Wednesday, August 15, 2012

ဈေးဝယ်ငွေထုတ် ကဒ်များ နောက်လထွက်မည်

သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။         ။ ဈေးဝယ်နိုင်ရန်နှင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများ ပြန်လည် ထုတ်ယူနိုင်ရန် MPU (Myanmar Payment Union) ဟု အမည်ပေးထားသည့် ကဒ်တမျိုးကို စက်တင်ဘာလအတွင်း စတင် အသုံးပြုနိုင်တော့မည်ဟု အာရှိ စိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGB) ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက မဇ္ဈိမကို ပြော သည်။

"ဘဏ်တချို့မှာ စပြီးစမ်းသုံးနေပြီခင်ဗျ။ ကျနော်တို့ဘဏ်တွေမှာလည်း စမ်းသုံးနေပြီ။ ဒါပေမယ့် သုံးစွဲသူတွေကိုတော့ ကျနော်တို့မပေးသေးဘူး။ ဝန်ထမ်းတွေကိုပေးပြီး စမ်းသုံးနေပြီ။ ဒီလလုံးစမ်းပြီး ဘာချို့ယွင်းချက်မှ မတွေ့ဘူး အဆင်ပြေ ချောမွေ့တယ်ဆိုရင် စက်တင်ဘာမှာ အသုံးပြုဖို့ ကြေငြာမယ်။" ဟု ဦးရဲမင်းဦးက ပြောသည်။

MPU ကတ်စနစ်သည် ATM (ငွေထုတ်၊ ငွေသွင်းနိုင်သည့်စနစ်)နှင့် POS (ဈေးဝယ်စင်တာများတွင် အသုံးပြုနိုင်သည့် စနစ်) များကို အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါကဒ်ကို ဂျာမဏီနိုင်ငံထုတ် စက်များဖြင့် စမ်းသပ် လျက်ရှိသည်ဟုလည်း ဦးရဲမင်းဦး က ပြောသည်။

"ကျနော်တို့ စနစ်တွေအားလုံးက တခြားနိုင်ငံမှာရှိတဲ့ စနစ်တွေ၊ ဆော့ဖ်ဝဲတွေ အကုန်လုံး တခြားနိုင်ငံမှာသုံးပြီး ဘာ Error (အမှားအယွင်း) မှ မရှိတဲ့ဟာကို ဝယ်လိုက်တာ။ ကျနော်တို့ အခုစမ်းသပ်တာဆို တလရှိပြီ။ တလစမ်းသပ်ပြီး နောက်ပိုင်းမှာ အကောင်အထည်ဖော်မှာဖြစ်တယ်။ တတ်နိုင်သမျှ ယုံကြည်စိတ်ချရ အောင်လုပ်ထားပါတယ်။" ဟု ပြောသည်။

MPU ကဒ်အတွင်း ငွေသိမ်းဆည်းထားလိုပါက MPU အဖွဲ့ထဲတွင် ပါဝင်သည့် ဘဏ်များမှတဆင့် ကဒ်အတွင်း ထည့်သွင်းထားနိုင်သည်။  ကျပ်တသောင်းမှ အများဆုံး သိန်း ၅၀ အထိ တနေ့တာ အတွင်း ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငွေသား ငွေသားသယ်ဆောင်ရသော အန္တရာယ်ရှိခြင်းနှင့် ဗဟိုဘဏ်မှ ငွေစက္ကူ ရိုက်ထုတ်ရသော စရိတ်များရှိကြောင်း၊ MPU ကဒ် စနစ်ကိုအသုံးပြုပါက ထိုပြဿနာများ လျော့နည်းသွားမည်ဟု ဘဏ်လုပ်ငန်းများ၏ အကြံပေးတဦးဖြစ်သူ ဦးစံသိန်းက ပြောသည်။

လက်ရှိတွင် MPU နှင့် ချိတ်ဆက်ထားသည့် ဘဏ် ၁၆ ခုရှိပြီး နောက်ပိုင်းတွင် ဘဏ်အားလုံး ပါဝင်သွားနိုင်မှာဖြစ်ကြောင်း သမဝါယမဘဏ်လီမိတက်မှ ဦးဖေမြင့်ကပြောသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates