Tuesday, June 17, 2008

သာကေတတွင် ကျောင်းပြို၍ အနည်းဆုံး ကျောင်းသား ၅ ဦး ဒဏ်ရာရ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 17:30 - မြန်မာစံတော်ချိန်

နယူးဒေလီ
။ ။ သာကေတမြို့နယ်ရှိ အလယ်တန်းကျောင်းတကျောင်း အင်္ဂနေ့ နံနက်က ပြိုကျရာ အနည်းဆုံး ကျောင်းသားငါးဦး ဒဏ်ရာ ရသွားခဲ့သည်။

အုတ်စီ နှစ်ထပ် အဆောက်အဦးဖြစ်သော အခြေခံပညာ အမှတ် ၈ အလယ်တန်းကျောင်းသည် လွန်ခဲ့သည့် လအတွင်း ဖြစ်ပွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် အပျက်အစီး များခဲ့ရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ သို့သော် စစ်အစိုးရ အမိန့်ဖြစ်သော ဇွန် ၂ ရက်နေ့မှ စတင်ကာ မဖြစ်မနေ ကျောင်းဖွင့်ရမည် ဆိုခြင်းအတွက် တက်သုတ်ရိုက် ပြင်ဆင်ခဲ့ကြရသည်။

စစ်အစိုးရက မြို့နယ်ပညာရေး အရာရှိများ၊ ကျောင်းအုပ်ဆရာ ဆရာမများကို ဇွန်လ ၂ ရက်နေ့ ကျောင်းပြန်ဖွင့်ရန် ညွန်ကြားခဲ့ပြီး လိုက်နာမှု မရှိလျှင် အရေးယူမည်ဟု ပါရှိသည်။



ဓားပြများက ကျောင်းဆရာမကို ပြန်ပေးဆ

ဇလပ်မေ
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:41 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ပေါင်းမိုကျေးရွာရှိ ကျောင်းဆရာမ တဦးနှင့် ကောလိပ် ကျောင်းသူတဦးကို အမည်မသိ လက်နက်ကိုင် ၅ ဦးက ယခုလ ၉ ရက်နေ့က ပြန်ပေးဆွဲသွားသည်။

၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင် ဓားပြ ၅ ဦးသည် ကျေးရွာအတွင်း ဝင်ရောက်ကာ ရွာလူကြီးများအား ခေါ်ယူပြီး ကျပ်ငွေ သိန်း ၇ဝ တောင်းရာ သိန်း ၂ဝ သာ ပေးနိုင်သဖြင့် ပေါင်းမိုရွာ မူလတန်း ကျောင်းဆရာမ မအောင်ပ (၂၆ နှစ်) နှင့် အဘ ဦးဇာနည်အောင် ၏ သမီးဖြစ်သူ ကောလိပ်ကျောင်းသူ မရာရီး (၁၈ နှစ်) တို့အား ပြန်ပေးဆွဲသွားခြင်း ဖြစ်သည်၊၊

“လက်နက်ကိုယ်စီ ကိုင်ပြီး ညမှာ ရွာထဲကို သူတို့ ဝင်လာတယ်။ ရပ်ရွာလူကြီးတွေ ခေါ်ပြီးမှ ငွေတောင်းတယ်။ သိန်း ၇ဝ တောင်းတယ်။ လူကြီးတွေက သိန်း ၂ဝ ပဲ ပေးနိုင်တာကြောင့် ကျန်တဲ့ သိန်း ၅ဝ အတွက် အမျိုးသမီး နှစ်ယောက်ကို ပြန်ပေးဆွဲတဲ့ သဘောနဲ့ ခေါ်သွားတယ်” ဟု ပလက်ဝမြို့မှ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်၊၊

မျက်နှာဖုံး စွပ်မထားသည့် ဓားပြများသည် ရွာထဲတွင် ဗမာစကားသာ ပြောဆိုခဲ့ပြီး၊ ကျန်ရှိသည့်ငွေ ပေးချေရမည့် နေရာကို ပြောဆိုခြင်း မရှိသေးကြောင်းနှင့် သူတို့သည် မည်သည့် လက်နက်များ ကိုင်ဆောင်ခဲ့သည်ကို မခန့်မှန်းနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဓားစာခံ အမျိုးသမီးများနှင့် ပတ်သက်ပြီး ရွာမှ တရက်ကြာ လမ်းလျှောက်သွားရသည့် စဥ့်အိုးဝကျေးရွာ အခြေစိုက် ပြည်သူ့ ရဲတပ်ဖွဲ့ထံ ကျေးရွာ လူကြီးများက တိုင်ကြားသော်လည်း တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

ဓားစာခံများ၏ ဆွေမျိုးများကမူ ဖမ်းဆီး ခံထားရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် လိုအပ်သည့်ငွေ ပြည့်မီရန် ရှာဖွေနေကြသည်။

မရာရီး၏ ဆွေမျိုးတဦးက “ဖမ်းသွားကတည်းက အခုထိ သူတို့ ဘာမှ အကြောင်းမကြားသေးဘူး၊ ဘယ်နေရာမှာ ထားသလဲဆိုတာလည်း မသိရဘူး။ အခု ကျန်နေသေးတဲ့ ပိုက်ဆံကိုလည်း သူတို့ကို ပြန်ရွေးဖို့ ရှာနေရတယ်။ အတိုးနဲ့ချေးဖို့ ရှာနေတုန်း” ဟု ပြောသည်၊၊

ယခင်ကလည်း ပလက်ဝမြို့နယ် ကျေးရွာအချို့တွင် လက်နက်ကိုင် အချို့က အလားတူ ဆက်ကြေးသဘော တောင်းခံမှုမျိုး ရှိခဲ့ဟု ဆိုသည်။


ဆပ်ပလိုင်းချက် ပြုလုပ်စဉ် ဆိုင်ကယ်မှောက်၍ လူတဦး သေဆုံး

မျိုးကြီး
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:36 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့လယ် ဗိုလ်ချုပ်လမ်းတွင် ယာဉ်ထိန်းရဲများက ရှောင်တခင် စစ်ဆေးရန် ဆိုင်ကယ်တစီးအား တားဆီးခဲ့ရာမှ ဆိုင်ကယ် စီးလာသူတဦး ယာဉ်တိမ်းမှောက်ပြီး ယခုလ ၁၅ ရက်နေ့က သေဆုံးသွားသည်။

နေ့လယ် ၁ နာရီခန့်တွင် ယာဉ်စည်းကမ်း ထိန်းသိန်းရေး ရဲတပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ အရှိန်ဖြင့် မောင်းလာသည့် ကိုအောင်ကောင်း၏ ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ အရှိန်မထိန်းနိုင်ဘဲ လမ်းမ အလယ်ခေါင်ရှိ သံစကာအား ဝင်တိုက်မိပြီး ဆိုင်ကယ် တိမ်းမှောက်ကာ သေဆုံးသွားခြင်း ဖြစ်သည်။

“ယာဉ်ထိန်းရဲတွေက ဆပ်ပလိုင်းချက် ဝင်နေတာပေါ့ဗျာ။ မုံရွာ ဗိုလ်ချုပ် လမ်းမကြီးတလျှောက် အဖွဲ့တွေခွဲပြီး ပိတ်စောင့်နေတာ။ အဲဒီမှာလာတဲ့ ကား၊ ဆိုင်ကယ်တွေကို အကုန်တားပြီး စစ်ဆေးရေး လုပ်တာ။ ဆိုင်ကယ်တစီး ကျတော့ တားလိုက်တဲ့အခါ အရှိန်နဲ့ဆိုတော့ မထိန်းနိုင်ဘဲ လမ်းအလယ်က သံစကာကို ဝင်တိုက်ပြီး အခုလို ဖြစ်သွားတာ” ဟု မုံရွာ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသူသည် မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ အိန္ဒိယပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ ဦးစောဦးကြိုင်၏ သားဖြစ်သည်။

ဘယ်ဘက်နဖူးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူရန် ပို့ဆောင်စဉ် သေဆုံးခြင်း ဖြစ်ကြောင်း မုံရွာ အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ တဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

ယခု သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ကျ ယာဉ်ထိန်းရဲများအား မည်သို့ အရေးယူ ဆောင်ရွက်မည်ကို မသိရှိရသေးပါ။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း မော်တော်ယာဉ် ယာဉ်ထိန်းရဲများက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေကာ ဒေသခံ ယာဉ်မောင်းများထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း မြစ်ကြီးနားမြို့ခံ လူငယ်တဦးက ပြောသည်။


ကယ်ဆယ်ရေး လုပ်နေသူများ ထပ်မံ ဖမ်းဆီးမှုများ ရှိခဲ့

နန်းဒေဝီ
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:24 - မြန်မာစံတော်ချိန်

နယူးဒေလီ။ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူများကို ကယ်ဆယ် ထောက်ပံ့ရေး လုပ်ဆောင်နေသူ တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးထားမှုများ ဆက်လက် စုံစမ်းသိရှိရပြန်သည်။

ဖမ်းဆီး စစ်ဆေးခံနေရသူများတွင် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် တသီးပုဂ္ဂလများ ပါဝင်သည်။ ယမန်နေ့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၃ ဦးအား ဖမ်းဆီးခဲ့မှုကို မဇ္ဈိမက သတင်းထုတ်ပြန်ပြီး ဖြစ်သည်။ (“လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ” တွင် ဖတ်ရှုနိုင်သည်။)

ထပ်မံ စုံစမ်းသိရှိရသည်မှာ ဇွန် ၁၂ ရက်နေ့ တရက်တည်းမှာပင် နောက်ထပ် ၅ ယောက် အဖမ်းခံရရာ မဆည်းဆာ၊ ကိုဇော်၊ ဦးတင်မောင်ဦး၊ မနီမိုးလှိုင်၊ ဦးတိုးကျော်လှိုင်တို့ ဖြစ်သည်ဟု ဖြစ်သည်။

သူတို့ အားလုံးကို အထူး ရဲသတင်း တပ်ဖွဲ့က နေရာကွဲများတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“လောလောဆယ်တော့ အင်းစိန် သီးသန့်ဆောင်မှာ ထားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဘာတွေ မေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူး၊ ရုံးတင် စစ်ဆေးတာမျိုးတော့ မလုပ်သေးဘူး” ဟု အင်းစိန်ထောင် ဝန်ထမ်းတယောက်နှင့် တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်တဦးက မဇ္ဈိမသို့ ပြန်လည် ပြောပြသည်။

ဦးတိုးကျော်လှိုင်အား တာမွေရှိ နေအိမ်တွင် ဖမ်းမိခြင်းဖြစ်ပြီး လေဘေးကယ်ဆယ်ရေး မှတ်တမ်း စီဒီချပ်များနှင့် ကွန်ပြူတာ တလုံးတို့ကိုပါ သိမ်းဆည်းသွားခဲ့သည်။

မကြာသေးမီက ဖွဲ့စည်းလိုက်သော ၈၈ မျိုးဆက် ကျောင်းသားများ၏ “မေတ္တာပေါင်းကူး” လေဘေး ကယ်ဆယ်ရေးအဖွဲ့သည် နာဂစ် လေမုန်တိုင်းဒါဏ် ခံရသည့် ဧရာဝတီတိုင်းရှိ ဘိုကလေးမြို့နယ်နှင့် လပွတ္တာ မြို့နယ်များရှိ လေဘေးဒုက္ခသည်များအား လိုက်လံ ကူညီ ပေးနေသည်။

ယခုလ ဇွန်လ လဆန်းပိုင်းမှ စတင်ကာ အာဏာပိုင်များက လေဘေး ဒုက္ခသည်များအား အကူအညီပေးသည့် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းများအား ထပ်မံ တင်းကျတ်လိုက်သည့် အနေဖြင့် လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်အား ထုတ်ပြန်ခဲ့သည့် နောက်ပိုင်း ပိုမို တင်းကြပ်လာခဲ့ကြောင်း ရေဘေး ကယ်ဆယ်ရေး လုပ်ကိုင်နေသည့် အဖွဲ့များက ယခုလို ပြောဆိုသည်။

“ဒေးဒရဲကို သွားရင်တောင် လမ်းမှာ ဂိတ်တွေ ၃ဝ လောက် ဖြတ်ရတယ်။ တဂိတ်နဲ့တဂိတ် ၁ ဖာလုံ ကျော်ကျော်လောက်ဘဲ ဝေးတယ်။ အစုံမေးတယ်။ ဘယ်အဖွဲ့လည်း၊ ဘယ်သွားမှာလည်း၊ ဘယ်သူ ဦးဆောင်လည်း၊ ဘာတွေပါလည်း၊ တန်ဘိုး ဘယ်လောက် ရှိလည်းပေါ့။ မေးထားခိုင်းလို့ မေးတာပါလို့ ပြောတယ်” ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သူတဦးက ပြောသည်။

ယခုလို လိုက်လံ မေးမြန်းသူများတွင် အာဏာပိုင်များ ခန့်အပ်ထားသည့် မြို့နယ်အတွင်းရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ စည်းရုံးရေးမှူးများ၊ ကျေးရွာများရှိ ရပ်ကွက် အာဏာပိုင်များက ဦးဆောင်၍ ဂိတ်များတွင် တာဝန်ယူ မေးမြန်းလျက် ရှိသည်။

အလားတူ ဧရာဝတီတိုင်း အတွင်းရှိ နာဂစ်လေမုန်တိုင်း လေဘေး ဒုက္ခသည်များအား ကူညီပေးနေသည့် ဟာသ အနုပညာရှင် ကိုဇာဂနာ နှင့် အားကစား ဆောင်းပါး ရေးသားသူ ကိုဇော်သက်ထွေးတို့အားလည်း အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။


မုန်တိုင်းသင့် လပွတ္တာတွင် လေဆင်နှာမောင်း ဝင်တိုက်ပြန်

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 17 2008 14:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကျေးရွာအချို့တွင် ယမန်နေ့က လေဆင်နှာမောင်းတခု တိုက်ခတ်သွားသဖြင့် နေအိမ်အချို့နှင့် ဒုက္ခသည် စခန်းတခု၌ အပျက်အစီးများ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျောက်မော်၊ ကျောက်ဖြူ၊ လေးအိမ်တန်း ကျေးရွာနှင့် ဒုက္ခသည် စခန်းတခုတွင် မွှေနှောက် တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် အနည်းဆုံး နေအိမ် ၆ လုံးနှင့် ဒုက္ခသည်စခန်းရှိ တဲအချို့ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“မနက် ၁ဝ နာရီလောက်မှာ လေတအားတိုက်တယ်။ ညနေပိုင်းမှာ မိုးတအားရွာတယ်။ လေဆင်နှာမောင်းက ဒီကနေ ၄ မိုင်၊ ၅ မိုင်လောက် အကွာက ကျောက်မော်၊ ကျောက်ဖြူဆိုတာ ရှိတယ်လေ။ ကျောက်မော်က အိမ် ၆ လုံး ပါသွားတယ်တဲ့။ လေးအိမ်တန်းက အိမ်တွေ ပျက်တယ်။ ၅ မိုင် ဒုက္ခသည်စခန်း ခေါင်မိုးတွေ လန်သွားတယ်။ တချို့ တဲတွေ လန်သွားတယ်” ဟု လပွတ္တာ ဒေသခံတဦးက ပြောသည်။

ကျောက်မော်သည် အိမ်ခြေ ၅၃၉ ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သေဆုံးသူ ၁၅ ဦးရှိကြောင်း နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ သော ကျေးရွာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

လေဆင်နှာမောင်းငယ်သည် ၁၅ မိနစ်ခန့် အကြာတွင် အားပျော့သွားသည်။

ယမန်နေ့ မွန်းတည့်ချိန်တွင် မိုးလေဝသနှင့် ဇလဗေဒက ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုန်လေ အားကောင်း နေပြီး မွန်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးနိုင်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒမှ တာဝန်ရှိသူတဦးက မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ မကြာခဏ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ပြောသည်။

သူက “မုတ်သုန်လေ အားကောင်းမယ်။ ပယ်လယ် ကမ်းရိုးတန်းတလျှောက် မိုးကြီးမယ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ အထက် မြန်မာပြည်မှာ မိုးကြီးမယ်၊ နေရာအနှံ့အပြား။ ကယား၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်။ ရာခိုင်နှုန်း ၈ဝ ။ နောက်နှစ်ရက်အတွက် မုတ်သုန်လေ အားကောင်းမယ်။ အခုဟာက မုတ်သုန်လေပဲလေ။ မုန်တိုင်းတော့ မဟုတ်ဘူး” ဟု ပြောသည်။

ကမ္ဘာကြီး ပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ကမ္ဘာ့လေ လမ်းကြောင်းများ ပြောင်းလဲမှုကြောင့် ဘင်္ဂလား ပယ်လယ်အော် (Bay of Bengal) အတွင်း ၌ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ပါက ဧရာဝတီတိုင်းသို့ ထပ်မံ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနနှင့် ADPC (Asian Disaster Preparedness Center) တို့မှ ပညာရှင်များက ဇွန်လ ၅ ရက်နေ့ နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး၌ ကျင်းပ သော တတိယအကြိမ် မုန်သုန်ဖိုရမ် ၂ဝဝ၈ ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားခဲ့ကြောင်း ရန်ကုန်အခြေစိုက် The Voice ဂျာနယ်တွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အတွင်း မြစ်ရေ လျှံတက်နိုင်သည် ဆိုသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသဖြင့် ရန်ကုန်တွင် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကော်ဖီနှင့် ကုန်ခြောက်အချို့ အနည်းငယ် ဈေးတက်သွားသည်။

မရမ်းကုန်းရှိ ဘုရင့်နောင်ပွဲရုံ ပိုင်ရှင်က “တချို့ ငါးသေတ္တာတွေဆို ပစ္စည်းပြတ်သလောက် ဖြစ်သွားတယ်” ဟု ဆိုသည်။

တာမွေရှိ မင်္ဂလာဈေးမှ ကုန်သည်တဦးကလည်း ဆန်ဈေးနှုန်း အနည်းငယ်သာ တက်သွားပြီး ဝယ်ယူမှုမှာ ထင်သလောက် များပြားခြင်း မရှိကြောင်း ပြောသည်။


တွက်ရေးကတော့ စက်သူဋ္ဌေး

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 16 2008 19:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တံငါသည်လုပ်ငန်း ပြန်စဖို့အရေး ငါးဖမ်းပိုက်ကွန်နှင့် လှေမရှိတော့သဖြင့် ဘိုကလေးမြို့ပေါ်မှာ ကျပန်း အလုပ်ရှာဖွေရင်း စားဝတ်နေရေးအတွက် ကိုသိန်းစိန်တယောက် ဘဝသစ်ကို အစပြုနေပါပြီ။

“အရင်တုန်းက ကျနော့်ဘဝ ဒါမျိုး မဟုတ်ပါဘူးဗျာ။ ငါးဖမ်းတုန်းကဆို လက်ထဲမှာ ငွေ ၃ သိန်းဆိုတာ အမြဲရှိတယ်။ အခုတော့ သိတဲ့သူတွေဆီမှာ စားဖို့ တောင်းစားရတဲ့ ဘဝသာသာပဲ ကျန်ပါတယ်” ဟု အသက် ၃ဝ နှစ်အရွယ် ဇနီးသည်၊ ကလေး ၂ ယောက်နှင့် ဆွေမျိုးသားချင်း ဦးရေ ၂ဝ ကျော် နာဂစ် လေမုန်တိုင်းအတွင်း သေဆုံးသွားသဖြင့် သောကဗျာပါဒ များနေရှာသူ အသက် ၃ဝ နှစ်အရွယ် ကိုသိန်းစိန်က ပြောသည်။

ယခင်က လူဦးရေ ၈ဝဝ ကျော်ရှိသည့် ဘိုကလေးမြို့နယ် မုန်တိုင်းလေးကျေးရွာတွင် ကာရာအိုကေနှင့် ဗီဒီယိုရုံလေးများဖြင့် စည်ကားသိုက်òမိက်စွာ ရှိခဲ့ပြီး ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများဖြင့် စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြပါသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း လူဦးရေ ၁ဝ၆ ဦးသာ အသက်ရှင်သန် ကျန်ရစ်ခဲ့ပြီး လယ်ယာနှင့် ရေလုပ်ငန်းများ ပျက်စီးကုန်သွားခဲ့သည်။

“ရွာပြန်ဖို့ကျတော့လည်း ပိုက်ကွန်၊ လှေ မရှိတော့ဘူး။ ရွာမှာက မိသားစုဝင်တွေလည်း တယောက်မှ မရှိတော့ဘူး။ ဘာမှ စားစရာ မရှိဘူးလို့ ကြားတယ်။ ပြန်ရင်လည်း ကျနော့်ဘဝ ဘာမှ ထူးခြားလာမယ် မထင်တော့ဘူးဗျ” ဟု သူက တိမ်ဝင်နေသည့် အသံဖြင့် ပြောပြသည်။

မုန်တိုင်းအပြီး ၃၇ ရက်ကြာသည့်တိုင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မုန်တိုင်းလေးကျေးရွာ အပါအဝင် ပေ ၄၅ဝ သာ ကွာဝေးသည့် ကျောချင်းကပ်ရွာ ဒညင်းဖြူရွာတွင်လည်း ယခင်က ရွာသား ၇ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၁ဝ၅ ဦးသာ ရှင်ကျန်ရစ်ခဲ့သည်။

ထိုသူများအတွက် မည်သည့် အဖွဲ့အစည်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်ခြင်း မရှိသေးပါ။

“ရွာရဲ့ မိုးကောင်ကင်မှာ ဟယ်ရီကော်ပတာတွေတော့ ဝဲပျံနေတာပဲ။ ဒါပေမဲ့ အခုထိ ဘာအကူအညီမှ လာပေးတာ မရှိသေးဘူး” ဟု ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က အဆိုပါ ရွာများမှ ပြန်လည် ရောက်ရှိလာသည့် လေဘေး ကယ်ဆယ်ရေး လုပ်ကိုင်သူတဦးက ရွာသားများ၏ ပြောဆိုချက်များကို ကိုးကားပြီး ပြန်ပြောပြပါသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ လေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးက “မုန်တိုင်းလေးရွာမှာ လူတွေက တဲ ၃ ခုထဲမှာ ကျပ်ကျပ်သိပ်သိပ် နေရတယ်။ အိပ်တဲ့အခါ ကျတော့လည်း ထိုင်နေရင်း ငုတ်တုတ်နဲ့ အိပ်နေကြတယ်။ အကူအညီ သွားပေးတော့လည်း ကျေးဇူးတင်ပါတယ် ပြောပေမယ့် သူတို့ကြည့်ရတာ ကြောင်တောင်တောင်ပဲ” ဟု လှိုက်မောတဲ့ အသံကို တဖွဖွ ထုတ်လွှင့်ရင်း ပြောလာပါသည်။

သူက “တလစာလောက်တော့ လောက်ပေမယ့် နောက်ထပ် စားသောက်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေတော့ ဆက်လိုနေမှာပဲ။ ကျနော်တို့ မရောက်ခင်တော့ အဖွဲ့တဖွဲ့ ရောက်သေးတယ် ပြောတယ်။ သူတို့ ပေးခဲ့တာတော့ တယောက်ကို ဆန် ၂ ဗူး - ၃ ဗူးပဲ ပေးခဲ့တယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။

ရှင်ကျန်ရစ်သူ အများစုသည် သားကွဲ၊ မယားကွဲ၊ မိကွဲ၊ ဖကွဲများသာဖြစ်ပြီး၊ လေတဖြူးဖြူး တိုက်ပြီး မိုးရွာချလာပါက လေမုန်တိုင်းများ ထပ်မံ တိုက်ခတ်လေမလား ဆိုသည့် အတွေးဖြင့် အထိတ်တလန့် ဖြစ်နေသည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။

နာဂစ်မုန်တိုင်းကြောင့် ကမ်းဝေး ငါးဖမ်းစက်လှေ၊ ကမ်းနီး ငါးဖမ်းစက်လှေ (စက်တပ်၊ စက်မဲ့) စုစုပေါင်း ၂ဝ၈၈ စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းကိရိယာ ငွေကျပ်သိန်း ၂၇၆ဝ တန်ဖိုး ဆုံးရှုံးခဲ့ပြီး၊ ရေလုပ်သား ၁၇၈၇၆ ဦး သေဆုံးကာ ၉၆၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ကနဦး သတင်း ထုတ်ပြန်ချက်များက ဆိုသည်။

“ဖြစ်နိုင်ရင် ကျနော် ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီပေးချင်တယ်။ ကျနော် ဝိုင်းလုပ်ပေးချင်တယ်။ ဒါပေမဲ့ ကျနော့်မှာ ငွေကြေးမရှိဘူး” ဟု ကိုယ်တိုင်က ဒုက္ခရောက်နေသော်လည်း ကူညီမှု ပေးချင်နေသည့် ကိုသိန်းစိန်က မချိတင်ကဲ ပြောလေသည်။

ယခင်က ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းသင့် ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပုဂ္ဂလိက အလှူရှင်များက ပံ့ပိုး ကူညီမှု ပေးခဲ့သော်လည်း ယခုအခါတွင်မူ သိသာစွာ လျော့နည်း ကျဆင်းသွားပြီ ဖြစ်သည်။ ဒုက္ခသည် အများစုလည်း နေရင်းဒေသများသို့ ပြန်သွားကြပြီ ဖြစ်သည်။

“ဒုက္ခသည် တော်တော်များများက ရွာပြန်သွားကြတယ်။ ခက်တာက ရွာတွေမှာ ဘယ်လောက် အတိုင်းအတာအထိ စားဝတ်နေရေး အဆင်ပြေနိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမလဲဆိုတာ မပြောတတ်တော့ပါဘူး။ လူတွေက အကူအညီ လိုနေသေးတာကတော့ အမှန်ပဲ” ဟု ဘိုကလေးမြို့ရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။

မေလ ၂-၃ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် လူဦးရေ ထောင်ချီ သေဆုံးခဲ့ပြီး၊ ၂ ဒဿမ ၄ ရာခိုင်နှုန်းကျော် ဒုက္ခရောက်ဆဲဖြစ်ကာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသေးကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ပြောကြားကြသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိသည့် ဒေသဖြစ်သည့်အပြင် ရေလုပ်ငန်းတွင်ပါ အားထားရသလို၊ ငါး၊ ငါးခြောက်၊ ပုဇွန်၊ ပုဇွန်ခြောက်နှင့် ငံပြာရည် စသည့် ရေထွက်ပစ္စည်းများ ထွက်ရှိရာ ဒေသလည်းဖြစ်သည်။

နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက် ငါးဖမ်းလှေများ အများအပြား ပျက်စီးသွားကာ ရေလုပ်ငန်း လုပ်ကိုင်ကြသော ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မြောင်းမြမြို့နယ်ရှိ ရေလုပ်ငန်း လုပ်ကိုင်သူအများစု ပိုင်ဆိုင်သည့် ငါးဖမ်းလှေ အများအပြား ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“အခုလည်း လူတွေက ကိုယ်ထူကိုယ်ထပဲ လုပ်နေရတာ။ ကိုယ့်အချင်းချင်း ဘယ်လို အကူအညီ ပေးရမလဲ။ အခက်အခဲရှိတဲ့သူ အချင်းချင်းတော့ ဘယ်လို ကူညီနိုင်မလဲ” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

နအဖ စစ်ကောင်စီမှ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကမူ “လက်ရှိ အခြေအနေသည် စားရေးအတွက် စိုးရိမ်ပူပန်ရန် မလိုတော့ဘဲ လေဘေးသင့် ဒေသများ၏ ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လယ်ထွန်စက်၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ပဲ့ထောင်လှေ၊ ငါးဖမ်းပိုက် စတဲ့ လုပ်ငန်းခွင်သုံး ပစ္စည်းများ ကူညီပေးနိုင်ရေးသာ အလေးထား ဆောင်ရွက်ရန်ဖြစ်သည်” ဟု မကြာသေးခင်က မစားရ ဝခမန်း ပြောဆိုခဲ့သည်။

မုန်တိုင်းလေးနှင့် ဒညင်းဖြူ ကျေးရွာသားများသာ အနှီစကားကို ကြားရမည်ဆိုလျှင် မပြုံးဘဲ ဝါးလုံးကွဲအောင်ဖြင့် မရီမောနိုင်ဘဲ ရင်နာမဆုံး ရှိနေကြပါဦးမည်။ ယခုအချိန်အထိ မျှော်လင့်ချက် အရိပ်အယောင်ကဖြင့် မမြင်ရသေးပေ။ တာဝန်အရှိဆုံး အာဏာပိုင် အစိုးရအတွက်မူ တွက်ရေးက တကယ့်ကို စက်သူဋ္ဌေးသာ ဖြစ်နေပါတော့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates