Wednesday, April 25, 2012

ရွှေနံ့သာ လယ်ကန်သင်းများအား ဇေကမ္ဘာကုမ္ပဏီက ဖြိုချနေ

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာရွာမှ လယ်သမားတို့၏ လယ်ကန်သင်းရိုးများကို ဇေကမ္ဘာ ကုမ္ပဏီမှ မြေတူးစက်များဖြင့် ရှင်းလင်းပစ်ကာ စပါးစိုက်ရာသီတွင် လယ်သမားတို့ စပါးစိုက်မနိုင်ရန် လုပ်ဆောင်နေ သည်ဟု လယ်သမားများကို ကူညီပေးနေသူ ဦးနေမျိုးဝေက ပြောသည်။

“လယ်သမားတွေ လယ်စိုက်လို့ မရအောင် သက်သက်လုပ်တဲ့ ပုံမျိုးဖြစ်နေတယ်။ ကန်သင်းရိုးတွေကို သူတို့ မြေတူးစက်နဲ့ ထိုးစရာအကြောင်း ဘာမှမရှိဘူး။ စပါး မစိုက်နဲ့လို့ ပြောလို့ မရတဲ့အခါကျတော့ ဒါတွေကို မလုပ်နိုင်အောင် ကန်သင်းရိုးကို ဖြိုပစ်တာပေါ့” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောသည်။

အင်္ဂါနေ့တွင် ဇေကမ္ဘာကုမ္ပဏီမှ စတင်လုပ်ဆောင်လာရာ လယ်သမား သုံးဦး၏ လယ်မြေ ဧက ၂ဝ ရှိ လယ်ကန်သင်းရိုးများကို ဖြိုဖျက်ပြီးဖြစ်သည်ဟုလည်း ဦးနေမျိုးဝေက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ “ပါတီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆွေးနွေးဟောပြောတာတွေ လုပ်မယ်။ ဥပဒေကြောင်းအရ ဘောင်ဝင်တဲ့ နည်းမျိုးစုံနဲ့ တိုက်မယ်” ဟုလည်း ဦးနေမျိုးဝေက ဆက်ပြောသည်။

ဇေကမ္ဘာကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်ဧက ၈ဝဝ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂ဝ၁ဝ ခုနှစ်အတွင်း သိမ်းယူခဲ့ပြီး ကွန်ကရစ်လမ်းများ၊ လမ်းမီးတိုင်များ
ဆောက်လုပ်နေပြီး လျှပ်စစ်မီးကြိုးများလည်း သွယ်တန်းလျက် ရှိနေသည်။

အဆိုပါ လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ယာ စိုက်ပျိုးခွင့်ရှိကြောင်း လယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီတို့ သဘောတူညီထားခဲ့သည်။

တဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လယ်မြေသိမ်းယူစဉ်က ဇေကမ္ဘာကုမ္ပဏီမှ နစ်နာကြေးပေးခဲ့သော်လည်း လယ်သမားများဘက်မှ အဆိုပါ နစ်နာကြေးသည် နည်းလွန်းသည်ဟုဆိုကာ တိုးမြှင့်ပေးရန် တောင်းဆိုထားပြီး ကုမ္ပဏီနှင့် လယ်သမားတို့အကြား ပြေလည်မှုမရရှိသေးပေ။

အလားတူပင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာရှိ လယ်သမားကွင်း ၅၄ ဧကကိုလည်း ၂၀၀၉ ခုနှစ်အတွင်း ငွေပင်လယ် မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီမှ သိမ်းယူကာ သင်္ဘောကျင်း ဆောက်လုပ်ခဲ့သည်။

ကုမ္ပဏီဘက်မှ အလတ်ချောင်းရွာရှိ လယ်သမားများကို တဧကလျှင် ကျပ် ငါးသောင်း လျော်ကြေး
ပေးခဲ့သော်လည်း အဆိုပါငွေကြေးသည် အလွန် နည်းလွန်းခြင်းကြောင့် သမ္မတထံသို့ ၁၁၊ ၁၁၊ ၂ဝ၁၁ နေ့တွင် ထိုက်တန်သည့် လျော်ကြေး စီမံပေးရန် တင်ပြတောင်းဆိုခဲ့သည်ဟု လယ် ၁၈ ဧက အသိမ်းခံခဲ့ရသူ ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ကို တဧက ငါးသောင်း လျော်တာပေါ့။ တဧက ငါးသောင်းဆိုတာ ဘာမှ မရှိတဲ့ငွေလေ” ဟု ဦးခင်ဇော် က ပြောသည်။ သမ္မတထံသို့ တင်ပြထားမှု ငါးလကျော်ကြာမြင့်သည့် အချိန်အထိ တုန့်ပြန်မှုမရှိသေး၍ ဧပြီလ ၂၅ ရက်နေ့တွင် ထပ်မံတင်ပြရန် စီစဉ်နေသည်ဟုလည်း သူက ပြောသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ လယ်သမားများက ကုမ္ပဏီများမှ လယ်ယာမြေ အသိမ်းခံရမှုများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများထံသို့ အကူအညီ တောင်းခံမှုများ ရှိနေသည်ဟု
ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောသည်။

“ကာယကံရှင်တွေဆီက တင်လာတဲ့အချက်အလက်တွေ မြေပုံတွေ၊ ဓာတ်ပုံတွေနဲ့ ကျနော်တို့ကို အကူအညီတောင်းလာတာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ ဒီကိစ္စတွေကို တခုချင်းစီ ကိုင်တွယ်တာထက် အားလုံးနဲ့ ခြုံငုံပြီးတော့ ဆွေးနွေးနိုင်အောင် ကျနော်တို့လုပ်ဖို့ ဆွေးနွေးနေကြတာရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

မတ်လ ၃ဝ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေအား သိမ်းယူခွင့်ပြုထားပြီး နစ်နာကြေးနှင့် လျော်ကြေးကိစ္စများကို “ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့”က လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပုဒ်မ ၂၆ တွင် ရေးသားထားသည်။

ထို့အတူ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်းကိစ္စရပ်များကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်”ဟု အဆိုပါဥပဒေ ပုဒ်မ ၂၅ (ဂ)တွင် ဖော်ပြပါရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates