မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်သည့် ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ် Sukumpol Suwanatat သည် ၎င်း၏ နှစ်ရက်ကြာခရီးစဉ်အတွင်း အကျဉ်းကျခံ ထိုင်းနိုင်ငံသား ၉၂ ယောက် အရေးနှင့် ပတ်သက်၍ မြန်မာသမ္မတနှင့် ဆွေးနွေးမည်ဟု ပြောဆိုသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် အမြင်များ ဖလှယ်ရန်အတွက် မြန်မာ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်ဟု ခရီးစဉ် စတင်သည့် ဗုဒ္ဓဟူးနေ့က သတင်းထောက်များအား ဘန်ကောက်မြို့တွင် ပြောကြားသွားသည်။
ထိုင်းလေတပ် ဦးစီးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူခွန်ပိုး သည် ၎င်း၏ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်း ကော့သောင်းတွင် အကျဉ်းကျခံနေရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအား မည်သို့ ကူညီနိုင်မည်ကို ပြောဆိုဆွေးနွေးမည်ဟု လည်း ဝန်ကြီးက ဆိုသည်။
အဆိုပါ ထိုင်းနိုင်ငံသားများမှာ မြန်မာတရားရုံးမှ အမှု သုံးမှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းတို့အထဲမှ ၈၂ ဦးအား နိုင်ငံတွင်း တရားမဝင် ခိုးဝင်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ခွဲစီ ချမှတ်ခံထားရပြီး နှစ်ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် စွဲချက်တင်ခံရကာ ကြာသပတေးနေ့တွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။ ကျန် ရှစ်ဦးကိုမူ စစ်လက်နက်ပစ္စည်း ကိုင်ဆောင်မှုဖြင့် စွဲဆိုထားခြင်း ခံရကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဌာနာထစ် ဆာဝန်ဆန်း Thanathip Sawangsaeng က ပြောဆိုသွားသည်။
ဇူလိုင်လ ၄ ရက်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း မြန်မာစစ်တပ်မှ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖမ်းဆီးစဉ်က ထွက်ပြေးရန်ကြိုးစားသူတဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်ဒဏ်ရာ များကြောင့် နောက်တနေ့တွင် သေဆုံးသွားခဲ့ရသည်ဟု ကျန်ရစ်သူ မိသားစုဝင်များက ဆိုသည်။
၎င်းသေဆုံးခဲ့ရမှုအတွက် ရန်ကုန်ရှိ ထိုင်းသံရုံးက သက်ဆိုင်ရာ အာဏာပိုင်များထံ စုံစမ်းနေသည်။
သို့သော် ထောင်အာဏာပိုင်များကမူ ထိုင်းနိုင်ငံသားတဦး ပစ်ခတ် ဖမ်းဆီးခြင်း၊ ဒဏ်ရာဖြင့် သေဆုံးခြင်းနှင့် ပတ်သက်၍ မကြားသိရကြောင်း ငြင်းဆိုထားသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၉၂ ဦးအား ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သြဂုတ် လဆန်းပိုင်း သတင်းများအရ သိရှိရသည်။