(ကြားဖြတ်နှင့် သတင်းအကျဉ်း)
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘန်ကောက်မြို့မှ ရေဘေးသင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး မဲဆောက် တံတားကို ကြာသပတေးနေ့တွင် မြန်မာဘက်မှ ယာယီ တနာရီကျော်ကြာ တံတားဖွင့်ပေးခဲ့သည်။
တရားဝင် မြန်မာအလုပ်သမားများအတွက် ပထမ အသုတ် အယောက် ၄၀၀ ပြန်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သော်လည်း အလုပ်သမား ၁၀၀ ခန့်သာ ရှိသည်ဟု သိရသည်။ မနက်ဖြန်ထပ်မံ ရောက်လာသူများကိုလည်း ဖွင့်လှစ်ပေးဦးမည် ဟု သိရသည်။
“ ထိုင်းဒေသခရိုင် အစိုးရက မြန်မာဘက်ကို ခေတ္တဖွင့်ပေးဖို့ တောင်းဆိုတယ်” ဟု မဲဆောက်နေ ထိုင်းအရာရှိတဦး က ပြောသည်။
ထို့အပြင် ထိုင်းအလုပ်သမား ဝန်ကြီးက ရွေ့ပြောင်း မြန်မာအလုပ်သမားများ လက်မှတ် ရှိရှိ၊ မရှိရှိ လမ်းခရီးတွင် အဖမ်းအဆီး မရှိအောင် ညှိနှိုင်းကူညီပေးမည်ဖြစ်ပြီး မြန်မာဘက်မှလည်း ကူညီမည်ဟု ဗုဒ္ဓဟူးနေ့ညပိုင်း ထိုင်း ရုပ်မြင်သံကြား သတင်းမှတဆင့် ထုတ်လွှင့်ခဲ့သည်။
ဘန်ကောက်မြို့မှ ရေဘေးရှောင်လာသော နှစ်ပတ်အတွင်း မြန်မာအလုပ်သမား သုံးသောင်းကျော်ကို တာ့ခ်ခရိုင် ထိုင်း-မြန်မာ လူဝင်မှုကြီးကြပ်ရေး ရုံး၌ ထိန်းသိမ်းထားသည်ဟု အင်္ဂါနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြ ထားသည်။
ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် နိုင်ငံအနှံ့ လူ ၄၃၇ ဦးသေဆုံးသည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်စ်ပို့စ် သတင်းစာက ရေးသားထားသည်။
မဲဆောက် ချစ်ကြည်ရေးတံတားကို နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ တင်းမာမှုဖြင့် ၂ဝ၁ဝ ခုနှစ် ဇူလိုင်လပိုင်း ၁၁ ရက်နေ့မှစပြီး မြန်မာ အစိုးရဘက်က ပိတ်ထားခဲ့သည်။