Friday, April 27, 2012

ADB အကြွေးကြေမှ ပြန်ကူမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာအစိုးရ ဆပ်ရန်ရှိသည့် ကြွေးငွေ ဒေါ်လာ သန်း ၄၉ဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ် ငွေကြေးအကူအညီများ ပေးနိုင်မည်ဟုဆိုသည်။


အကူအညီများ ပြန်လည်စတင်ပေးရန်အတွက် စုပြုံသော အကြွေးများမှာ “အတားအဆီးကြီး”တခု
ဖြစ်နေကြောင်း ADB ဥက္ကဋ္ဌ Haruhiko Kuroda က ပြောသည်။

“ကျနော် အထူးပြုပြောလိုတာကတော့ အများနဲ့ချုပ်ဆိုရတဲ့ စာချုပ်တွေဖြစ်နေတော့ ကျနော်တို့အနေနဲ့ သိပ်ပြီးပျော့ပြောင်းလို့ မရပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စတုတ္ထ လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည့်အလျောက် ရင်းနှီးမြှုပ်နှံမှုများ အတွက် လုပ်သားအလားအလာ ကြီးမားလှပြီး မဖော်ထုတ်ရသေးသည့် သဘာဝ သယံဇာတများ ရှိနေသည်ဟုလည်း မစ္စတာ ကူရိုဒါ က ပြောသည်။

ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အတိုးနည်းချေးငွေနှင့် ထောက်ပံ့ကြေးများ ပေးလာခဲ့သော ADB အား မူလ စတင် တည်ထောင်သည့် ၁၉၆၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အဖွဲ့ဝင်ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုအား စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည့်မှစ၍ မြန်မာနိုင်ငံအပေါ် ADB ကူညီမှုများ ရပ်ဆိုင်းထားခဲ့သည်။

သို့သော် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အခြေစိုက်သည့် ၎င်းတို့ဘဏ်အနေဖြင့် မြန်မာအစိုးရနှင့် “အပြုသဘော ဆက်ဆံ”ရန် ပြင်ဆင်ထားကြောင်း မစ္စတာ ကူရိုဒါ က ပြောဆိုသွားကြောင်း သြစတြေးလျ ABC သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၂ဝ ကျော် အဆက်ဖြတ်ထားခဲ့သော ကမ္ဘာ့ဘဏ်အနေနှင့်လည်း အကူအညီများ ပြန်လည်ပေးအပ်နိုင်ရန် အတွက် ဘဏ်ရုံးခွဲတခု မြန်မာနိုင်ငံအတွင်း လာရောက် ဖွင့်လှစ်တော့မည် ဖြစ်သည်။

ဇွန်လအတွင်း ဖွင့်လှစ်ရန်ရှိသည့် ကမ္ဘာ့ဘဏ်ရုံးအနေဖြင့် လက်ရှိ အကြွေးများကို စီစစ်သွားကာ တိကျမှန်ကန်သည့် စီးပွားရေးအချက်အလက်များကို ရယူသွားမည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်အား ပေးရန်ရှိသည့်အကြွေးမှာလည်း ဒေါ်လာ ၃၉၃ သန်း ရှိနေသည်မှာ ၁၉၈ဝ စုနှစ်များကတည်းကဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အရှေ့အာရှ ဒု-ဥက္ကဋ္ဌ Pamela Cox က ပြောကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြပါရှိ သည်။

မြန်မာအစိုးရနှင့် ဆက်ဆံရေးအတွက် ဘဏ်၏ဘုတ်အဖွဲ့၊ ရှယ်ယာရှင်များ၊ အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန်ပုံငွေအဖွဲ့၊ တွဲဖက်အဖွဲ့များအပြင် မြန်မာအစိုးရနှင့်ပါ နီးကပ်စွာ လုပ်ကိုင်လျက်ရှိကြောင်း မစ္စကောက်က်စ် က ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးတွေဟာ အကဲဆတ်သေးတယ်ဆိုတာ ကျမတို့ သတိပြုမိပါတယ်။ စွန့်စားရမယ့် ဟာတွေလည်း သိထားပါတယ်။ ကျမတို့နဲ့ ထိတွေ့ဆက်ဆံရေး တိုးတက်မြန်ဆန်မှုဟာ ပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်ထိ ထိန်းထားနိုင်မလဲ ဆိုတာအပေါ်မှာ မူတည်ပါတယ်” ဟု ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates