Wednesday, August 15, 2012

အိမ်၊ ခြံ၊ မြေ ဈေးအရောင်းအဝယ် သုံးလခန့် နည်းပါးနေနိုင်ကြောင်း အကျိုးဆောင်များခန့်မှန်း

ကိုကိုအောင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာတွင် ဝယ်ယူသူဘက်မှ ပေးဆောင်ရမည့်
ရောင်းဝယ်ခွန်ကို တိုးမြင့်လိုက်ခြင်းကြောင့် လတ်တလော ဈေးကွက်တွင် အရောင်းအဝယ် နည်းပါးခြင်းမှာ နောက် သုံးလခန့် ဆက်ဖြစ်နေနိုင်ကြောင်း လုပ်ငန်းအကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့တော်များရှိ အိမ်ခြံမြေ အရောင်းအဝယ်များ အတွက် အရောင်းအဝယ် တန်ဘိုးအပေါ် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း အပါအဝင် ဝယ်သူက ပေးဆောင်ရမည့် အခွန်စုစုပေါင်း ၁၅ ရာခိုင်နှုန်း အစား ၃၇ ရာခိုင်နှုန်းသို့ ယခုလ ၁၂ ရက်နေမှစ၍ အစိုးရက တိုးမြှင့်လိုက်သည်။ မြန်မာနိုင်ငံ တစ်ဝှန်းကျန်မြို့နယ်များရှိ အရောင်းအဝယ်များအတွင် တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်း အပါအဝင် ၃၅ ရာခိုင်နှုန်း သို့ တိုးမြှင့်လိုက်သည်။

ယင်းသို့ပေးဆောင်ရမည့်ဟု သတ်မှတ်ခြင်းမှာ ဝင်ငွေရလမ်းမဖေါ်ပြနိုင်သည့် ဝယ်ယူသူများအတွက်
ဖြစ်သည်။ ဝင်ငွေရလမ်း ဖေါ်ပြနိုင်ပါ ဝယ်ယူသူသည် တံဆိပ်ခေါင်းခွန်သာပေးဆောင်၍ ဝယ်ယူနိုင်သည်။

“တကယ်လို့ ရောင်းလိုသူတွေက ဈေးကျမှာကို ကြောက်ပြီး တွန်းရောင်းမယ်ဆိုရင်တော့
ဈေးကျဆင်းသွား နိုင်တယ်။ ကာလတစ်ခု ပြီးရင်တော့ ဈေးကွက်က ပုံမှန်ပြန်ဖြစ်နိုင်တယ်။ ကားဈေးကွက်လို လုံးဝပြိုဆင်းသွား တာတော့ မဖြစ်နိုင် ပါဘူး” ဟု ရန်ကုန်အခြေစိုက် မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်းနေဂျင်း ဒါရိုက်တာ ဦးသန်းဦး က ပြောသည်။

မိုးလွင် အိမ်၊ ခြံ၊ မြေ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမင်းချိုဦး က နောင် သုံးလကျော်သည် အထိ ဈေးကွက် ဆက်လက်အေးပါက မြေဈေး ကျဆင်းသွားနိုင်သည်ဟု ပြောသည်။

ရောင်းသူက ပေးဆောင်ရမည့် ရောင်းဝယ်ခွန် မှာ မူလအဆိုင်း ၁၀ ရာခိုင်နှုန်းသာ ဖြစ်သည်။

ယင်းသို့အခွန်တိုးမြှင့်ကောက်ခံရခြင်းမှာ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်အတွင်း ငွေကြေးခဝါချမှုများကို တိုက်ဖျက်လို၍ လုပ်ရသည်မှာ ဖြစ်နိုင်ကြောင်း လေ့လာသူတစ်ဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates