Thursday, April 7, 2011

အောက်ခြေဝန်ထမ်း အဆင့်အတန်း မြင့်ချင်ရဲ့

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၄ မိနစ်

အယ်ဒီတာ ခင်ဗျား …

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှာ ရောက်လာတဲ့ လမ်း၊ တံတား၊ အဆောက်အအုံတို့အတွက် ကျလာတဲ့ AE ၊ SAE ၊ ACE စတဲ့ အင်ဂျင်နီယာတွေဟာ တာဝန်ကျနေရာတွေမှာ သူတို့ဆွေတော် မျိုးတော်တွေ ခေါ်လာပြီး နေရာကောင်းတွေမှာ ထည့်နေတာကို ပြောပြချင်ပါတယ်။ ကျနော်ကတော့ ဆောက်လုပ်ရေး အောက်ခြေဝန်ထမ်းပါ။ နေပူကျဲကျဲမှာ လမ်းကျောက်ခင်း၊ ကတ္တရာခင်းတာတွေ လုပ်ရသူပါ။

အင်ဂျင်နီယာတွေရဲ့ဆွေမျိုး၊ အသိုင်းအဝိုင်းတွေ နေရာကောင်းတွေယူပြီး  ကုမ္ပဏီကြီးတခုလို လုပ်တာပါ။ ဝန်ကြီးဌာနဆိုတာတောင် ပျောက်သွားတယ်။ လုပ်ချင်သလိုလုပ်၊ သူတို့လူတွေ အကုန်ထည့်။ ဘာမှ မလုပ်တတ်၊ မကိုင်တတ်နဲ့ နေရိပ်ထဲမှာ ထိုင်ပြီး ဆီတွေ ခိုးတော့တာပါပဲ။ ဘိလပ်မြေစတိုး၊ ဆီစတိုးတို့လို အေးအေးဆေးဆေး နေရတဲ့ နေရာတွေမှာ သူတို့တွေ ယူထားကြတယ်။ ဟိုတုန်းကနေ အခုချိန်ထိပါပဲ။ ကျနော်တို့ အောက်ခြေဝန်ထမ်းတွေတော့ ဘယ်နှနှစ်ကြာကြာ ဘာလုပ်ပိုင်ခွင့်မှ မရပါဘူး။ ဘေးထုတ်ထားပါတယ်။ ဒါတွေကို အထက်လူကြီးတွေ သိစေချင်လွန်းလို့ပါ။

ကျနော်တို့ ဝန်ထမ်းတွေ နေရထိုင်ရတာ စုတ်ပြတ်သတ်နေတာပဲ။ မိုးတွင်းဆို မိုးယိုတယ်၊ နေ့ခင်းဘက်ဆို ပူလောင်နေတာပါပဲ။ နေလို့ကို မရပါဘူး။ ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်ပါဘူး။ အောက်ခြေ ဝန်ထမ်းဆိုပေမယ့် ကျနော်တို့ အတိုင်းအတာအလျောက် ထားသင့်သလောက်တော့ လုပ်ပေးဖို့ ကောင်းတာပေါ့။  အခုတော့ ကြပ်ကြပ်တည်းတည်းပါပဲ။ မနက် ၇ နာရီခွဲ အလုပ်သွား၊ ညနေ ၅ နာရီပြန်။ ဘာတခုမှ တခြားလုပ်ပိုင်ခွင့် မရပါဘူး။ ဘာမှ တိုးတက်စရာလမ်းလည်း မရှိပါဘူး။

ကျနော်ဆို ဆောက်လုပ်ရေးဝန်ထမ်း လုပ်သက် နှစ် ၂ဝ ကျော်ပါပြီ။ ခံစားနေရတာ ကျနော် အသက် ၄ဝ ကျော်ပြီး ဘယ်မှလည်း လုပ်လို့ မရ၊ ငုံ့ခံပြီး လုပ်နေရတာပါ။ ဒီလိုဘဝနေရတာ မခံနိုင်တော့လွန်းလို့ပါ။ နေလည်း မနေချင်တော့ပါဘူး။ စုတ်စုတ်ပြတ်ပြတ်နဲ့ နေလာရတာပါ။

ကျနော်တို့ အောက်ခြေဝန်ထမ်းတွေရဲ့ နေရာတွေကို လူကြီးတွေ လာကြည့်စေချင်တယ်။ ကျနော်တို့ကို လိုင်းခန်း ဆောက်ပေးထားတယ်။ ၄ ခန်းတွဲ၊ ၅ ခန်းတွဲတို့ ဖြစ်ပါတယ်။ သက်ကယ်မိုး၊ ထရန်ကာ၊ အောက်က ကြမ်းခင်း နေ့ဘက်ဆို ပူ၊ မိုးတွင်းဆို မိုးယို၊ မိုးကာ တက်ကာပြီး နေရတယ်။ ကျနော်က အားလုံးအတွက် ပြောတာပါ။ အားလုံး ကျနော်လိုပဲ ခံစားနေရတာ။

အရင်တုန်းက ဝန်ကြီး ဗိုလ်ချုပ်စောထွန်းကို ဝန်ထမ်းတွေအားလုံး စုပြုံပြီး တိုင်ခဲ့ဖူးပါတယ်။ ဘာမှ ထူးခြားမလာပါဘူး။ နောက် ဗိုလ်ချုပ်ခင်မောင်မြင့်ကိုလည်း တိုင်ခဲ့ပါတယ်။ မထူးခြားပါပဲ။ တိုင်တာက ညီအကိုတွေ ခေါ်လာပြီး ကုမ္ပဏီသဖွယ် လုပ်နေတယ်ဆိုတာကိုပါ။ ဒါ့အပြင် အောက်ခြေ ဝန်ထမ်းတွေရဲ့ နေရာတွေက အဆင့်အတန်း အရမ်းနိမ့်ကျလို့ပါ။ အခုထိလည်း ဘာမှ ပြုပြင်
ပြောင်းလဲလာတာ မရှိသေးပါဘူး။

အခု အစိုးရသစ် ပြောင်းလာတော့ ဘယ်လိုလာမလဲ မသိပါဘူး။ စောင့်ကြည့်နေရဦးမှာ။

ကျနော်တို့ အောက်ခြေဝန်ထမ်းတွေကို ပြုပြင်ပြောင်းလဲပေးဖို့၊ သူတို့ ဆွေမျိုး
အသိုင်းအဝိုင်းတွေချည်းပဲ နေရာကောင်း မယူဖို့ပါ။ ပြောလည်း သိပ်မပြောချင်ပါဘူး။ တိုင်ပြန်ရင်လည်း အလုပ်ပြုတ်မှာက စိုးရပါသေးတယ်။

ဆောက်လုပ်ရေး အောက်ခြေ ဝန်ထမ်းတဦး
နေပြည်တော်


မှတ်ချက် ။     ။ အခု နေပြည်တော်-မြို့သစ်-မကွေး ကားလမ်း ဖွင့်ပွဲတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ပြီးသွားပြီ။ အလုပ်သမားတွေကို မနေ့ညနေတုန်းက နေ့စားခ ရှင်းပေးနိုင်ပါတယ်။ သဲဖိုး၊ ကျောက်ဖိုး တချို့ ကျန်နေပါသေးတယ်။ ဘတ်ဂျက်မကျတဲ့ အပိုင်းတော့ မရှင်းသေးပါဘူး။ သင်္ကြန်ပြီးရင် ကျန်တဲ့ငွေ ပေးမယ်လို့ ပြောတာပဲ။ ဒီကားလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တခြား ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်တဲ့ တော်ဝင် မြင့်မြတ်သူ၊ ရွှေသောင်း၊ ရန်ကုန် ပန်တောင်း စတဲ့ ကုမ္ပဏီတွေ အများအပြား ပူးပေါင်းလုပ်ကိုင်နေတာပါ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates