Monday, April 23, 2012

ပိုမိုရာထူးမြင့်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်မည်

ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။        ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်ခန့်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနှင့် အမျိုးသားလွှတ်တော် ၂၀ ဦးတို့အား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ ကာကွယ်ရေးဦးစီးချုပ်မှ အကြောင်းကြားချက်အရ အစားထိုး ပြောင်းလဲလိုက်ခြင်း
ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။

တပ်မတော် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တွင် ဧပြီ ၂၃ ရက် ၂၀၁၂ ခုနှစ် နံနက်ပိုင်းက ကျမ်းသစ္စာ ကျန်ဆိုနေစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ထိုသို့ ပြောင်းလဲ ခန့်ထားရာတွင် ယခင်လွှတ်တော်တက်ရောက်နေသော ဗိုလ်မှူးအဆင့်ရှိ ကိုယ်စားလှယ်များအစား ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယခင်တပ်မတော်သား ကာကွယ်ရေး ကြည်းနံပါတ်မှာ အများအားဖြင့် အမှတ်စဉ် ၃ သောင်းကျော်တွင်ရှိသော တပ်မတော်သားများ ဖြစ်ပြီး အသစ်ပြောင်းလဲလိုက်သော ကိုယ်စားလှယ် တပ်မတော် အမှတ်စဉ် ၂ သောင်းကျော်ရှိ
သော တပ်မတော်သားများဖြစ်၍ အနည်းငယ် ဝါရင့်သူများအား အစားထိုးလဲလှယ်ထားသည်ကို တွေ့ရသည်။

“ကျနော့်အမြင်တော့ တပ်မတော်သည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းမှု တရပ်လို့ပဲ ထင်ပါတယ်။ အရွယ်ငယ်သူတွေ အနေနဲ့ ပွင့်လင်းခေတ်မီတဲ့ အမြင်ရှိသူ စစ်ဗိုလ်တွေ များတယ်လေ။ ပြီးတော့ ကိုယ်ကျိုး စီးပွားပိုင်ဆိုင်မှုတွေလည်း သိပ်မရှိသေးတော့ လူထု အများစုဘက် ယိမ်းသွားနိုင်တယ်။ ဒါကို ကာကွယ်လိုက်တာလို့ပဲ မြင်ပါတယ်။ အဓိက ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဇောင်းပေးချည်းကပ်လာမှု အားလုံးအပေါ် ခံစစ် စနစ်တကျ ပြင်လိုက်တာပါပဲ” ဟု တပ်မတော်သား ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သုံးသပ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များအား ယခင်က အနည်းအကျဉ်းမျှ ပြောင်းလဲခန့်အပ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အများအပြား အစားထိုးခန့်အပ်ခြင်းကို ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်
ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအရ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ပေါင်း ၄၄ဝ ဦးထဲမှ တပ်မတော်သား ၁၁ဝ ဦး၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာမှ တပ်မတော်သား ၅၆ ဦးပါဝင်ရာ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိသည်။

ရွေးကောက်ပွဲများမှ တက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ ကြားဖြတ်
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၄၂ ဦးနှင့် အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိသည်။

သို့သော် NLD အမတ်များအနေဖြင့် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရန် စကားလုံး ပြင်ဆင်ပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်၍ တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates