မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၉ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရန်ကုန်မြို့အတွင်း ယနေ့ နေ့လည်ပိုင်းက အင်တာနက်လိုင်း ပြန်ရခဲ့သော်လည်း နာရီ အနည်းငယ် အကြာ၌ လိုင်းပြတ်တောက်မှုနှင့် ကြုံခဲ့ကြရကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူများက ပြောကြားသည်။
မြန်မာစံတော်ချိန် ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရုတ်တရက် ပြန်ဖွင့်ပေးလိုက်သည့် အင်တာနက်လိုင်းသည် ညနေပိုင်း ၂ နာရီကျော်တွင် ပြန်လည်၍ ပြတ်တောက်သွားခဲ့သည်။ ညဘက်တွင် တဖန် ပြန်လည် ပေါ်ထွက်လေမလား ဟူသည့် မျှော်လင့်ချက်ဖြင့် အင်တာနက် သုံးစွဲသူများ စောင့်စားနေကြသည်။
ပေါ်တလှည့် ပျောက်တလှည့် ဖြစ်ရခြင်းသည် ဆာဗာ ပျက်သွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ တယ်လီပို့ထ်ဌာနက မဇ္ဈိမသို့ ပြောသည်။
“အင်တာနက်ရအောင် ထိုင်ပေးတဲ့ ဆာဗာတမျိုး ဒေါင်းသွားလို့ပါ ခင်ဗျာ။ အဲဒါက လောလောဆယ် မတည်ငြိမ်သေးလို့ပါ ခင်ဗျာ။ ဘယ်တော့ ပြန်ရမယ် ဆိုတာတော့ မပြောတတ်ပါဘူး။ ညဘက် စောင့်ကြည့်ကြပါ ခင်ဗျာ” ဟု မြန်မာ တယ်လီပို့ထ်မှ ဝန်ထမ်းတဦးက ပြောသည်။
လူထု ဆန္ဒပြပွဲများအပေါ် သွေးမြေကျ ဖြိုခွင်းမှုများ ပိုမိုလုပ်လာခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ အင်တာနက်လိုင်းများ စစ်အစိုးရက ဖြတ်တောက်လိုက်သောကြောင့် ဆိုက်ဘာကဖေး အများစု ပိတ်ထားခဲ့ရသည်။
“ဆိုင်က အင်တာနက် မရတဲ့နေ့ ဆိုရင် ပိတ်ထားရတယ်။ အခုက ညဘက်မှာ ရတယ်ဆိုတော့ စာပို့ချင်တဲ့ လူတွေက ကြိုအကြောင်းကြား၊ ဖုန်းဆက်ထားတယ် ဆိုရင် သူတို့ ပို့ချင်တဲ့ စာတွေကို ကျနော်တို့က ညဘက်မှာ ပို့ပေးရတယ်။ စာကို ပရင့်အောက် လုပ်ချင်တဲ့ လူတွေလည်း ကြိုအကြောင်းထားရတယ်” ဟု ရန်ကုန်မြို့မှ အင်တာနက်ကဖေး ပိုင်ရှင်တဦးက ပြောသည်။
လတ်တလောတွင် အင်တာနက် ကဖေးများ၌ တနာရီကို ၅ဝဝ ကျပ်ဖြင့် သုံးစွဲနိုင်ပြီး၊ ည ၉ နာရီ နောက်ပိုင်း ကျပ်ငွေ ၃ဝဝ ဈေးလျှော့ချပေးမှုများ ဖြစ်ထွန်းနေသည်။