Monday, April 25, 2011

လောင်းကစားတွေကို တားဆီးပေးပါ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

အယ်ဒီတာခင်ဗျား …


ကျနော်တို့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ခွေးလေးကြီးကျေးရွာအုပ်စု သရက်ချောင်းရွာဟာ ရွာအရွယ်အစားနဲ့ မမျှအောင်ဘဲ ၂ လုံးထီ၊ ချဲထီ လောင်းကစားမှုတွေ ပြောင်ကျကျ လုပ်နေပါတယ်။ ရွာထဲမှာပဲ လောင်းကစားဒိုင်က ၁ဝ ဒိုင် ဝန်းကျင်လောက်ကို ရှိနေတာပါ။

ရွာသားတွေလည်း လောင်းကစားထဲမှာ သံသရာလည်ပြီး အကြွေးထဲ နစ်မွန်းနေပါတယ်။ လောင်းကစား ရှုံးကြွေးကို ချေးငွေအဖြစ်နဲ့ ဟန်ဆောင်လိမ်လည် စာချုပ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီအောင် (ယခင် ရယက ဥက္ကဋ္ဌ) က ချုပ်ဆိုပေးနေပါတယ်။ အကြွေးတင်သူတွေကို စာနဲ့ဆင့်ခေါ်ပြီး အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေတာပါ။

စာချုပ်မှာ လယ်အပေါင်၊ အိမ်အပေါင် ဖော်ပြထားပြီး လယ်သိမ်း၊ အိမ်သိမ်းမှု လောင်းကစား
ဒိုင်တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ပူးပေါင်းလုပ်ကိုင်နေခြင်းပါ။ ရွာသားတွေက မကျေနပ်ပေမယ့်လည်း မပြောဝံ့ပါဘူး။

လောင်းကစားဒိုင်တွေက အဖမ်းအဆီး တာဝန်ယူတယ်လို့ ကြွေးကြော်ပြီးတော့ကို ကစားဖို့ ဆွဲဆောင်နေတာပါ။ အလောင်းအစား များလွန်းလို့ ရွာတွေရဲ့ အေးချမ်းသာယာရေးကို ထိခိုက်လာနေပါတယ်။

အစိုးရဌာနတွေကို အတိအကျ တိုင်တန်းလူတွေ ရှိပေမယ့် ဒိုင်တွေကတော့ အခုထိ ပန်းပန်လျက်ပါ။ မြောင်းမြမြို့နယ် တောင်ပေါ်စုရွာ လောင်းကစားဒိုင်တွေကို မြေပုံကြမ်းနဲ့တကွ တိုင်ပေမယ့် အာဏာပိုင်တွေဘက်က အရေးယူတာ မရှိပါသေးဘူး။

သူတို့တွေ အရေးယူမခံရပေမယ့်၊ တိုင်ကြားသူ ရွာသားတွေကိုတော့ အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးတာ ခံကြရလို့ မတိုင်ဝံ့တော့ဘဲ မဇ္ဈိမကတဆင့် နေပြည်တော်မှာရှိနေကြတဲ့ အစိုးရသစ် အထက်လူကြီးတွေ သိစေဖို့နဲ့ အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။

သရက်ချောင်းရွာနဲ့ တောင်ပေါ်စု ရွာသားများ
မြောင်းမြမြို့နယ်
ဧရာဝတီတိုင်း
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates