Tuesday, April 22, 2008

မလေးရှားရောက် ဒုက္ခသည်များက စခန်းကို မီးရှို့ဖျက်ဆီး

မောင်ဒီး
Tuesday, 22 April 2008 15:12 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တတိယနိုင်ငံ အခြေချခွင့် မပေးသဖြင့် မလေးရှားရောက် မြန်မာဒုက္ခသည် ၇၂ ဦးက ကွာလာလမ်ပူမြို့ပြင်ရှိ ထိန်းသိမ်းရေးစခန်းကို ယမန်နေ့က မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒုက္ခသည် ၇၂ ဦးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သူတို့ကို တတိယနိုင်ငံသို့ အခြေချခွင့် မပေးတော့ကြောင်း ပြောဆိုခဲ့သည့်အပေါ် မကျေမနပ်ဖြစ်ကာ ယမန်နေ့က ထိန်းသိမ်းရေးစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

"ကွာလာလမ်ပူမြို့ အပြင်က Lenggeng စခန်းက ဒုက္ခသည်တွေပေါ့။ အဓိက UNHCR က Resettlement (တတိယနိုင်ငံ အခြေချရေး အစီအစဉ်) မစီစဉ် ပေးနိုင်ဘူး ဆိုလို့ စိတ်တိုပြီး မီးရှို့တာ" ဟု မလေးရှားရောက် မြန်မာဒုက္ခသည်တဦးက မဇ္ဈိမကို ပြောသည်။

မြန်မာ ဒုက္ခသည်များက ရုံးခန်းအတွင်းရှိ ပရိဘောဂများကို မီးရှို့ ဖျက်ဆီးခဲ့ရာ မလေးရှားရဲ ၂ဝဝ ခန့်က စခန်းအတွင်း ဝင်ရောက်ကာ အခြေအနေကို ပြန်ထိန်းခဲ့ရသည်။

မလေးရှား အစိုးရက နိုင်ငံခြားသား အလုပ်သမား ၂ သိန်း လျှော့ချမည်ဟု ယခင်လက တရားဝင် ထုတ်ဖော်ပြောဆိုပြီးနောက် အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ရယ်လာအဖွဲ့က တရားမဝင် နိုင်ငံခြားသား အလုပ်သမားများအား အဓိကထားကာ တရစပ် ဖမ်းဆီးနေသည်။

ကွာလာလမ်ပူမြို့ပြင်တွင် စခန်းဖွဲ့ စုရုံးနေထိုင်ပြီး UNHCR ၏ ကူညီစောင့်ရှောက်မှုကို မျှော်လင့်နေကြသည့် မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ စခန်းငယ်လေးများကိုလည်း ရယ်လာအဖွဲ့က ယခုရက်ပိုင်းအတွင်း မီးရှို့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်။

"သူတို့တွေက ဒီနား ဒီနားမှာ လာနေတယ်ဆိုတာကို သိပြီဆိုရင် လာဖျက်ဆီးတယ်။ တဲတွေကို မီးရှို့တယ်။ ဒုက္ခသည်တွေကို ဖမ်းတယ်" ဟု မြန်မာဒုက္ခသည်က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားဝင်၊ တရားမဝင် မြန်မာအလုပ်သမားများနှင့် ဒုက္ခသည်ပေါင်း ၄ သိန်းကျော် ရှိသည့်အနက် အဆိုပါ ၇၂ ဦးသည် ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်လင့်ကစား ရယ်လာ၏ ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

"သူတို့တွေ (ရယ်လာအဖွဲ့) က ဘာ့လို့ဖမ်းလဲဆိုရင် လူတယောက် ဖမ်းမိရင် ရင်းဂစ် ၅ဝ နဲ့ ၈ဝ ကြား လဝက က ပေးတယ်ဆိုတော့ ထင်တိုင်းကြဲ ဖမ်းနေတော့တာ" ဟု မြန်မာဒုက္ခသည်က ပြောသည်။

ကွာလာလမ်ပူမြို့တွင် ထိန်းသိမ်းရေးစခန်း ၅ ခု ရှိပြီး စခန်းတခုလျှင် အဆောင် ၅ ဆောင်ရှိကာ တဆောင်လျှင် လူဦးရေ ၃ဝဝ မှ ၆ဝဝ အကြား ထိန်းသိမ်းထားနိုင်သည်။



စွမ်းအားမြှင့်အဖွဲ့ကို ဗုံးတရားခံအဖြစ် စွပ်စွဲ

ဖနိဒါ
Tuesday, 22 April 2008 14:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုကို စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) က ကျူးလွန်ခဲ့သည်ဟု နအဖက ယနေ့ စွပ်စွဲလိုက်သည်။

ယခုလ ၂ဝ ရက်နေ့က လူများ ထိခိုက်ဒဏ်ရာ မရှိသည့် ရန်ကုန်မြို့လယ် ဗုံးနှစ်လုံးဖောက်ခွဲမှုကို VBSW ၏ လက်ချက်ဖြစ်သည် ဟူ၍ ယနေ့ထုတ် နအဖ စစ်အစိုးရ၏ မြန်မာ့အလင်းစာတွင် ရေးသားစွပ်စွဲလိုက်ခြင်း ဖြစ်သည်။

ဖောက်ခွဲမှုကျူးလွန်သူသည် တဖက်နိုင်ငံနယ်စပ် စွမ်းအားမြှင့် မြန်မာကျောင်းသားများအဖွဲ့တွင် ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ပြီး ပြည်တွင်းသို့ 'မုန်တိုင်း' အမည်ဝှက်ဖြင့် အဖျက်လုပ်ငန်းများ လုပ်ဆောင်ရန် တာဝန်ပေးထားသူ ဖြစ်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

မြန်မာ့အလင်းက စွပ်စွဲထားသော ဖောက်ခွဲရေးသမား
မြန်မာ့အလင်းက စွပ်စွဲထားသော ဖောက်ခွဲရေးသမား
အရပ် ၅ ပေ ၆ လက်မခန့်၊ အသားလတ်၊ ဆံပင်ကုပ်ထောက်၊ မျက်နှာသွယ်၊ အသက် ၃ဝ ခန့် ရှိပြီး သူ၏ ပုံပန်းသဏ္ဍာန်ကို လုံခြုံရေး ကင်မရာများမှတဆင့် မှတ်တမ်းတင်ထားကာ ပြည်သူများ သိရှိစေရန်ဟု ဆိုကာ ဖော်ပြထားသေးသည်။

ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်၊ တင်္ဂနွေနေ့ည ၈ နာရီခန့်က ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းထောင့်အနီးရှိ ABC စားသောက်ဆိုင်အနီး ၃၆ လမ်း ရေမြောင်းထဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ည ၉ နာရီခန့်က ကုန်သည်ကြီးများဟိုတယ် (ထရိတ်ဒါးဟိုတယ်) အနီး ၃၂ လမ်း မြောင်းထဲတွင် ထပ်မံ၍ ဗုံးတလုံး ပေါက်ကွဲခဲ့သော်လည်း လူများ ထိခိုက်မှု မရှိခဲ့ပါ။

ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တရက် ဧပြီလ ၂၁ ရက်နေ့တွင် VBSW အမည်ဖြင့် ကြေညာချက်တစောင်သည် ပြည်ပအခြေပြု ဘလောက်စာမျက်နှာများတွင် ထုတ်ပြန် ဖော်ပြလာသည်။

ကြေညာချက်တွင် ပြည်တွင်း၌ တိုက်ပွဲဝင်နေသည့် ယင်းတို့၏ စစ်သည်တော်များကို သံမဏိ စစ်ဆင်ရေးဟု အမည်ပြောင်းကာ စစ်အာဏာရှင်စနစ်ကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနှင့် VBSW စစ်သည်တော်များအနေဖြင့် ၂ဝဝ၇ စက်တင်ဘာလတွင် ရဟန်းရှင်လူ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နင်းခဲ့သည့် စစ်အာဏာရှင်များအား ၂ဝဝ၈ ခုနှစ်အတွင်း ပြင်းထန်သည့် လက်တုံ့ပြန် မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သတိပေး ရေးသားထားသည်။

သံမဏိ စစ်ဆင်ရေးသည် စစ်အာဏာရှင်များ၏ မိသားစုဝင်များ၊ ဆက်နွယ်သည့် ပြည်တွင်း ပြည်ပမှ စီးပွားရေးသမားများ၊ စစ်အာဏာရှင်ကို သက်ဆိုးရှည်စေရန် လုပ်ဆောင်ပေးနေသည့် နိုင်ငံတကာ အစိုးရများ၊ အသင်းအဖွဲ့အားလုံးအား ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဆိုထားသည်။

ထို့အပြင် VBSW ၏ တိုက်ခိုက်မှုတိုင်းသည် ပြည်သူကို ထိခိုက်စေရန် လုပ်ဆောင်ခဲ့ခြင်း မရှိသလို မြန်မာပြည်သူများဘဝ လွတ်မြောက်ရေးအတွက် နည်းလမ်းတခုအဖြစ် တိုက်ခိုက်နေခြင်းဖြစ်ရာ အသံထွက်ရင် ပြီးရော၊ လူထုကို ထိခိုက်လည်း ဂရုမစိုက်သည့် နိုင်ငံရေးအဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူထုအကြား ဗုံးခွဲတိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်သည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ယခု ကြေညာချက်နှင့် ပတ်သက်၍ VBSW မှ အမှန်တကယ် ထုတ်ပြန်ခြင်း ရှိ၊ မရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) မှ ဦးဌေးအောင်က "ပွင့်ပွင့်လင်းလင်း ပြောရင် (VBSW) မရှိတော့ဘူးလို့ ထင်တယ်။ အဲဒီအဖွဲ့က ဘန်ကောက်က (မြန်မာသံရုံး) ဝင်စီးတဲ့ အချိန်အထိတော့ ရှိတယ်။ နောက်ပိုင်းမှာ ကြေညာချက်တွေပဲ ထွက်နေပြီးတော့ တကယ်လက်တွေ့ လှုပ်ရှားမှုတွေ မတွေ့ရတော့ဘူး။ ကျနော့်အထင်တော့ ဒီအဖွဲ့အစည်း လုပ်တာ မဟုတ်ဘူးလို့ ကျနော်က ထင်တယ်။ အခု ရှိ၊ မရှိ ဆိုတာက အတိအကျ မသိဘူး။ နောက်ပြီး မနေ့က ထုတ်တဲ့ ကြေညာချက်မှာပါတဲ့ အချက်တွေကို ကြည့်ရတာ ကိုယ်၌က ကျနော့်စိတ်အထင်တော့ စွမ်းအားမြှင့်အဖွဲ့က ဒီလို ကြေညာချက်မျိုး ရေးတယ်လို့ ကျနော် ထင်တယ်" ဟု ပြောသည်။

သူက ဆက်ပြီး "သူတို့ကတော့ ဘယ်မှာ အခြေပြုတယ်ဆိုတာ မရှိဘူး။ ဘန်ကောက်မှာ မြန်မာသံရုံး ဝင်စီးတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေက သေကုန်တာတွေ ရှိတယ်။ အဲဒီအဖွဲ့က အင်တာနက်ထဲမှာ သူတို့လက်ချက် ဖြစ်တယ် ဆိုတာတွေတော့ ကြေညာချက်တွေ ထုတ်တယ်လေ။ အဲဒီတော့ ဒီစွမ်းအားမြှင့် အဖွဲ့က ရှိသေးလား၊ မရှိတော့ဘူးလား အတိအကျ မပြောနိုင်ဘူး။ ဒီအဖွဲ့ကို စစ်အစိုးရက အသုံးပြုပြီးတော့ ဒီလို အကြမ်းဖက် လုပ်နိုင်တာလည်း ရှိတယ်လေ။ ကျနော်တို့ အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီစွမ်းအားမြှင့်အဖွဲ့ ရှိ၊ မရှိ အတိအကျ မပြောနိုင်ဘူး။ အခုဖြစ်တဲ့ ကိစ္စကလည်း ဒီအဖွဲ့ လုပ်နိုင်လားဆိုတာလည်း အတည်ပြုလို့ မရသေးဘူးပေါ့နော်" ဟု ပြောသည်။



ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် ယနေ့မှစ၍ မဲပေးနိုင်ပြီ

မဇ္ဈိမသတင်းဌာန
Tuesday, 22 April 2008 10:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရ ရေးဆွဲထားသည့် အခြေခံ ဥပဒေမူကြမ်းအပေါ် ဆန္ဒမဲပေးလိုသူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ယနေ့မှစ၍ မဲပေးနိုင်သည်။

နိုင်ငံကူးလက်မှတ်ဖြင့် လာရောက်နေထိုင်သူများသာ အကျုံးဝင်သော မဲပေးခွင့်အတွက် ဧပြီ ၂၂ ရက်နေ့မှ စ၍ ဧပြီလ ၂၇ ရက်နေ့အထိဖြစ်၍ မနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ မဲပေးနိုင်သည်။

မဲပေးလိုသူ မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်တို့ကို ယူဆောင်လာရမည် ဖြစ်ပြီး ထိုင်းနိုင်ငံ တနိုင်ငံလုံးအတွက် မဲပေးရာနေရာကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင်သာ သတ်မှတ်ထားသေးကြောင်း သရုံးဝန်ထမ်းတဦးက ပြောပြသည်။

"သံရုံးရှေ့က ဂိတ်မှာ ၀န်ထမ်းတွေ စောင့်နေတယ်။ သူတို့က မဲလာပေးတဲ့သူကို ရှင်းပြပေးလိမ့်မယ်" ဟု သူမက ပြောပြသည်။

မြန်မာပြည်တွင်းတွင် မေလ ၁၀ ရက်နေ့ ကျင်းပမည့် ဆန္ဒခံယူပွဲမတိုင်မီ ပြည်ပရှိ မြန်မာနိုင်ငံသားများထံမှ ဆန္ဒကောက်ခံမှု ကြိုတင်ပြုလုပ်နေခြင်း ဖြစ်ပြီး ကန့်ကွက်မဲထည့်ရန် လှုံ့ဆော်မှုများလည်း အားကောင်းနေသည်။

သံရုံးသို့သွားရောက် မဲပေးခဲ့သူတဦးက " ဒီနေ့မဲလာပေးတာက သိပ်မများသေးဘူး။ ဂိတ်မှာ သူတို့က ပစ္စည်းတွေ စစ်တယ်။ ပတ်စ်ပို့ ပြရတယ်။ အိတ်တွေ ထားခဲ့ရတယ်။ အထဲရောက်တော့ ကျနော်တို့ နာမည်တွေ၊ မှတ်ပုံတင် နံပါတ်တွေကို စာရင်းလုပ်ထားပြီးသား။ ကျနော်တို့ကို မှတ်ပုံတင် နံပါတ်ပြောခိုင်းပြီး စစ်ပြီးတော့ မဲပေးတဲ့ စာရွက်နဲ့ စာအိတ်တစ်အိတ် ပေးတယ်။ အဲဒီနားမှာက လူ ၃ ယောက် စောင့်နေတယ်။ ကျနော်တို့ မဲလာပေးကြောင်း အဖြစ် စာရွက်တစ်ပိုင်းကို ပြန်ယူထားတယ်။ ပြီးတော့ မဲပုံးက ကန့်လန့်ကာ ကာထားတဲ့ အခန်းထဲမှာ အဲဒီမှာ ဘောလ်ပင်၊ ကော် စတာတွေ ထားထားပေးတယ်။ အဲဒီ အခန်းထဲမှာ စာရွက်ပေါ်မှာ ကန့်ကွက်တယ်၊ ထောက်ခံတယ်ဆိုတာ ကို ခြစ်ပြီးရင် စာအိတ်ထဲထည့် ကော်ပိတ်ပြီး ပုံးထဲ ထည့်ရတယ် " ဟု မဇ္စျိမသို့ ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးတွင်မူ ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့ များတွင် နံနက် ၈း၃၀ မှ ညနေ ၆း၃၀ အထိ မဲပေးခွင့် ပြုထားသည်။

" ကျနော်တို့က အကြောင်းကြားစာတွေတော့ အားလုံးကို ပို့ထားတာပဲ။ ဘယ်နှစ်ယောက်လောက် လာမယ်ဆိုတာတော့ ပြောလို့မရဘူး " ဟု ဂျပန်ရှိ မြန်မာသံရုံးမှ ၀န်ထမ်းတဦးက မဇ္စျိမသို့ ပြောသည်။

စင်ကာပူ မြန်မာသံရုံးတွင် မဲပေးခြင်းကို ဧပြီ ၂၅ မှ ၂၇ အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပြုလုပ်မည် ဖြစ်သည်။

စင်ကာပူရှိ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများမှ ၂၇ ရက်နေ့တွင် မဲလာပေးကြသူများအား ကန့်ကွက်မဲထည့်ရန် NO တံဆိပ် ရိုက်နှိပ်ထားသော တီရှပ်များ၊ ဦးထုပ်များကို ဝေမည်ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတဦးက ပြောကြားသည်။

"တီရှပ်က အထည် ၇၅၀၊ ဦးထုပ်က အလုံး ၁၀၀၀။ ရေသန့်လှူတဲ့ သူလည်း ရှိတယ်။ ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေကလဲ လာကူကြမယ်။ ကျန်းမာရေးအတွက် အရေးပေါ် သုနာတင်ယာဉ်ပါလိမ့်မယ်။ အဓိကကတော့ ကျနော်တို့က ကန့်ကွက်ကြမယ် ဆိုတဲ့ မက်ဆေ့ခ်ျကို ရသွားစေချင်တာပါ" ဟု သူကပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းတက်နေသော ကျောင်းသားများမှ စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ကန့်ကွက်မဲ၊ ထောက်ခံမဲများ ပေးနိုင်ရန်အတွက် သံရုံးများတွင် စီစဉ်ပေးထားခြင်း ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှာ မြန်မာ အများစုတို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော တိုင်းပြည်များ ဖြစ်သည်။



NO. စာလုံးပါ တီရှပ်များ ပြန်သိမ်းနေ

နန်းဒေဝီ
Monday, 21 April 2008 19:26 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ အရောင်းစင်တာ တချို့်တွင် ရောင်းချပြီးဖြစ်သော Nobody တံဆိပ် အမှတ်အသား အတိုကောက်စာလုံး NO. ပါရှိသည့် တီရှပ်များကို အရောင်း ကိုယ်စားလှယ်များက ပြန်လည် သိမ်းဆည်းနေသည်။

ထိုင်းနိုင်ငံထုတ် Nobody ကုန်အမှတ်တံဆိပ် Logo အတိုကောက် ရေးထားသည့် NO. စာလုံးပါ ရောင်စုံတီရှပ်များကို အရောင်းစင်တာများသို့ ဖြန့်ဖြူး ရောင်းချပြီး ၃ လအကြာတွင် ယခုလို ပြန်လည် သိမ်းဆည်းနေခြင်း ဖြစ်သည်။

“NO. ပါနေတယ်ဆိုလို့လေ။ ဟိုတလောက ဗီအိုအေ၊ ဘီဘီစီတွေကို နားထောင်ရင်းနဲ့ အဲဒါတွေ ဝတ်ပြီးတော့ ဆန္ဒပြတာတွေ ရှိတယ် ကြားထားလို့လေ။ အဲဒါကြောင့် ကျမ လိုက်သိမ်းနေတာ။ အာဏာပိုင်ဘက်က ဘာမှ မပြောပါဘူး။ ဆိုင်ထိခိုက်မှာ စိုးလို့လေ” ဟု ရန်ကင်းစင်တာ အရောင်း ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် Nobody အမှတ်တံဆိပ်များ ရောင်းချပေးနေသည့် Shopping Centre များ ဖြစ်သော ၈ မိုင်လမ်းဆုံရှိ Junction 8 ၊ ရန်ကင်း ရှော့ပင်စင်တာ၊ အိုရှင်း၊ အောင်ချမ်းသာ ရှော့ပင်စင်တာ၊ ဒဂုံစင်တာများမှ NO. တံဆိပ်ပါ တီရှပ်များအား ယနေ့မှစတင်ကာ လိုက်လံ သိမ်းဆည်းနေခြင်း ဖြစ်သည်။

“ဒီအမှတ်တံဆိပ်က ဒီဇိုင်းတွေက အများကြီးရှင့်။ ဆိုတော့ ဒီဇိုင်းတခုမှာ အဲလို NO. ပါတာ ၁ဝ ထည်လောက်ပဲ ရှိမယ်။ ဆိုင်တဆိုင်မှာ ဒီဇိုင်းအများကြီးထဲကနေ ၁ဝ ထည် အများဆုံးတော့ ပါတယ်။ အခုတော့ အကုန် လိုက်သိမ်းနေတာ။ တချို့ဆိုင်ကနေ ပြန်ရတာ ၃-၄ ထည်လောက်ပဲ ပြန်ရတယ်” ဟု သူက ဆက်ပြောသည်။

တီရှပ်ရှေ့မျက်နှာစာတွင် ရင်ဘတ်အပြည့် NO. စာလုံးအား အဝိုင်းသဏ္ဍာန် ပုံဖော်ထားပြီး အကျီအဖြူပေါ်တွင် အပြာရောင် NO. စာလုံးရေးထားကြောင်း မျက်မြင်တဦးက ပြောသည်။

“စာလုံးကတော့ ထင်ထင်ရှားရှားပဲ။ ကုမ္ပဏီက သူ့အမှတ်တံဆိပ်သူ ရိုက်ထားတာ။ အဲဒါ ဘာဖြစ်လို့ သိမ်းလည်းတော့ မသိဘူး။ သိမ်းမှတော့လည်း ဘောင်းဘီပါ သိမ်းရမယ်။ ဘောင်းဘီမှာလည်း NO. တံဆိပ်ပါတယ်လေ။ ခါးပတ် ပတ်ထားရင်တော့ မမြင်ရတော့ဘူး” ဟု မျက်မြင်က ပြောသည်။

စစ်အာဏာပိုင်များက နှစ်ပေါင်း ၁၄ ခန့် အချိန်ယူ ရေးသားခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အား အတည်ပြုရေးအတွက် လာမည့် မေလ ၁ဝ ရက်တွင် ပြည်လုံးကျွတ် လူထုဆန္ဒ မဲပေးရာ၌ ကန့်ကွက်မဲ ပေးကြရန် ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုများက စည်းရုံးနေသည်။

မကြာသေးခင်က ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်အတွင်း မေလဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲ ပေးရန် NO. စာလုံးပါ တီရှပ်များကို ဝတ်ဆင်ပြီး လှုံ့ဆော်နေသည့် လူငယ် ၂ဝ ကျော်အား ဒေသ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ မေးမြန်းစစ်ဆေးပြီး ပြန်လွှတ်လိုက်သော်လည်း ဝတ်ဆင်ခဲ့သည့် တီရှပ်များကို သိမ်းဆည်းခဲ့သည်။



ကမ္ဘာကျော် ဦးပိန်တံတား ကျိုးကျ

ဖနိဒါ
Monday, 21 April 2008 17:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ဖြတ်ဆောက်ထားသည့် ဦးပိန်တံတားမှာ ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့တွင် လူများသဖြင့် ၀န်အားမနိုင်ဖြစ်ကာ ကျိုးကျသွားခဲ့သည်။

u-bein-bridge.jpg

မဟာသင်္ကြန် ရက်များအတွင်း လာရောက် လည်ပတ်သူများ စည်ကားစွာ ရှိနေသည့် ဒုတိယ အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် ဦးပိန်တံတားမှာ ၀န်မခံနိုင်ဘဲ ကျိုးကျသွားခဲ့ခြင်း ဖြစ်သည်။

“တံတားက ကျိုးကျသွားတယ်။ လူကများတော့၊ တံတားကလည်း ဆွေးနေတော့ ဝိတ်မခံနိုင်ဘဲ ကျိုးကျတာလေ။ အလယ်လောက်က နှစ်ခန်းလောက် ကျိုးတာ။ အရှေ့ဘက် ဇရက်နှစ်ခန်း သုံးခန်းကြားမှာ ကျိုးသွားတယ်။ အဲဒီနေရာကို အခုအချိန်အထိ မပြင်ရသေးဘူး” ဟု မန္တလေး မြို့ခံတဦးက ပြောသည်။

ဦးပိန်တံတားသည် မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ဖြတ်၍ တည်ဆောက်ထားကာ တံတားအရှည်မှာ ၁ ဒသမ ၂ ကီလိုမီတာ သစ်သားနှင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

“ဘယ်သူသေတယ် ဆိုတာတော့ မကြားသေးဘူး။ အခုအချိန်အထိ ဘာမှ မလုပ်သေးဘူး။ လူတွေကတော့ နည်းနည်းလေးတော့ ထိခိုက်တယ်လို့ ပြောတာပဲ။ အခုအချိန်အထိ သွားလို့လာလို့ မရသေးဘူးဗျ” ဟု မန္တလေး ဒေသခံက ဆက်ပြောသည်။

ယခင်က တံတား တခုလုံးကို ကျွန်းတိုင်ကြီးများ၊ ကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်၍ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ကျွန်းသစ်လုံး တံတားအဖြစ် ကမ္ဘာလှည့် ခရီးသွားများကြားတွင် ထင်ရှားသည်။

ဒေသခံတဦးက “ကလေးတယောက် ပြုတ်ကျတယ် ကြားတယ်။ အပျက်အစီးတွေနဲ့ရောပြီး ကျသွားတာ။ သူ့အမကတော့ ပြာနေတာပဲလို့ တွေ့တဲ့လူတွေက ပြောကြတယ်။ ကလေး ဘာဖြစ်သွားလဲ၊ နောက်ဆက်တွဲတော့ မသိဘူး” ဟု ပြောသည်။

သူက ဆက်ပြီး “လူတွေကတော့ အရှေ့ဘက် အနောက်ဘက် သွားမယ်ဆိုရင် ရေတော့ ရှိသေးတယ်။ လမ်းလျှောက်သွားလို့တော့ မရသေးဘူး။ အင်းကြီးကို သွားချင်တယ် ဆိုရင်တော့ ပတ်လမ်းကနေ သွားတာပေါ့နော်။ နည်းနည်းတော့ ဝေးသွားတာပေါ့” ဟု ပြောသည်။

ဦးပိန်တံတားကို ၁၈ ရာစုခန့်က အင်းဝမှ အမရပူရသို့ မြို့တော် ပြောင်းရွှေ့ရာတွင် အင်းဝနန်းတော်မှ ကျွန်းတိုင်များကို အမရပူရ မြို့တော်ဝန်သို့ ပေးအပ်ခဲ့ရာ ယင်းသစ်လုံးများဖြင့် မြို့တော်ဝန်၏ စာရေး ဦးပိန်ဆိုသူမှ တံတား ဆောက်လုပ်ခဲ့ရာမှ အဆိုပါအမည် တွင်ခဲ့ခြင်း ဖြစ်သည်။

လှပသော သဘာဝပတ်ဝန်းကျင် ရှုခင်းများနှင့်အတူ ကျွန်းသစ်တိုင်လုံးပေါင်း ၁ဝ၆ဝ ဖြင့် ထူးခြားဘွယ် ဆောက်လုပ်ထားသည့် တံတားတခု ဖြစ်သောကြောင့် ကမ္ဘာလှည့် ခရီးသွားများအကြား ရေပန်းစားလှသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates