Thursday, November 3, 2011

ဘူးဂါးပိုင်လျှပ်စစ်လိုင်း ပြတ်တောက်နေ

ဖနိဒါ | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၀ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပိုင် ဘူးဂါးကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်ပေး စက်ရုံမှ သွယ်တန်းသည့် လျှပ်စစ်ဖြန့်ဖြူးရေး ဓာတ်အားလိုင်းတခု ယခုတပတ် အင်္ဂါနေ့ ညနေ ပိုင်းစတင်၍ ပြတ်တောက် သွားရာ ပြင်ဆင်ရန် အနည်းဆုံး တပတ်ခန့် ကြာနိုင်သည်ဟု ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောသည်။

“လိုင်းကြိုးတခု ပြတ်သွားတယ်။ ဒီနေ့သွားပြင်တာ မရသေးဘူး။ တပတ်လည်း ကြာသွားနိုင်တယ်”ဟု ဘူးဂါးကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ပြောသည်။ 

အစိုးရတပ်က ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟု ကချင်အမျိုးသား လွတ်မြောက်ရေးတပ်က စွပ်စွဲလိုက်ပြီး တပ်နှင့် ရိက္ခာများ လျို့ဝှက်ရွှေ့ပြောင်းရန် အတွက် ရည်ရွယ်သည်ဟု ဆိုသည်။

“ မီးကြိုးကို ကျည်နဲ့ ပစ်ဖြတ်ခဲ့တယ်။ နောက်မီးကြိုး ပျက်တာကလည်း အစိုးရထိန်းချုပ်တဲ့ လုန်ဇက်ကုန်းပေါ်မှာ ပျက်သွားတာ။ ဒါကြောင့် မနေ့ညက တပ်မတွေကို ရှေ့တန်းကို ပို့တယ်။ အချိန်အတိုအတွင်းမှာ သူတို့ တပ်တွေ တိုးချဲ့တယ်”ဟု ဦးလနန်က ပြောသည်။

၂ဝဝ၆ ခုနှစ်မှစတင်၍ KIO ပိုင် ဘူးဂါးကုမ္ပဏီက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ နှစ်ခုတွင် လျှပ်စစ်ဓါတ်အားပေးနေပြီး တဘတ်ချောင်း ရေအားလျှပ်စစ်ရုံမှ လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ်ကို ဖြန့်ဖြူးပေးနေခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းအချိန်တွင် အစိုးရ၏ တပ်မ (၈၈) စစ်ကူများ မြစ်ကြီးနားသို့ ထပ်မံရောက်ရှိလာပြီး ဧရာဝတီမြစ်ကို ညဘက်တွင် ဖြတ်ကူးခဲ့သည်ဟု ဦးလနန်က ပြောသည်။

နယ်ခြားစောင့်တပ် ပြောင်းလဲရန် ငြင်းဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့ပေါ်ရှိ KIO ဆက်ဆံရေးရုံးနှင့် ဘူးဂါးကုမ္ပဏီရုံး ဝန်ထမ်းအချို့ကို လုံခြုံရေးအရ ပြန်လည် ခေါ်ယူခဲ့သော်လည်း လျှပ်စစ်မီးကိုမူ ဆက်လက် ဖြန့်ဝေခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates