Saturday, April 21, 2012

ဂျပန် ရင်းနှီးမြှုပ်နှံမှုများအား ဦးသိန်းစိန် ဖိတ်ခေါ်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်

 နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုကျိုမြို့သို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က ဂျပန်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အား မြန်မာနိုင်ငံမှ စိတ်အားထက်သန်စွာ လိုအပ်လှကြောင်း သောကြာနေ့က ထုတ်ဖော် ပြသလိုက်သည်။

စတုတ္ထအကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် ဦးသိန်းစိန်က “ကျနော်တို့ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အထူးစီးပွားရေးဇုန်တွေလည်း တည်ဆောက်နေ ပါတယ်။ ဒီအခွင့်အရေးမှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု ဖိတ်ခေါ်လိုက်ကြောင်း အေပီသတင်းတရပ်တွင် ရေးသားထားသည်။

“ဂုဏ်သတင်းကြီးပြီး အောင်မြင်လှတဲ့ ဂျပန်ကုမ္ပဏီကြီးတွေအနေနဲ့ ကျနော်တို့ရဲ့ ဒီအားထုတ်မှုကို ကူညီကြလိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဂျပန်စီးပွားရေးတွင် သြဇာကြီးလှသည့် Keidanren အဖွဲ့ကြီးက တည်ခင်းသော နေ့လည်စာ စားပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က
ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငါးရက်ကြာ ခရီးစဉ်အတွင်း ဦးသိန်းစိန်သည် ဂျပန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးမည်ဖြစ်သည်။ ဂျပန် အကူအညီများ ပြန်လည် ရရှိရန်ရှိပြီး ယခင်တင်ရှိနေသော ကြွေးမြီ ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်အား ဂျပန်အစိုးရက လျှော်ပစ်ဖွယ် ရှိနေသည်။

ဂျပန်စီးပွားရေးကုမ္ပဏီအချို့ကလည်း မြန်မာနိုင်ငံတွင် စီမံကိန်းများ စတင်ကာ ရင်းနှီးမြှုပ်နှံကြရန် စိတ်ဝင်စားမှုများ ပြသနေကြသည်။

Tokyo Stock Exchange နှင့် Daiwa Securities Group တို့ကလည်း လွန်ခဲ့သည့် သီတင်းပါတ်အတွင်းက မြန်မာ့ ဗဟိုဘဏ်နှင့် ၂ဝ၁၅ ခုနှစ်တွင် စတော့ဈေးကွက် စတင်နိုင်ရန် ကူညီမည်ဟူ သဘောတူထားခဲ့ပြီး ဖြစ်သည်။

နည်းပညာကုမ္ပဏီကြီးတခုဖြစ်သည့် NTT Data Corp ကလည်း ရန်ကုန်မြို့တွင် ကုမ္ပဏီခွဲ တည်ထောင်သွားမည်ဟု ကြာသပတေးနေ့က ပြောကြားလိုက်သည်။

JETRO ခေါ် ဂျပန်ပြည်ပ ကုန်သွယ်ရေး အဖွဲ့ကြီးမှ အရာရှိတဦးဖြစ်သည့် Eitaro Kojima ကလည်း လက်ရှိ
မြန်မာနိုင်ငံ၏ အခြေအနေမှာ ဂျပန်စီးပွားရေး လုပ်ငန်းများအတွက် “ဘယ်နည်းနဲ့ကြည့်ကြည့် ဒါဟာ တကယ့် အခွင့်ကောင်းပဲ”ဟု ပြောဆိုလိုက်ပြီး လက်လီအရောင်းသမားများ၊ ထုတ်လုပ်သူများနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ ကလည်း မြန်မာပြည်တွင် ရင်းနှီးလုပ်ကိုင်လိုကြသည်ဟု ဆိုသည်။

“နိုင်ငံရေးအရ အဟန့်အတားကတော့ ခုထိ ရှိနေဆဲပါ။ ဒါပေမယ့် ဒီအတားအဆီးဟာ ပြိုလာနေပါပြီ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီကစပြီး တောက်လျှောက် အရှိန်မြင့်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်”ဟု JETRO အရာရှိက ပြော သည်။

မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ၁၉၈၈ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလအထိ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၂၁၄.၉ သန်းမျှသာ ရှိခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး၊ စက်မှုဝန်ကြီး၊ စီးပွား/ကူးသန်းဝန်ကြီး၊ စီမံ/စီးပွားဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေနှင့် ဂျပန်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေး ဝန်ကြီးတို့အပြင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates