ကွန်းချမ်း | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် အလုပ်သမား အဖွဲ့အစည်းအဖြစ် တရားဝင် ဖွဲ့စည်းခွင့် ရရန် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများက သက်ဆိုင်ရာသို့ လျှောက်ထားပြီးကြောင်း ရွှေလုပ်သားခေါင်းဆောင် တဦးက ပြောသည်။
ရွှေလုပ်သားများ အဖွဲ့အစည်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဗဟိုဦးစီးကော်မတီဝင် ၃၀ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းကာ ရမည်းသင်းမြို့နယ် မှတ်ပုံတင် ဦးစီးဌာနသို့ သြဂုတ်လ ၁၄ ရက်နေ့က သွားရောက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“ရွှေလုပ်သားတွေမှာ လူတွေပဲ ရှိပြီး အဖွဲ့အစည်းဆိုတာ မရှိတဲ့အတွက် ဓနရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရပါတယ်။ အဲဒါကို ကာကွယ်ဖို့ ကျနော်တို့ တရားဝင်ဖြစ်အောင် လျှောက်ထားတာ ဖြစ်တယ်” ဟု အဖွဲ့ ဥက္ကဋ္ဌ ဦးရဲရင့်ထွန်း က ပြောသည်။
ရွှေလုပ်သားများနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီတို့ ဇွန်လ ၁၄ ရက်နေ့က ချုပ်ဆိုထားသည့် သဘောတူချက်ကို ကုမ္ပဏီဘက်မှ အပြည့်အ၀ လိုက်နာခြင်း မရှိဘဲ ရွှေလုပ်သားအချို့ကိုလည်း ဖမ်းဆီးခြင်းများ ရှိနေကြောင်း သူက ဆက်ပြောသည်။
“အင်းတွေ ဆင်းတဲ့အခါ သူတို့အင်းနဲ့ မလွတ်ကင်းလို့ ဆိုပြီး ဆယ်ယောက်ကို ဗြုန်းခိုးမှုနဲ့ တရားစွဲတယ်။ နောက် သုံးယောက်ကတော့ အခုလို မိုးရာသီမှာ မှိုရှာ မျှစ်ချိုး သွားတာကို ဓားပါတယ် ဆိုပြီးတော့ ဖမ်းတယ်” ဟု ဦးရဲရင့်ထွန်း က ပြောသည်။
ဇွန် ၁၄ သဘောတူညီချက်တွင် “ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက်များကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါရှိသော်လည်း ရွှေဗြုန်းများ ကြိတ်ခွဲခွင့် မရသေးသည့်ပြင် အင်းပိုင်အချို့မှာလည်း လျော်ကြေးများ မရရှိသေးကြောင်း အလုပ်သမားများဘက်မှ ဆိုသည်။
မိုးထိမိုးမိ တောင်ပေါ်ရှိ ရွှေလုပ်ငန်းများကို နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင်နိုင်ရန် အတွက်
ရွှေတွင်းလုပ်သားများက သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြတောင်းဆိုထားပြီး ၁၄ ရက်နေ့တွင်လည်း အမျိုးသား လွှတ်တော်သို့ ထပ်မံ တင်ပြထားကြောင်း သိရသည်။
မိုးထိမိုးမိဒေသတွင် အသေးစား ရွှေထုတ်လုပ်ခြင်းကို အသေးစား လုပ်ငန်းရှင်များက ၂ဝဝ၄ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး အထက်ပါကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းတွင် အကျိုးတူ ပူးပေါင်း လုပ်ကိုင်လာခဲ့ကြကာ မေလဆန်းတွင် အသေးစား တူးဖော်ခွင့်ကို ပိတ်လိုက်ခြင်း ဖြစ်သည်။