တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် သွားရောက် ဆန္ဒပြကြခြင်း ဖြစ်သည်။

“အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတော့ မဲပေးပိုင်ခွင့် ရှိတာပဲ။ Over Stay ဖြစ်တဲ့ သူတွေတောင်၊ ဥပမာ ဂျပန်ပြည်မှာ ဂျပန်ရဲ့ ဥပဒေကို ချိုးဖောက်နေတယ်ဗျာ၊ ဒါပေမဲ့ သူတို့ဆီကို အခွန်ဆောင်တယ်ဆိုရင် အဲဒီလူတွေတောင် သူတို့ မဲပေးခွင့် ပေးသေးတာပဲ။ ကျနော်တို့က နိုင်ငံရေး လုပ်တယ်ဆိုပြီး၊ ဂျပန်ပြည်မှာ လွတ်လပ်စွာ လှုပ်ရှားမှုလုပ်တယ် ဆိုတဲ့ဟာလေးနဲ့ ကျနော်တို့ကို မဲပေးခွင့် မပေးဘူးဆိုရင် ဒီဖွဲ့စည်း အုပ်ချုပ်ပုံကြီးက အနာဂတ်မှာ ပြည်သူတွေ အားလုံးကို တသားထဲ လုပ်နိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ မဟုတ်ဘူးဆိုတာကို သက်သေပြတာပဲ။ ကျနော်တို့က ဒါကို သိချင်လို့ပဲလေ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

ယနေ့ ညနေ ၃ နာရီခန့်တွင် မြန်မာသံရုံးရှေ့ စုရုံးရောက်ရှိလာသည့် ဆန္ဒပြ မြန်မာများက ‘စစ်အာဏာရှင်စနစ် ဖြုတ်ချရေး’၊ ‘ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး’၊ ‘အမျိုးသားပြန်လည် သင့်မြတ်ရေး’ နှင့် ‘နအဖ ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တရားမဝင်’ ဟူသည့် ကြွေးကြော်သံများကို တနာရီကြာမျှ ဟစ်အော်ခဲ့ကြသည်။

“သံအမတ် ဦးမြင့်ထွန်းကို ခေါ်ပြီးတော့ အကျိုးအကြောင်း မေးချင်လို့ ခေါ်နေပါတယ်။ ကျနော်တို့ မျက်စိရှေ့မှာ ထိုင်နေတဲ့ ဝန်ထမ်းက ကျနော်တို့ မေးသမျှတွေကိုလည်း ဘာတခုမှ မဖြေရဲဘူး ဖြစ်နေတယ်” ဟု ဆန္ဒပြသူတဦးက ပြောသည်။

ဆန္ဒပြပွဲသို့ ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အပါအဝင် အစိုးရမဟုတ်သော လူထုလူတန်းစား နယ်ပယ်အသီးသီးက အစိုးရမဟုတ်သော ဂျပန်အဖွဲ့အစည်းများ လာရောက် လေ့လာခဲ့ကြသည်။

သံရုံးဝန်ထမ်းများက တံခါးသုံးထပ် ပိတ်ထားကာ ဝန်းအတွင်း တဲတခုတွင် ထိုင်နေသဖြင့် သံရုံး အဝင်ဘဲလ် (Bell) နှိပ်ခေါ်သော်လည်း အပြင်ဘက်သို့ လှည့်ပင် မကြည့်ကြောင်း သိရသည်။

မဲပေးခွင့် ရှိသူများကို မြန်မာသံရုံးက ယခုလ ၁ဝ ရက်နေ့ ရက်စွဲတပ် အကြောင်းကြားစာများကို ပေးပို့ခဲ့သော်လည်း အချို့မှာ ဖိတ်စာမရသဖြင့် သံရုံးသို့ သွားရောက် မေးမြန်းမှုများလည်း ရှိနေသည်။

ဂျပန်နိုင်ငံကို ၂ဝဝ၇ ခုနှစ်တွင် စတင်ရောက်ရှိကာ လက်ရှိ မာစတာတန်းတက်နေသူ ကျောင်းသူတဦးက “ကျောင်းသူအချင်းချင်း တူတာတောင်မှ မဲပေးခွင့် စာရွက်တွေကို သူများတွေတော့ ရတယ်လေ။ သံရုံးကို လာစုံစမ်းတာပါ။ ပြန်မဖြေဘူးလေ။ နောက်နေ့ကျမှ တွေ့ဆုံခွင့် တောင်းပါဆိုပြီး သံဝန်ထမ်းတဦးက မချေမငံ ဆက်ဆံ ပြောဆိုသွားတယ်” ဟု ပြောသည်။

သူက “အခြေခံဥပဒေ မူကြမ်းကို နားမလည်ပါဘူး။ အခုချိန်ထိလည်း နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်ဖွားတွေကို အခြေခံမူကြမ်းကို တရားဝင် ဖြန့်ချိထားတာလည်း မရှိဘဲ မဲပေးရမယ် ဆိုတာကတော့ ပြည်သူတွေကို သက်သက် လိမ်ညာတဲ့ သဘော၊ တရားနည်းလမ်း မကျတဲ့ လုပ်ရပ် ဖြစ်တဲ့အတွက် လာမယ့် ၂၆ ရက်နေ့မှာ ကန့်မဲပေးဖို့ စိတ်ကူးထားပါတယ်” ဟု ဆက်ပြောသည်။

ဂျပန်နိုင်ငံတွင် ဗီဇာရက်လွန် နေထိုင်သူ မြန်မာနိုင်ငံသား ၃ဝဝဝ ခန့်ရှိပြီး၊ ဗီဇာသက်တမ်း မကုန်သေးသူပေါင်း ၅ဝဝဝ ကျော်ရှိသည်ဟု ခန့်မှန်းရကြောင်း မြန်မာအသိုင်းအဝိုင်း တခုက ဆိုသည်။



နအဖ နိုင်ငံခြားရေးဝန်ကြီး စည်းရုံးရေးဆင်း

မောင်ဒီး
Tuesday, 22 April 2008 20:24 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုယ်တိုင် ယခုလ ၁၃ ရက်နေ့က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည်ကာ စည်းရုံးရေး ဆင်းခဲ့သည်။

နအဖ ဝန်ကြီးက ဇီးကုန်းမြို့၏ အရှေ့ဘက် ရွာဝိုင်းကြီးရွာ၊ မယင်းရွာနှင့် အနောက်ဘက်တွင် တည်ရှိသော သစ်နဖားရွာ၊ လယ်တွင်းရွာ၊ ကန်ညီအကို ရွာတို့ကို လှည့်လည်ကာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို ထောက်ခံမဲပေးရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

“သူက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာမို့ ပျက်သွားခဲ့ရင် နောင် ရေးဖို့ဆိုတာ အကြာကြီး ဖြစ်မယ်။ နောက်ပြီး ဒီဟာကို ကြိုးစားပြီး ရေးထားတာမို့ အားလုံးက ထောက်ခံမဲ ထည့်ပေးဖို့ တိုက်တွန်းပါတယ်ဆိုပြီး ပြောသွားတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းက လယ်တွင်းရွာရှိ အလယ်တန်းကျောင်း ပြန်လည် ပြုပြင်ရန်အတွက် သူ့ကိုယ်ပိုင်ငွေ ကျပ်သိန်း ၄ဝ လှူဒါန်း သွားခဲ့သေးသည်။

ယခုလို ဝန်ကြီးကိုယ်တိုင် ကျေးရွာများအထိ လှည့်လည်ကာ၊ ငွေကြေး လှူဒါန်းသည့်အပေါ် ဒေသခံ ရွာသားများနှင့် ဇီးကုန်းမြို့ခံများက သံသယ ဖြစ်နေကြသည်။

“အခွင့်အရေး တခုခုရှိလို့ လာတာပေါ့။ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ချင်ရင် နဂိုကတည်းက လာမှာပေါ့။ အခုဟာက ဆန္ဒခံယူပွဲအတွက် မျှော်လင့်ပြီး လာတာနေမှာပေါ့။ စည်းရုံးရေး ဆင်းနေတာပေါ့လေ” ဟု ဇီးကုန်းမြို့ခံ နောက်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းမှာ ဇီးကုန်းမြို့နယ် အနောက်ဖက်ရှိ ကန်ညီအကိုရွာ ဇာတိဖြစ်သည်။

ဧပြီလ ၅ ရက်နေ့ကလည်း နအဖ စွမ်းအင်ဝန်ကြီး ဦးလှမြင့်ကိုယ်တိုင် ပဲခူးတိုင်း နတ္တလင်းမြို့နယ်သို့ လာရောက်ကာ အနီးအနား မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ ဇီးကုန်း၊ ကြို့ပင်ကောက်တို့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင်များ၊ မယက အာဏာပိုင်များကို ခေါ်ကာ ထောက်ခံမဲ ထည့်ကြရန် လမ်းညွှန်မှာကြား သွားခဲ့သေးသည်။

နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်သည် ယနေ့မှသာ ဇီးကုန်းမြို့၌ တအုပ်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်သော်လည်း ဝယ်သူ နည်းပါးနေသည်။

“ကျနော်တို့နယ်မှာတော့ ၁ဝဝဝ ဆိုတာ နည်းနည်းများတယ်လေ။ တော်ရုံတန်ရုံလူတွေက ဘယ်ဝယ်ကြမလဲ။ မဝယ်ကြဘူး။ ဝယ်တဲ့လူ နည်းတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်က ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates