Thursday, November 3, 2011

ရန်ကုန်တွင်လိုအပ်နေသည့် ရေဖူလုံရေးအတွက် အဆိုကို ကန့်ကွက်

ညီသစ် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။  ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယမန်နေ့က စတင်ကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် အဆိုများနှင့် မေးခွန်းများ တင်သွင်းနေကြရာ သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ ဦးအနက် ၉၈ ဦးက ကန့်ကွက်၍ ပျက်ပြားသွားသည်။

နိုဝင်ဘာ ၂ရက်နေ့က တင်သွင်းသည့် ဦးကျော်၏ အဆိုကို နိုဝင်ဘာ ၃ရက်နေ့တွင် ဆွေးနွေးကြရာ ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦးက ထပ်မံအဆိုပြုဆွေးနွေးကြသော်လည်း  လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ဦးရှိနေပြီး ထောက်ခံသူ ၂၄ ဦးသာ ရှိခဲ့ကြောင်း သတင်း တက်ရောက်ရယူခဲ့သူများက ပြောသည်။

ဦးကျော်က ဆွေးနွေးပြောဆိုခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အပါအ၀င် ရန်ကုန်မြို့ရှိ ဆင်ခြေဖုန်းမြို့နယ်များတွင် စည်ပင်သာယာရေးကော်မတီမှ ပေးဝေသော သောက်သုံးရေ မလုံလောက်မှုများရှိနေသောကြောင့် သောက်သုံးရေဖူလုံအောင် ဖြန့်ဖြူးပေးပါရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ မြို့နယ်ဆိုတာက ဆင်းရဲသားအများစုနေကြတာပါ။ အခုဆို ရေရဖို့အတွက် ညမအိပ်ပဲလည်း စောင့်ပြီး ရေယူရတယ်။ မဗေဒါ ရေခပ်ဆင်းသလိုပဲ။ အခုဆိုဒီလို
ရေလုံလောက်လောက်မရလို့ ကျန်းမာရေးအတွက်လည်း ထိခိုက်ရပါတယ်“ ဟုလည်း ဦးကျော်က သူ့အဆိုနှင့် ပတ်သတ်ပြီး လွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းတင်သွင်းခဲ့သည့်အဆိုကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော
ရေပမာဏသည် နေ့စဉ် ဂါလံ သန်း ၁၆၀ ခန့်ရှိကြောင်း၊ ဆက်လက်ပြီး ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း၊ စည်ပင်က လက်ရှိဆောင်ရွက်နေသည့် ရေပေးဝေနေမှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“ရေကိစ္စဆိုတော့ အားလုံးက စိတ်ဝင်တစားနားထောင်ကြတာပေါ့။ ဒီအဆိုကို ဆောင်ရွက်ဖို့ မဲလည်းခွဲဆုံးဖြတ်ရော ထောက်ခံသူက ၂၄ ဦးပဲရှိတယ်။ ကန့်ကွက်သူက ၉၈ ဦး၊ တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အကုန်ထတာပဲ။ “ ဟု လွှတ်တော်သတင်းရယူခဲ့သည့် သတင်းသမားတ ဦးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လက်ရှိတွင် မြို့နယ် ၃၃ မြို့နယ်အတွက်
သောက်သုံးရေဖူလုံမှုရှိစေရန် ချိုးဖြူ၊လှော်ကား၊ဖူးကြီးနှင့် ငမိုးရိပ်ရေလှောင်တမံ စီမံကိန်းများမှ ရေများကို ရေတွန်းစက် ၁၁ ရုံမှ တဆင့် တ မြို့လုံးကို ဖြန့်ဖြူးပေးနေကြောင်း၊
မြေအောက်ရေများကိုလည်း စက်ရေတွင်းများမှတဆင့် ဖြန့်ဖြုးပေးကြောင်း မြို့တော်ဝန် ဦးလှမြင့်ကပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို နိုဝင်ဘာ ၂ ရက်နေ့က စတင်ကျင်းပနေပြီး လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းထားသည့်
မေးခွန်းအားလုံးကို လွှတ်တော်ကျင်းပနေချိန်တွင် ဖြေဆိုနိုင်ခြင်းမရှိသော်လည်း လွှတ်တော်ပြီးပါက ဆက်လက်ဖြေကြားသွားမည်ဟု လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက မီဒီယာများကို ပြောခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates