Tuesday, June 17, 2008

စမ်းချောင်းဥက္ကဌ ဖဲရိုက်နေစဉ် အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008 16:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တာဝန်ချိန်အတွင်း ရုံးထဲမှာပင် ဖဲရိုက်နေသူ မြို့နယ်ဥက္ကဌကို စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးမှု ယနေ့ နံနက်က ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အေးချမ်းသာယာရေး ရုံးအတွင်း မြို့နယ်ဥက္ကဌ ဦးကျော်ခိုင်၊ အတွင်းရေးမှူး ဦးခင်မောင်ဦးတို့ ပါဝင်သည့် လူအုပ်စုက အပျော်တမ်း ပိုကာဒေါင်း ဖဲရိုက်နေစဉ် စရဘ တပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။


မုန်တိုင်းသင့် လပွတ္တာတွင် လေဆင်နှာမောင်း ဝင်တိုက်ပြန်

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 17 2008 14:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကျေးရွာအချို့တွင် ယမန်နေ့က လေဆင်နှာမောင်းတခု တိုက်ခတ်သွားသဖြင့် နေအိမ်အချို့နှင့် ဒုက္ခသည် စခန်းတခု၌ အပျက်အစီးများ ဖြစ်ပွားခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျောက်မော်၊ ကျောက်ဖြူ၊ လေးအိမ်တန်း ကျေးရွာနှင့် ဒုက္ခသည် စခန်းတခုတွင် မွှေနှောက် တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် အနည်းဆုံး နေအိမ် ၆ လုံးနှင့် ဒုက္ခသည်စခန်းရှိ တဲအချို့ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“မနက် ၁ဝ နာရီလောက်မှာ လေတအားတိုက်တယ်။ ညနေပိုင်းမှာ မိုးတအားရွာတယ်။ လေဆင်နှာမောင်းက ဒီကနေ ၄ မိုင်၊ ၅ မိုင်လောက် အကွာက ကျောက်မော်၊ ကျောက်ဖြူဆိုတာ ရှိတယ်လေ။ ကျောက်မော်က အိမ် ၆ လုံး ပါသွားတယ်တဲ့။ လေးအိမ်တန်းက အိမ်တွေ ပျက်တယ်။ ၅ မိုင် ဒုက္ခသည်စခန်း ခေါင်မိုးတွေ လန်သွားတယ်။ တချို့ တဲတွေ လန်သွားတယ်” ဟု လပွတ္တာ ဒေသခံတဦးက ပြောသည်။

ကျောက်မော်သည် အိမ်ခြေ ၅၃၉ ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သေဆုံးသူ ၁၅ ဦးရှိကြောင်း နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ သော ကျေးရွာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

လေဆင်နှာမောင်းငယ်သည် ၁၅ မိနစ်ခန့် အကြာတွင် အားပျော့သွားသည်။

ယမန်နေ့ မွန်းတည့်ချိန်တွင် မိုးလေဝသနှင့် ဇလဗေဒက ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုန်လေ အားကောင်း နေပြီး မွန်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးနိုင်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒမှ တာဝန်ရှိသူတဦးက မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ မကြာခဏ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ပြောသည်။

သူက “မုတ်သုန်လေ အားကောင်းမယ်။ ပယ်လယ် ကမ်းရိုးတန်းတလျှောက် မိုးကြီးမယ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ အထက် မြန်မာပြည်မှာ မိုးကြီးမယ်၊ နေရာအနှံ့အပြား။ ကယား၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်။ ရာခိုင်နှုန်း ၈ဝ ။ နောက်နှစ်ရက်အတွက် မုတ်သုန်လေ အားကောင်းမယ်။ အခုဟာက မုတ်သုန်လေပဲလေ။ မုန်တိုင်းတော့ မဟုတ်ဘူး” ဟု ပြောသည်။

ကမ္ဘာကြီး ပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ကမ္ဘာ့လေ လမ်းကြောင်းများ ပြောင်းလဲမှုကြောင့် ဘင်္ဂလား ပယ်လယ်အော် (Bay of Bengal) အတွင်း ၌ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ပါက ဧရာဝတီတိုင်းသို့ ထပ်မံ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနနှင့် ADPC (Asian Disaster Preparedness Center) တို့မှ ပညာရှင်များက ဇွန်လ ၅ ရက်နေ့ နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး၌ ကျင်းပ သော တတိယအကြိမ် မုန်သုန်ဖိုရမ် ၂ဝဝ၈ ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားခဲ့ကြောင်း ရန်ကုန်အခြေစိုက် The Voice ဂျာနယ်တွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အတွင်း မြစ်ရေ လျှံတက်နိုင်သည် ဆိုသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသဖြင့် ရန်ကုန်တွင် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကော်ဖီနှင့် ကုန်ခြောက်အချို့ အနည်းငယ် ဈေးတက်သွားသည်။

မရမ်းကုန်းရှိ ဘုရင့်နောင်ပွဲရုံ ပိုင်ရှင်က “တချို့ ငါးသေတ္တာတွေဆို ပစ္စည်းပြတ်သလောက် ဖြစ်သွားတယ်” ဟု ဆိုသည်။

တာမွေရှိ မင်္ဂလာဈေးမှ ကုန်သည်တဦးကလည်း ဆန်ဈေးနှုန်း အနည်းငယ်သာ တက်သွားပြီး ဝယ်ယူမှုမှာ ထင်သလောက် များပြားခြင်း မရှိကြောင်း ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates