ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၅၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမည့်အတွက် ကြိုတင်ပြင်ဆင်သော အားဖြင့် မြန်မာလူငယ် အဖွဲ့အစည်းများကို ကိုယ်စားပြုသော မြန်မာလူငယ်ဖိုရမ် “Myanmar Youth Forum” ကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ မတိုင်မီ ကျင်းပရန် စီစဉ်နေသည်ဟု ဦးဆောင်လှုပ်ရှားနေသူ တဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည် က ပြောသည်။
“လောလောဆယ်တော့ ပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးပွဲ ပထမဆုံးအကြိမ် ခေါ်လိုက်တာ။ ၂ဝ၁၄ ကျရင် အဆင်သင့်ဖြစ်အောင်လို့ အဓိက သွားတာပါ။ Youth Forum ကို လုပ်ဖြစ်ဖို့ ရှိပါတယ်။ အဲဒီအတွက် လူငယ်အဖွဲ့တွေရဲ့ သဘောထားတွေ နားထောင်ချင်တယ်။ သူတို့ရဲ့ ပူးပေါင်းမှုတွေ လိုချင်လို့ အစည်းအဝေး ခေါ်လိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၁၈ ရက်နေ့တွင် ကြိုတင်ညှိနှိုင်းသည့်အနေဖြင့် အစည်းအဝေးတရပ် ခေါ်ယူထားရာ ရန်ကုန်အခြေစိုက် အဖွဲ့ ၅ဝ မှ လူငယ် ၁၃ဝ တက်ရောက်ရန် စာရင်း လက်ခံရရှိပြီးဖြစ်သည်ဟု ဆိုသည်။
မတ်လကုန်ပိုင်းက ကျင်းပခဲ့သော Asian Youth Forum စည်းဝေးသို့ မသဉ္ဇာရွှန်းလဲ့ရည် အပါအဝင် မြန်မာလူငယ် ၁၆ ဦး တက်ရောက်ခဲ့ပြီးနောက် အာရှလူငယ်ဖိုရမ်အား မြန်မာက လက်ခံကျင်းပနိုင်ရေး အတွက် ပြင်ဆင်သည့်အနေဖြင့် မြန်မာလူငယ်ဖိုရမ်အား လူငယ်များ ဦးဆောင်၍ စီစဉ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
“ကျမတို့က အာဆီယံ လူငယ်ဖိုရမ်ကို သွားတဲ့အခါ မြန်မာနိုင်ငံမှာရော ဒီလိုလုပ်ရင် အဆင်ပြေနိုင်လား ဆိုပြီးတော့ မေးခွန်းတွေ ထွက်လာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တော့ အဆင်သင့် မဖြစ်ကြသေးဘူးပေါ့။ ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံက ၂ဝ၁၄ ကျရင် ဦးဆောင်ဦးစီးပြီးတော့ လုပ်ရမယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီဖိုရမ်လေး အရင် ကျင်းပကြည့်မယ်။ မြန်မာနိုင်ငံက လူငယ်တွေလည်း ဖိုရမ်ကို သိသွားအောင်ပေါ့။ အဓိက အဲဒီလိုပါပဲ” ဟု သူက ဆက်ပြောသည်။
၁၈ ရက်နေ့ အစည်းအဝေးတွင် မြန်မာတနိုင်ငံလုံးမှ လူငယ်အဖွဲ့အစည်းများအား တဖွဲ့လျှင် ကိုယ်စားလှယ် နှစ်ဦး ထက်မပိုဘဲ တက်ရောက်ပေးကြပါရန် ဖိတ်ကြားထားသော်လည်း မည်သည့်နေရာတွင် ကျင်းပမည်ဆိုသည်ကိုမူ သောကြာနေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။