Monday, April 30, 2012

လယ်/ဆည်ဝန်ကြီး လွှတ်တော်အမတ်များကို တောင်းပန်

မျိုးသန့် | တနင်္လာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။         ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က Hot News ဂျာနယ်တွင် ဖေါ်ပြခဲ့သော လွှတ်တော်နှင့် လွှတ်တော် အမတ်များနှင့် ပတ်သက်သည့် သူ၏ စကားအသုံးအနှုန်းများအတွက် ခွင့်လွှတ်ပေးပါရန် တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင်
တောင်းပန်လိုက်သည်။

“ကျနော့်အပေါ် လွှတ်တော်နှင့်လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေရန်လို့ အထင်အမြင် လွဲမှားမှုရှိနေကြပါသော ကိုယ်စားလှယ်တော်ကြီးများ အားလုံးတို့အားလည်း ဤမြေတွင် အသီးသီးမွေးဖွားခဲ့ကြပြီး တမြေတည်းအတူနေ၊ တရေတည်းအတူသောက်၊ တလှေတည်း အတူခရီးသွား သံသရာခရီးမှာ အတူခရီးသွားနေကြ တဲ့ ခရီးသွားဖော် ညီကိုများအဖြစ် မေတ္တာရှေ့ထားပြီးတော့မှ ကျနော့်အပေါ် ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ် တောင်းပန်ပါကြောင်း” ဟု ပြောသွားသည်။



ဝန်ကြီး၏ Hot News ဂျာနယ်သို့ ဖြေကြားရာတွင် သုံးနှုန်းခဲ့သည့် အသုံးအနှုန်းများနှင့် ပတ်သက်၍
ပြည်ထောင်စု လွှတ်တော် လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို တနင်္လာနေ့လွှတ်တော်တွင် အစီရင်ခံခဲ့ပြီးနောက် ဤကဲ့သို့ ပြန်လည်တောင်းပန်လိုက်ခြင်း
ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာအရ ဝန်ကြီးက “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးတော့ ရောက်လာတဲ့လူဟာ စာမှမတတ်ဘဲ၊ ၁ဝ တန်းမှ မအောင်ဘဲနဲ့။ လွှတ်တော်ကိုယ်စားလှယ်ဆို လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများ ခလုတ်နှိပ်ဆို နှိပ်တယ်။ သူ့မှာ ဘာမှ မရှိဘဲ ဘာတွေ ပြောနေသလဲ၊ သူနားမလည်ဘူး ရမ်းသာလုပ်နေရတယ်” ဟု ပြောကြားခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယင်းအပြင် လွှတ်တော်နှင့် ပတ်သက်၍လည်း “ဥပဒေပြုမယ့် လွှတ်တော်တို့ ဘာတို့ကလည်း တည့်တည့်မတ်မတ် လှော်ရမယ်၊ ဥပဒေဟာ ကမောက်ကမဖြစ်အောင် လုပ်နေတယ်” ဟု၍ ဂျာနယ်သို့ ဖြေကြားခဲ့သည်ကို တွေ့ရှိရသည် ဟုလည်း ဖေါ်ပြထားသည်။

“Hot News ဂျာနယ်၌ စာရေးသူ ‘မမ’ နှင့် ပြည်ထောင်စုဝန်ကြီးတို့၏ ဆွေးနွေးချက်တွင် ဖေါ်ပြပါရှိသော အထက်ပါ အချက်အလက်များမှာ လွှတ်တော်တရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် အယုံအကြည်ကင်းမဲ့စေရန် ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ကြောင်း လေ့လာသုံးသပ်ရရှိပါ သည်” ဟု လွှတ်တော်အခွင့်အရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် ဝန်ကြီးဦးမြင့်လှိုင်သည် လွှတ်တော်ကိုယ်စားလှယ်များကို
တောင်းပန်စေသင့်သည်ဟုလည်း တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံခဲ့ပြီးနောက် ဦးမြင့်လှိုင်က လွှတ်တော်အမတ်များသို့ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်လှိုင်က သူပြောကြားခဲ့သည့် ‘လွှတ်တော်အမတ်များ ၁ဝ တန်းမအောင်’ ဟူသည့်စကားရပ်နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့တွင် လွှတ်တော်အခွင့်အရေး ကော်မတီသို့ ရှင်းလင်းတင်ပြရာတွင် “ကျနော့်ရဲ့ စေတနာမှန်က တကယ့်aစတနာပါ။ ကိုယ်စားလှယ်တော်ကြီးတွေထဲမှာ ခိုင်ခိုင်ခန့်ခန့်ရှိမှ အလားအလာတွေ ကောင်းမယ်။ ဒါကတော့ ရိုးရိုးသားသား ကျနော် တင်ပြခြင်းဖြစ်ပါတယ်။ ကျနော်တို့တွေသည် ခိုင်ခိုင်ခန့်ခန့် လုပ်ထားတဲ့ ကာလမှာ တချို့ ဒီလိုလေးတွေ ရှိနိုင်တယ်ဆိုတာကို ယေဘုယျဆန်ဆန် ပြောခဲ့ခြင်းဖြစ်ပါတယ်။ မည်သူ တယောက်ကိုမျှ နစ်နာစေလို တဲ့ ဆန္ဒ လုံးဝ မပါ ပါဘူးခင်ဗျာ” ဟု ဖြေရှင်းချက် ပေးထားသည်ကိုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ဝန်ကြီးဦးမြင့်လှိုင်နှင့် တွေ့ဆုံမေးမြန်းမှုများကို Hot News ဂျာနယ်တွင် မတ်လ ၂၃ ရက်နေ့က ဖေါ်ပြပါရှိလာရမှ လွှတ်တော်အမတ်များက ဝန်ကြီး၏ ပြောဆိုမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ဝန်ချ တောင်းပန်ခြင်း ပြုလုပ်ပေး ပါရန် ဧပြီလ ၁ဝ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြခဲ့ပြီး နာယက က လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီကို အစီရင်ခံစာ တင်သွင်းစေခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates