Wednesday, August 15, 2012

နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည်

ရတနာဦး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။        ။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့များတွင် တင်သွင်းသည့် စားသောက်ကုန်များ၏ အရည်အသွေး ကြပ်မတ်စစ်ဆေးမှုများ ယခုနှစ် မကုန်မီ စတင်ပြုလုပ်သွားမည်ဟု ယင်းလုပ်ငန်း ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“စားသောက်ကုန်တွေမှာ မသုံးသင့်တဲ့ ဓါတုဆိုးဆေးများ သုံးစွဲမှုနဲ့ အရည်အသွေးနိမ့်၊ ရက်လွန် စားသောက်ကုန် တင်သွင်းမှုကို ထိန်းချုပ်ဖို့ အဓိက ရည်ရွယ်ပါတယ်။” ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က ပြောပါသည်။

“မြန်မာနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်တလျှာက် ကျန်တဲ့ ကုန်သွယ်စခန်း ၁၁ မြို့ အတွက်တော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်ပြချက်အပေါ် မူတည်ပြီး စစ်ဆေးရေး စခန်းတွေတည်ဆောက် လုပ်ကိုင်သွားဖို့ရှိတယ်” ဟု ဒေါက်တာထွန်းဇော် က ထပ်မံပြောပါသည်။

စားသောက်ကုန်များကို FDAမှ စစ်ဆေးမှုများ ပြုလုပ်မှုကို ၁၉၉၇ ခုနှစ်ခန့်မှ စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ယခုနှစ်လယ်ပိုင်း ကလည်း ပြည်တွင်းဈေးကွက်အတွင်းသို့ နယ်စပ်မြို့များမှ တဆင့် စားသုံးရန် မသင့်သော ပြုပြင်ထားသည့် စားသုံးဆီ များ ဝင်ရောက်မှုကို စစ်ဆေးတွေ့ရှိခဲ့ရပြီး တင်သွင်းသူနှင့် ရောင်းချသူများကိုလည်း အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ ဝင်ရောက်သည့် စားသောက်ကုန်များအား ယခုလက်ရှိတွင် FDAမှ စစ်ဆေးရာ၌ ရေကြောင်းနှင့် လေကြောင်းတို့မှ ဝင်လာသော စားသောက်ကုန်တို့ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် FDA ဌာနများ ဖွင့်လှစ်၍ စစ်ဆေးလျက် ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates