Wednesday, October 24, 2012

ရန်ကုန် ကွန်ဒို တိုက်ခန်း ဈေးကွက် ထိပ်ဆုံး ရောက်လာ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်   

ရန်ကုန် မဇ္ဈိမ။    ။ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒို တိုက်ခန်း ဥပဒေ ထွက်ပေါ်တော့မည့် သတင်းများနှင့် အတူ ကွန်ဒို တိုက်ခန်း အရောင်းအဝယ်နှင့် အငှားဈေးကွက်များ ထိပ်ဆုံးသို့
ရောက်ရှိလာကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု အကျိုးဆောင်အသင်း မှတဆင့် သိရသည်။

“မြို့လယ်နဲ့ နီးတဲ့နေရာတွေ၊ သွားရေးလွယ်တဲ့ နေရာတွေ၊ မြေညီမှာ ကားပါကင် ရှိမှု၊ ၂၄ နာရီ ရေ-မီး၊ လုံခြုံရေး စနစ် ကောင်းမွန်မှုစတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကွန်ဒို တိုက်ခန်း ပျမ်းမျှဈေးက ၁ စတုရန်းပေကို ကျပ် ၇ဝ,ဝဝဝ လောက်ကနေ ၁၈ဝ,ဝဝဝ၊ နှစ်သိန်း၊ သုံးသိန်းအထိ ရှိနေပါတယ်” ဟု လတ်တလော ဈေးကွက် ပေါက်ဈေး များကို အိမ်ခြံမြေ အကျိုးဆောင်အသင်းမှ ဦးဟိန်းမိုးမြင့်လွင် က ပြောပြသည်။

မြေဈေးနှုန်းများ ကောင်းလာသဖြင့် မြေရောင်းချကာ ကွန်ဒိုများ ဝယ်ယူနေထိုင်ခြင်း၊ ကုန်ကျစရိတ်
လျှော့ချလိုသူ များက လုံးချင်းတိုက်များ ရောင်းချကာ ကွန်ဒိုတွင် နေထိုင်လာခြင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူ နိုင်ငံခြားသား အများစုမှာ ကွန်ဒိုတွင် နေထိုင်လာခြင်းနှင့် လူလတ်တန်းစားများ တတ်နိုင်သေး သည့် ဈေးနှုန်းများ ဖြစ်နေခြင်းကြောင့် ကွန်ဒိုဈေးကွက်မှာ ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ကွန်ဒိုတွင် နေထိုင်သည့် ယဉ်ကျေးမှု ထွန်းကားလာသည်ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

“ဗဟန်း၊ စမ်းချောင်းမြို့နယ်ထဲက ၁,၅ဝဝ စတုရန်းပေ အကျယ်ရှိတဲ့ ကွန်ဒိုတွေ ကျပ်သိန်း ၁,၅ဝဝ နဲ့ ၁,၈ဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်။ မရမ်းကုန်းမြို့နယ်ထဲက စတုရန်းပေ ၂,ဝဝဝ ဝန်းကျင် အကျယ်ရှိတဲ့ ကွန်ဒိုအခန်းကို ကျပ်သိန်း ၂ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ရန်ကင်းမြို့နယ်ထဲက စတုရန်းပေ ၁,၅ဝဝ အကျယ်ရှိတဲ့ ကွန်ဒိုကို ကျပ်သိန်း ၁,၈ဝဝ ကျော်နဲ့ အရောင်းအဝယ် ရှိခဲ့တယ်” ဟု မင်္ဂလာတောင်ညွန့် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ကွန်ဒိုတွင် နေထိုင်သူများလာခြင်းမှာ လုံးချင်းတိုက်ဖြင့် နေထိုင်ပါက လုံခြုံရေး၊ သန့်ရှင်းရေး၊ ထိန်းသိမ်းစရိတ်များ အပိုကုန်ကျခြင်းနှင့် လုံးချင်းအိမ်ရာအများစုမှာ သီးခြား ရှိနေခြင်းတို့ကြောင့် တက္ကစီအငှားသမားများက ဈေးပိုတောင်းသဖြင့် ခရီးစရိတ် ပိုသုံးရခြင်း၊ လူနည်းစု နေထိုင်ရန် မသင့်ခြင်း စသည့် အချက်များကြောင့် ကွန်ဒိုတွင် နေထိုင်သူ များပြားလာခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

“အချို့ကွန်ဒိုတွေက ရှော့ပင်မောတွေ ပါတယ်။ မြေအောက်မှာ ကားပါကင် ပါတယ်။ လုံခြုံရေးစနစ်
ကောင်းတာတွေကြောင့် ကွန်ဒိုအခန်းကို ကြိုက်တဲ့သူ များလာတယ်။ ဒါ့အပြင် နိုင်ငံခြားသား အများစုကလည်း ကွန်ဒိုတိုက်ခန်း ကိုပဲ ငှားကြတာ များတယ်။ အချို့ဆိုရင် အိမ်နဲ့ ရုံးခန်း တွဲသုံးကြသူတွေလည်း ရှိတယ်” ဟု ကျောက်တံတား မြို့နယ်မှ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တဦးက သုံးသပ်ပြောကြားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates