Monday, April 23, 2012

CPI ပေးမည့် တနှစ်စာ ဆန်ကို မြစ်ဆုံဒေသခံများ မျှော်လင့်နေ

ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာသားများအား တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ တနှစ်စာ ဆန်ထောက်ပံ့ပေးမည် ဆိုစကားအရ ဒေသခံများ မျှော်လင့်နေကြသည်ဟု
အောင်မြင်သာကျေးရွာ ဒေသခံ တဦးက ပြောသည်။

တနှစ်စာ ဆန်ထောက်ပံ့မည်ဟု ဧပြီလ ၁၇ ရက်နေ့က အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ရွာသားများကိုခေါ်ယူစည်းဝေးစဉ် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တာဝန်ခံ LU Qizhou နှင့်အဖွဲ့က ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

“CPI က အကြီးဆုံး မစ္စတာ LU Qizhou က ဒေသခံတွေ ဘာခက်ခဲနေတယ်ဆိုတာ ပြောပြခိုင်းတယ်။ ရွာသားတွေက အခက်အခဲတွေကို ပြောပြတယ်။ CPI ဥက္ကဋ္ဌက သူတို့က စီမံကိန်း ရပ်လိုက်တော့ ဆုံးရှုံးမှု အများကြီး။ ဒီရေကာတာ မလုပ်ရင်လည်း မင်းတို့ကို သနားလို့ တနှစ်စာ ဆန် ထောက်ပံ့မယ်လို့ ပြောတယ်။ အဲဒါ မျှော်လင့်နေတာ။ သူတို့ ပေး မယ်ဆိုတော့ ဝမ်းသာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အောင်မြင်သာ ကျေးရွာသားများက မိမိတို့၏ နေထိုင်နေသော မြေနေရာတွင် စိုက်ပျိုးစားသောက်၍ မရခြင်း၊ အိမ်များ လေတိုက်၍ ပျက်ဆီးနေမှု၊ စီးပွားရေးကြပ်တည်းမှု စသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်ဟု သူက ဆက်ပြော သည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ရွားသားများအတွက် အစိုးရ၊ CPI နှင့် အေးရှားဝေါ်လ် ကုမ္ပဏီတို့က တနှစ်ခန့်ကြာ စားစရိတ်များ ထောက်ပံ့ပေးခဲ့ပြီး ၂ဝ၁၁ နှစ်လယ်နောက်ပိုင်း ထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။

လက်ရှိ ကျေးရွာဒေသခံများက အောင်မြင်သာရွာမှ နဂိုနေထိုင်ခဲ့သော တန်ဖဲကျေးရွာသို့ တက်၍ တောင်ယာ လုပ်ကိုင်
ခြင်း၊ ပန်ရံလိုက်ခြင်း၊ jadeland ကုမ္ပဏီမှ ယာခင်းခုတ်ထွင်ရန် နေ့စားအလုပ် လုပ်ခြင်းနှင့် တနိုင်တပိုင် ရွှေကျင်၍ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီက ပေ ၂၀ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များ ဆောက်ပေးခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ညက လေပြင်းတိုက်ခတ်ခဲ့သဖြင့် အောင်မြင်သာကျေးရွာမှ အိမ်အများအပြား ခေါင်မိုး သွပ်မိုး ကျွတ်ထွက်ခြင်း၊ တံခါးများ ပျက်ဆီးသွားသည်ဟု ဆိုသည်။

“ခုတလော လေတိုက်လို့ သွပ်မိုးတွေ အကုန်လန်ကုန်တယ်။ တချို့ အိမ်ခေါင်မိုးတွေ ကျွတ်ထွက်သွားတယ်။ အိမ်သာ
တွေ ကျိုးတာတွေလည်း ရှိတယ်။ ခုလည်း နေ့တိုင်းလို လေတိုက်တယ်။ ပြတင်းပေါက် မှန်တွေကွဲ၊ တံခါးတွေ ပျက်၊ အိမ်ရွှဲတဲ့ အိမ်လည်း ရှိတယ်။ တချို့က ကိုယ့်ဖာသာကိုယ်ပြင်၊ တချို့က မပြင်နိုင်လို့ ဒီအတိုင်းပဲ နေနေကြတယ်” ဟု အဆိုပါ ဒေသခံက မဇ္စျိမကို ပြောသည်။

အောင်မြင်သာကျေးရွာတွင် အိမ်ခြေ ၃၇၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုး၍ မရသဖြင့် မူလ တန်ဖဲကျေးရွာသို့ တရားမဝင် သွားရောက်၍ တောင်ယာလုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

မတ်လ ကုန်ပိုင်းက မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် စတင်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ လက်ရှိမှာ လုပ်ငန်းများ လုပ်ကိုင်ခြင်း မတွေ့ရသော်လည်း တရုတ်အလုပ်သမား ဝန်ထမ်း ၅၀ ဦးခန့် ကျန်နေသေးသည်ဟု
ဒေသခံများက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates