Tuesday, October 9, 2007

ပြည်ပသတင်းဌာနများကို တိုက်ခိုက်ရန် စစ်အစိုးရ ကြံ့ဖွံ့ကို ညွှန်ကြားထား

မျိုးကြီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများကို မြန်မာပြည်သူများမှ အလေးထားမှုနှင့် ယုံကြည်မှု ကင်းမဲ့စေရန် အတွက် ကြံ့ဖွံ့ အဖွဲ့ဝင်များမှ လုပ်ဆောင်ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ အပြောအရ သိရသည်။

မြန်မာနိုင်ငံ တဝှမ်းရှိ နအဖ ဝန်ထမ်းများ၊ အောက်ခြေ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အတွင်းမှာပင် ပြည်ပအခြေစိုက် မြန်မာ ရေဒီယို သတင်းဌာနများ ဖြစ်သည့် VOA, DVB, RFA နှင့် BBC တို့မှ ထုတ်လွင့်သည့် သတင်းများကို အားထား နားထောင်လျက် ရှိသည်ကို ချေဖျက်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

“အခုက လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ကိုယ်တိုင်က အစိုးရအပေါ် ယုံကြည်မှု မရှိတာတွေ ဖြစ်လာတယ် ထင်တယ်။ အဲဒါကြောင့် ပြည်ပ မီဒီယာတွေက ဆူပူမှု ဖြစ်အောင် သွေးထိုးနေတယ်လို့ ရေဒီယို သတင်းတွေက သတင်းအမှားတွေ လွှင့်နေတယ်ဆိုတာ လိုက်ရှင်းပြနေရတယ်။ မြို့နယ် အာဏာပိုင်တွေကလေ” ဟု မြစ်ကြီးနားမှ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ အာဘော် နေ့စဉ်ထုတ် သတင်းစာများတွင်လည်း မလိုက်မနေရ ဖိအားပေး ညီလာခံ ထောက်ခံပွဲများနှင့် ဖြစ်ပွားခဲ့သော လူထု ဆန္ဒပြမှုများကို ရှုတ်ချ ပြောဆိုမှုများ အဆက်မပြတ် ဖော်ပြနေပြီး “မိုးလုံးပြည့် မုသာဝါဒီ RFA VOA နှင့် BBC" RFA VOA နှင့် BBC အဖျက်သမားများ သတိထား” RFA VOA နှင့် BBC လေလှိုင်းပေါ်က လူသတ်သမားများ” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မြို့ကြီး အများအပြားတွင် ဖြစ်ပွားခဲ့သော သံဃာတော်များမှ နအဖ စစ်အာဏာရှင်များကို ပတ္တိနိက�ုဇ္ဇန ကံဆောင် သပိတ်မှောက်သည့် လမ်းလျှောက် ဆန္ဒပြပွဲများ၊ ပြည်သူလူထု ပူးပေါင်း ပါဝင် လှုပ်ရှားမှုများနှင့် အကြမ်းဖက် နှိပ်ကွပ်မှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာပြည်တွင်း ရေဒီယိုသတင်း နားထောင်မှုများ အထူးပင် ခောတ်စားနေခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates