Monday, June 16, 2008

လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ

ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 16 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။

ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သွားတုန်းက ဘုန်းကြီးနဲ့ တွေ့မယ်ဆိုပြီး သွားတာ။ အလှူခံတဲ့ ဘုန်းကြီးလေ။ အဲလိုမျိုး ချိန်းထားလို့ သွားတာ။ အဲဒါ မြေနီကုန်း ရွှေလ္ဘက်ရည် ဆိုင်မှာ အလှူကိစ္စကို ဘုန်းကြီးက လွှတ်လိုက်တာ ဆိုပြီးတော့ အဲလိုပုံစံနဲ့ ဝင်လာတာ။ အဲဒီမှာပဲ ပျောက်သွားတာ” ဟု မတင်တင်ချို၏ ခင်ပွန်းသည်က ပြောသည်။

သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ အာဏာပိုင်များဘက်က မိသားစုဝင်များသို့ တစုံတရာ အကြောင်းကြားခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။

၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ညတွင် နယ်မြေခံရဲများ အပါအဝင် ဒေသ အာဏာပိုင်များသည် ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“မေးတာက ကယ်ဆယ်ရေး ပိုက်ဆံတွေ ပို့ထားတာ ဘယ်မှာ ထားသလဲ၊ ဘယ်ကို သူ ဆက်သလဲ၊ သူတို့ မှတ်ထားတဲ့ ငွေစာရင်းလယ်ဂျာ (ledger) သိချင်တယ်၊ ပြပါ ဆိုပြီး မေးပါတယ်။ ရှာတာက တအိမ်လုံးကို ရှာတာပေါ့။ ဗီရိုတွေ ဖွင့်ကြည့်တယ်။ ပထမတခေါက်တော့ သိပ်ပြီး ထွေထွေထူးထူး ပါမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ဖြတ်ပိုင်းပုံကလေးတွေ ဖြတ်ထားတဲ့ဟာတွေ ပါသွားတယ်။ ဒုတိယ တခေါက်တော့ လက်တော့ပ် laptop တို့ တောင်းတာ ရှိတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

ဘာကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း နေအိမ်များသို့ လာရောက် မေးမြန်းခဲ့သူ အာဏာပိုင်များ၏ စကားများအရ လေဘေး ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းနှင့် ပတ်သက်သည်ဟု ယူဆရကြောင်း မိသားစုဝင်များက ပြောသည်။

အဖမ်းခံလိုက်ရသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေတ္တာပေါင်းကူး အမည်ရှိ လေဘေး ကူညီရေးအဖွဲ့က ဧရာဝတီတိုင်းအတွင်းသို့ အနည်းဆုံး ၆ ခေါက်ခန့် ပေးပို့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီနေသည့် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူရွှင်တော် ဇာဂနာ (ကိုသူရ) သည် ယခုလ ၄ ရက်နေ့တွင်၎င်း၊ First Eleven ဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးသည် ၁၃ ရက်နေ့တွင်၎င်း ဖမ်းဆီးခံခဲ့ကြရသေးသည်။


ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 16 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။

“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။

သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။

ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ရှေ့နေ ဦးအောင်သိန်းက “ထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။

ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။


ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 16 2008 15:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။

ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။

နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။

သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။


နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီနေသူ သတင်းစာဆရာ အဖမ်းခံရ

ဝေဆန်း
တနင်္ဂနွေနေ့၊ ဇွန်လ 15 2008 15:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ် ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များကို ကူညီ ထောက်ပံ့ပေးနေသူ သတင်းစာဆရာ ဦးဇော်သက်ထွေးကို အာဏာပိုင် များက သောကြာနေ့တွင် မင်းဘူးမြို့တွင် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တဦး အပြောအရ သိရသည်။

"သူတို့လာပြီး ဖမ်းသွားပြီးတော့ မိုဘိုင်းဖုံးကိုလည်း ဆက်လို့ မရအောင် ဖြတ်လိုက်တယ်" ဟု အမည်မဖော်လိုသူ သူက ပြောသည်။

First Eleven အားကစားဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ ဦးဇော်သက်ထွေးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များသို့ မီးဖိုချောင်သုံး ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ပြီးနောက် ကျန်းမာရေး မကောင်းသည့် မိခင်ရှိရာ မွေးရပ်မြေသို့ အလည်အပတ် သွားရောက် နေစဉ် အဖမ်းခံရခြင်း ဖြစ်သည်။

လာရောက် ဖမ်းဆီးသူများက မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်ကို ပြောပြခြင်းမရှိပေ။ သို့သော်လည်း သူ၏ မိတ်ဆွေဖြစ်သူ ဟာသ သရုပ်ဆောင် ဇာဂနာကို ဖမ်းဆီးမှုနှင့် ပတ်သက်နေဖွယ် ရှိသည်ဟု ယုံကြည်ရသည်။ ဆိုင်ကလုံး ဒုက္ခသည်များကို အကူအညီ ပေးဆောင် ရာတွင် သူတို့နှစ်ဦး လက်တွဲ လုပ်ဆောင်ခဲ့ဖူးကြသည်။

ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ပြည်သူ့ အချစ်တော် ဇာဂနာ ခေါ် ဦးသူရ ကို ယခုလအစောပိုင်းက အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။ ဇာဂနာ၏ နေအိမ်မှ ဆိုင်ကလုံး ဒုက္ခသည်များအတွက် လှူတန်းမည့် ငွေများနှင့် မှတ်တမ်းတင် ဗီစီဒီများကိုပါ အာဏာပိုင်များက သိမ်းဆည်း သွားသည်။

ဦးဇော်သက်ထွေးသည် ယခင်ကလည်း နိုင်ငံရေးဖြင့် ဆက်နွယ်ကာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။ First Eleven ဂျာနယ်တွင် ဦးဆောင်နေချိန် နိုဝင်ဘာ ၂၀၀၃ ခုနှစ်က သူကို ဖမ်းပြီး သေဒဏ် ချမှတ်ခဲ့သည်။ အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ အစိုးရက အရပ်သားများအပေါ် အဓမ္မ လုပ်အားပေး သတင်းများ ပေးပို့သည်ဟု အစိုးရက တရား စွဲဆိုခဲ့သည်။ သို့သော် အိုင်အယ်လ်အို၏ ဖိအားကြောင့် ဗဟိုတရားရုံး အမိန့်ဖြင့် ၂ နှစ် အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ယခုအချိန်အထိ ဦးဇော်သက်ထွေးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပါ။ ရန်ကုန်ရှိ သူ၏ နေအိမ်ကိုလည်း အထူး ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေပြီး တယ်လီဖုံးလိုင်း ဖြတ်တောက်ခဲ့သည်။

အချို့သော သတင်းများက သူ့ကို မင်းဘူးမှ ခေါ်ဆောင်လာပြီးနောက် ရန်ကုန်ရှိ စစ်ကြောရေး စခန်းတခုတွင် ထိန်းသိမ်းထားသည်ဟု ပြောသည်။


ရန်ကုန် မိုးကြီး၊ မော်လမြိုင်တွင် ရေတက်လာ၍ လူအများ ထိတ်လန့်နေ

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ ဇွန်လ 15 2008 14:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် ယနေ့နံနက် လင်းအားကြီးချိန်မှစ၍ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိပြီး အချို့ နေရာများတွင် ရေလျှံမှု ဖြစ်နေသည်။

မိုးလေ၀သဌာန၏ အထူးသတင်း ကြေငြာချက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်မှ နောက် ၇၂ နာရီအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ပါရှိသည်။ မြန်မာ့ ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။

လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း ဂယက်ကြောင့် စိုးရိမ်စိတ် ကြီးထွားနေချိန်ဖြစ်သဖြင့် မိုးလေ၀သသတင်း လိုက်လံစုံစမ်းမှုကို အများအပြား တွေ့နေရသည်။

မုန်တိုင်းအဆင့်မဟုတ်ဘဲ မုတ်သုန်လေ အားကောင်းရာမှ အားအလွန်ကောင်းလာကာ လေပြင်းကျရောက်မည် ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ချုပ် ဦးထွန်းလွင်က မုန်တိုင်းဝင်ခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ပင်လယ်ထွက်သူများအတွက် လေတိုက်နှုန်းက စိုးရိမ်စရာ ရှိသည်ဟု ပြောသည်။

မော်လမြိုင်မြို့တွင် ကမ်းနားတလျှောက် ရေတက်လာနေ၍ လူအချို့ အထိတ်တလန့် ဖြစ်ကာ အမြင့်ပိုင်းကျရောက်ရာ မြို့ထဲသို့ အုပ်စုလိုက် ရွှေ့ပြောင်းနေကြသည်။ မော်လမြိုင်မြို့တွင် ရေကြီးမည်ဆိုသော ကောလဟလများ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့ပြီးနောက် လူအများ စိုးရိမ် ထိတ်လန့်နေခဲ့သည်။

ဘီလူးကျွန်းပေါ်ရှိ ကျေးရွာ ၂ ခုတွင် ရေကြီးမည်ဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းရာ "လူမရှိတော့" ဟု ဒေသခံတဦးက ပြောသည်။

ယနေ့ မော်လမြိုင်မြို့တွင် ရဲအစောင့်အကြပ်များ သိသိသာသာ တိုးမြှင့် ချထားလိုက်သည်။


ရန်ကုန်တိုင်းမှူးအမိန့်အရ သာသနာ့သိပ္ပံကျောင်းကို ချိပ်ပိတ်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇွန်လ 14 2008 16:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတခုဖြစ်သော ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့ သိပ္ပံကျောင်းကို ယမန်နေ့က အာဏာပိုင်များက ချိပ်ပိတ်လိုက်သည်။

ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်း အမိန့်အရဆိုကာ မြို့နယ် အေးချမ်းသာယာရေး ကော်မတီ ဥက္ကဌအပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းတိုက်သို့ ရောက်ရှိလာပြီး လစ်လပ်နေသော ကျောင်းထိုင် ဆရာတော်နေရာတွင် တရားဝင် ခန့်အပ်မှု မပြီးမချင်း ခေတ္တ ပိတ်ထားမှာ ဖြစ်သည်ဟု ပြောကာ ကျောင်းတိုက်ပေါ်တွင် သီတင်းသုံး နေထိုင်တော်မူနေသော သံဃာတော်များကို ဖယ်ရှားကြပါရန် ပြောကြားခဲ့သည်။

"မနေ့က မနက် ၁၁ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ် မ.ယ.က ပါတယ် ရ.ယ.က တွေလဲပါတယ် အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးတွေကော ကြံဖွံ့တွေ၊ စွမ်းအားရှင်တွေကော ၂၀ လောက်ရှိတယ်၊ ညနေ (၅)နာရီမှာ ဘုန်းကြီးကျောင်းကို သူတို့မှာ ပါလာတဲ့ သော့နဲ့ခတ်ပြီး ချိပ်ပါပိတ်သွားတယ်" ဟု ကျောင်းတိုက်တွင် ၀ါဆို သီတင်းသုံးနေထိုင်ခဲ့သူ ရဟန်းတော်တပါးက မဇ္ဈိမ သို့ ပြောကြားသည်။

ယခုအခါ ဝါဆို သံဃာတော်သုံးပါးမှာ ခြောက်ထပ်ကြီး ဘုရားဝန်းအတွင်းရှိ အခြားသော ကျောင်းတိုက်နှစ်ခုသို့ ရွှေ့ပြောင်း သီတင်းသုံးနေသည်။

ကျောင်းထိုင်ဆရာတော် ရွေးချယ်မှုမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး ပြန်လည် ဖွင့်ပေးလိမ့်မည် မထင်ကြောင်း ရဟန်းတော်များက လက်ခံထားကြသည်။

ဒီမိုကရေစီ လိုလားသူများ၏ ကိုးကွယ်လှူတန်းခြင်းကို စစ်အစိုးရငြိုငြင်မှာ မကြောက်မရွံ့ဘဲ လက်ခံလေ့ရှိသူ သာသနာ့သိပ္ပံ ကျောင်းထိုင် ဆရာတော်ကြီး၏ ဈာပနပွဲကို ဇွန်လ(၇) ရက်နေ့က ကျင်းပခဲ့ရာ ရန်ကုန်ရှိ အတိုက်အခံ အင်အားစုများမှ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ဈာပနပွဲကို အာဏာပိုင်များကလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပြီး လိုအပ်လျှင် ဖြိုခွင်းခြင်းပြုရန် စွမ်းအားရှင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများကိုပါ အဆင်သင့် ခေါ်ယူထားခဲ့သည်။

၂၀၀၇ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့်"ရွှေဝါရောင် တော်လှန်ရေး" တွင် ဘုန်းကြီးကျောင်း များကို စစ်အစိုးရက ၀င်ရောက် စီးနင်းခံခဲ့ရပြီး ကျောင်းတိုက်အချို့မှာ ချိပ်ပိတ်ခံခဲ့ရသည်။

ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပ္ပံနှင့် သာသာနာ့ဂုဏ်ရည် ကျောင်းများမှာလည်း လုံခြုံရေး တပ်ဖွဲ့များ၏ ၀င်ရောက်စီးနင်း ရှာဖွေခြင်းခံခဲ့ရသည်။ သာသနာ့ ဂုဏ်ရည်ကျောင်းကို ချိပ်ပိတ်ထားခဲ့ရာ နာဂစ် မုန်တိုင်းကြောင့်လည်း ကျောင်းတိုက်ပျက်စီးမှုများ ရှိသည်။


ပူတာအိုထောင်အတွက် ရိက္ခာဆန် ကုန်သည်များ ထောက်ပံ့

မျိုးကြီး
သောကြာနေ့၊ ဇွန်လ 13 2008 19:01 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ နာဂစ်မုန်တိုင်းနောက်ပိုင်း ကချင်ပြည်နယ် မြောက်ဖျားရှိ ပူတာအို အကျဉ်းထောင်အတွက် လိုအပ်သည့် ဆန်များကို ခရိုင်အတွင်းရှိ ဆန်ကုန်သည်များက ထောက်ပံ့နေရသည်။

အကျဉ်းသားများ စားသုံးရန် ရိက္ခာဆန် အခက်အခဲ ရှိနေသဖြင့် ဆန်ကုန်သည်များ အသင်းမှ ဆန်ထောက်ပံ့ပေးရန် ပြည်ထဲရေးဌာနမှ ညွှန်ကြား သောကြောင့် ယခုလို ထောက်ပံ့နေရခြင်း ဖြစ်ကြောင်း ခိုင်လုံသော ပူတာအို ထောင်ဝန်ထမ်း သတင်းရပ်ကွက်က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ယခုလကုန်အထိ ဆန်ကုန်သည်များက ထောင်အတွက် တတင်းခွဲ ဆန်အိတ် ၂၈ဝ ကျော် ထောက်ပံ့ ပေးရမည်ဟု ထောင်အာဏာပိုင်များဘက်က သတ်မှတ်ပေးခဲ့ပြီး၊ မေလ ၃၁ ရက်နေ့က ဆန် ၄၅ အိတ်ကို စတင်ထောက်ပံ့ခဲ့ပြီး ကျန်ရှိသည့် ဆန်အိတ်များကို အရစ်ကျနည်းဖြင့် ထပ်မံ ပေးသွင်းရမည်ဟု သတင်းရပ်ကွက်က ဆိုသည်။

ပူတာအိုရှိ ဆန်ကုန်သည် တဦးကလည်း ဆန်ပေးရကြောင်း အတည်ပြု ပြောဆိုသော်လည်း ဆန်ကုန်သည်များက မည်ကဲ့သို့ အချိုးကျ ထည့်ဝင် ရမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခြင်း မပြုပါ။ ဌာနဆိုင်ရာ လိုအပ်ချက်များရှိရင် အာဏာပိုင်များက ပတ်သက်ရာ နီးစပ်ရာ ကုန်သည် စီးပွား လုပ်ငန်းရှင်များထံမှ အလှူ ကောက်ခံလေ့ ရှိသည်။

ယခင်က ထောင်တွင်းသို့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အသားငါး စသည့်ရိက္ခာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက တာဝန်ယူ ပေးပို့ရန်အတွက် သတင်းစာများတွင် ကြော်ငြာထည့်၍ တင်ဒါ ခေါ်ယူလေ့ရှိပြီး၊ တင်ဒါရသူများက တင်ပို့ ရောင်းချခွင့် ရသည်။ နာဂစ် နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်သာ တင်ဒါခေါ်ယူပြီး ဆန်ကို ခေါ်ယူခြင်း မရှိတော့ပါ။

ပူတာအိုတွင် ဆန်အကောင်းစား လုံးသွယ်မွှေး ခတ်ချိုဆန်သည် တအိတ်လျှင် ကျပ် ၆ဝဝဝဝ ဝန်းကျင်၊ ငစိန်ဆန်ကဲ့သို့ အညံ့စားဆန်က တပြည် ၁၃ဝဝ ခန့် ဈေးပေါက်နေပြီး၊ ၂ ဆနီးပါး ခုန်တက်လာကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ဆန်ဈေးသည် ၂ ဆနီးပါး တက်နေသည်။

ဒေသတွင်း၌ ဆန်ဈေး တက်နေကာ တရုတ်နိုင်ငံဘက်သို့ မြန်မာမှ ဆန်သယ်ယူရောင်းချမှုကို အာဏာပိုင်များက ပိတ်ပင်ထားပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်နေသည်။

နှစ်နိုင်ငံနယ်စပ်တွင် ဆန်ရောင်းဝယ်နေသည့် ကုန်သည်တဦးက “အာဏာပိုင်တွေဘက်ကတော့ တရားဝင် ပိတ်ထားတာပဲ။ အခုဝင်တာက အောက်လမ်းလို့ ခေါ်တာပေါ့။ ဂိတ်နဲ့ ကားသမားနဲ့ ညှိပြီး သွင်းကြတာ” ဟု ပြောသည်။

မုန်တိုင်းသင့် ဧရာဝတီတိုင်းက လယ်ယာမြေများတွင် ဆန်စပါးကို အချိန်မီ မစိုက်ပျိုးနိုင်ပါက မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က FAO က ထောက်ပြထားသည်။

နအဖ စီမံကိန်းဝန်ကြီးဌာနမှ ဦးစိုးသာက FAO ၏ ပြောဆိုချက်ကို အခြေအမြစ်မရှိဟု တုံ့ပြန် ပြောဆိုခဲ့သည်။

ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကလည်း အကျဉ်းကျနေသည်။


နာဂစ်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းနေ

ဖနိဒါ
သောကြာနေ့၊ ဇွန်လ 13 2008 16:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူအသေအပျောက် များခဲ့သည့် မုန်တိုင်း အကျိုးဆက်ကြောင့် နိုင်ငံ၏ စီးပွားရေးကို ထိုင်းမှိုင်းလာစေသည်ဟု စီးပွားရေး ပညာရှင်များနှင့် ကုန်သည်များက သဘောတူညီ သုံးသပ်မှု ပြုထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်း အားကောင်းရာ ဧရာဝတီတိုင်းနှင့် နိုင်ငံ၏ စီးပွားရေးအရ အားအကောင်းဆုံး မြို့ဖြစ်သည့် ရန်ကုန်တွင် နာဂစ်မုန်တိုင်းကြောင့် မြန်မာ့ ရာဇဝင်တွင် မကြုံစဖူး ထူးကဲသည့် သေကြေ ပျက်စီးမှုများ ခံခဲ့ရ၍ တိုင်းပြည် စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။

“စီးပွားရေး ကျသွားတော့ ဝယ်လိုအား အရမ်းနည်းသွားတယ်။ နောက် မိုးတွင်းလည်း ဖြစ်နေတယ်လေ။ နောက် အသီးအရွက်တွေ မစိုက်နိုင် တော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးက အောက်ပိုင်းမှာ ပိုဆိုး၊ အပေါ်ပိုင်းမှာ အသွားအလာ နည်းလာ။ အရေးကြီးတာက ဆန်ဈေး တက်တာ။ စားစရာဆန်က အဓိကဆိုတော့ ဝယ်သူတွေ လျော့နည်းသွားတာပေါ့နော်။ အခု အောက်ပိုင်း (မြန်မာနိုင်ငံ တောင်ဘက်အရပ်) မှာက ဆန်အချိန်မှာ စပါး၊ ငှက်ပျော၊ ပီလောပီနံဥတို့ ရစရာတွေ ရှိတယ်။ အခုတော့ လယ်ထဲမက ကန်တွေမှာတောင် ရေဝင်နေတော့ အများကြီး ဒုက္ခရောက်တယ်” ဟု ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က မဇ္ဈိမကို ပြောသည်။

ဦးခင်မောင်ညိုက တိုင်းပြည်အတွင်း အခြေအနေတခုမှ တခုသို့ ရုတ်တရက် ပြောင်းလဲခြင်းနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခြင်းတို့ ဖြစ်ပေါ်တိုင်း ဈေးနှုန်း အတက်ကြမ်းလေ့ရှိသဖြင့် နိုင်ငံ့စီးပွားရေး ကျဆင်းတတ်သည်ဟု ဆိုသည်။

“တခုခု အကြီးအကျယ် ပြောင်းလဲမှုတိုင်း၊ ပြောင်းလဲမှုတိုင်းမှာ စီးပွားရေး ကျတတ်ပါတယ်။ အမြဲတမ်း အတက်လည်း ရှိတယ်။ အကျလည်း ရှိတယ်။ စီးပွားရေး လောကမှာ ဒီလိုအချိန်မှာ အခွင့်အရေးယူကြတော့ အတက်အကျ ရှိတယ်နော်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ဆန်ဈေးနှုန်းမှာ ၁၅ ရာခိုင်နှုန်းကျော် အသီးသီး တက်သွားသည်။ ပေါ်ဆန်းမွေး တအိတ်လျှင် ကျပ် ၃၆ဝဝဝ ရှိရာမှ ၄၂ဝဝဝ ကျပ်၊ ဇီယာဆန်သည် ယခင်က ၂၄ဝဝဝ ကျပ်မှ ယခုအခါ ၂၈ဝဝဝ ကျပ်ဖြစ်သည်။ ရေစို၍ အဝါရောင် သန်းသွားသော ဆန်များကို စားသုံးလာရာ တအိတ်လျှင် ၁၇ဝဝဝ ကျပ် ဈေးပေါက်သည်။

စားသုံးဆီဈေးမှာ ပဲဆီဆိုလျှင် ၄ဝ ရာခိုင်နှုန်းကျော် မြင့်တက်သွားရာ ပဲဆီ တပိဿာ ၄၂ဝဝ ကျပ်မှ ၆ဝဝဝ ကျပ် ဖြစ်သွားသည်။

လောင်စာဆီဈေးများတွင် ဓာတ်ဆီဆိုလျှင် ပြင်ပပေါက်ဈေးအရ ၃ဝ ရာခိုင်နှုန်းကျော် မြင့်တက်သွားရာ တဂါလံလျှင် ၄၅ဝဝ ကျပ်မှ ၆ဝဝဝ ကျပ်၊ ဒီဇယ်တဂါလံက ၄၂ဝဝ မှ ၄၇ဝဝ ဖြစ်လာသည်။

ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ထိပ်တန်း ကုန်သည်ကြီးတဦးကလည်း နိုင်ငံတွင် စီးပွားကျဆင်းမှု ဖြစ်ပေါ်နေခြင်းကို သဘောတူ လက်ခံထားသည်။

“ရောင်းအားကျတာ မုန်တိုင်းကြောင့်။ နာဂစ်ဖြစ်ပေါ်မှုရဲ့ နောက်မှာ ကယ်ဆယ်ရေးရော၊ ပြန်လည် ထူထောင်ရေးရော အကုန် လုပ်နေရတယ်လေ။ လူတသန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတာကိုး၊ နည်းတာ မဟုတ်ဘူးလေ။ အသက်ရှင်နေတဲ့လူတွေအတွက် စားရေး၊ သောက်ရေး၊ ဝတ်ရေး အကုန်လုံး စီစဉ်ပေးရတဲ့အခါမှာ ဒီလို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အာဏာပိုင်များက အငြိုးထားတုံ့ပြန်မှု လုပ်မှာ စိုးရိမ်ကြောင့်ကြ၍ အမည် ထည့်မပြောရန်တော့ သူက မဇ္ဈိမကို မေတ္တာရပ်ခံခဲ့သည်။

ဒိုမီနို သက်ရောက်မှု (Domino effect) ဟု စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့်အတိုင်း စီးပွားရေး ကျဆင်းမှုမှာ မီးခိုးကြွက်လျှောက်ဖြစ်ပြီး အရောင်းအဝယ်တွင်လည်း လက်ကား လုပ်ငန်းရှင်ကြီးများရော လက်လီရောင်းသူများ၊ တနေ့လုပ် တနေ့စားများကိုပါ ထိခိုက်ကုန်သည်။

ရန်ကုန်ရှိ သီရိမင်္ဂလာဈေး ကုန်စိမ်းပွဲရုံများတွင်လည်း မုန်တိုင်း မဖြစ်ခင်က တနေ့ ရောင်းအား ကျပ်ငွေ ၂ သိန်းမှ ၃ သိန်းအထိ ရှိသော်လည်း ယခုရက်ပိုင်းတွင် ၃ သောင်းမှ ၄ သောင်းခန့်သာ ရသည်ဟု မျိုးမိသားစု ကုန်စိမ်းပွဲရုံက ပြောသည်။

“ဒီလပိုင်းကနေ အရောင်းအဝယ်တွေ အေးသွားတာပေါ့။ ကျမတို့က တောဘက်ကို အားထားပြီး ရောင်းရတာဆိုတော့ ဈေးရောင်းရတာ ကျတာပေါ့ရှင်။ ဘယ်လောက်အထိ ကျသွားလဲဆိုတော့ ဒီလိုကြီး ပြောလို့ မရဘူးလေ။ လာဝယ်တဲ့လူက နည်းသွားတယ်နော်။ အဝယ် ပါးသွားတယ်ပေါ့။ ဟိုရက်ကလေးကတော့ အဝယ်သွက်တယ်။ တောကလူတွေက ဒုက္ခရောက်သွားတော့ ဘယ်ဝယ်တော့မှာလဲ” ဟု ပွဲရုံမှ ပုဂ္ဂိုလ်တဦးက ပြောသည်။

အဆိုပါ ကုန်စိမ်းရုံမှာ အဓိကအားဖြင့် ဧရာဝတီတိုင်း လပွတ္တာ၊ ဘိုကလေး၊ ပုသိမ်မြို့နယ်များမှ ကုန်ပစ္စည်းများကို အဓိက ရယူကာ ပြန်လည် ရောင်းချနေခြင်း ဖြစ်သည်။

လှည်းတန်းဈေး ကုန်စုံဆိုင်တခုမှ ကုန်သည်တဦးက “ဆိုင်ကတော့ အရမ်းပါးတယ်။ တယောက်စ နှစ်ယောက်စပဲ လာတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ တနေ့ကလည်း (Ready made) ရခိုင်မုန့်တီ လာရောင်းတာတောင် အရောင်းပါးလို့ မတင်ဘူးလေ။ တခြား အထည်ဆိုင်တွေဆိုရင် ပိုဆိုးတာပေါ့။ ဘေးက ဆိုင်ခန်းတွေတောင်မှ ဆိုင်ခန်း ရောင်းချင်တာ တပုံကြီး ဖြစ်နေတယ်၊ ရောင်းမကောင်း ကြဘူးလေ။ အဝယ် မလိုက်ဘူးတဲ့” ဟု ပြောသည်။

စားသုံးကုန်များ ဈေးတက်နေသည့်အပြင် မိမိရရှိသည့် လခနှင့် အိမ်သုံးစရိတ် မကိုက်သည့်အပြင် လေဘေး ကယ်ဆယ်ရေးတွင်လည်း ကူညီ လှူဒါန်းချင်သဖြင့် မီးဖိုချောင် သုံးစရိတ်များကို ချွေတာနေရသည်ဟု ရန်ကုန်မြို့ပေါ်ရှိ အိမ်ရှင်မတဦးက ပြောသည်။

“ကျမတို့က ဝင်ငွေနဲ့ စားဖို့သောက်ဖို့က မကိုက်ဘူးလေ။ အခု ကျောင်းဖွင့်တော့ ကလေးကျူရှင်ခတွေပေါ့။ သမီးကလည်း ဝန်ထမ်းသမားတွေ ရတဲ့လစာနဲ့ ဘယ်လိုလုပ် စားလောက်မှာတုန်း။ မုန်တိုင်းပြီးကတည်းက ငါးလည်း မစားတော့ဘူး။ ကြက်သားကလည်း တက်။ နောက် ဆန်ဈေးကလည်း မကျဘူး၊ တက်နေတာပဲ။ လူတွေက မုန်တိုင်းအတွက် သွားလှူကြတာမလား၊ အန်တီတို့တောင် နှစ်ခါလောက် လေဘေးအတွက် သွားလှူကြတော့ မီးဖိုသုံးဘက် ချွေတာကုန်ကြပြီ။ ဟိုဘက်မှာက စားစရာ သောက်စရာမရှိ။ အဲဒါကြောင့် လူတွေ အကုန်လုံးက မျှမျှတတ ချွေတာနေရတာပေါ့” ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မ တဦးက ပြောသည်။

တာမွေမှ အိမ်ရှင်မက “မိုးရာသီလည်းဖြစ်လို့ ဈေးရောင်းပွဲတော်တွေ ရှိတယ်။ ဒါပေမဲ့ သူတို့ မဝယ်နိုင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ စားသောက်ကုန်တွေက မဖြစ်မနေ စားနေရတော့ ဝယ်စားနေရတာပဲလေ။ တခြား ပစ္စည်းတွေက ဘယ်ဝယ်စားနိုင်မလဲ။ ဝန်ထမ်းတွေ၊ မရှိဆင်းရဲသားတွေဆို ပိုဆိုးတာပေါ့။ မဝယ်စားနိုင်ဘူးလေ” ဟု ပြောသည်။

ယခင်နှစ်က ရောင်းအား သွက်ခဲ့သော လသာမြို့နယ်ရှိ ကျောင်းကျောပိုးအိတ် ဆိုင်ပင်လျှင် ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ထက်ဝက်ခန့် ရောင်းအားကျသွားသည်။

“ကျနော်တို့ ဆိုင်ကတော့ အရောင်းကျသွားတယ်။ ဝယ်သူတွေတောင် မလာဘူး။ ကျောင်း စဖွင့်ကတည်းကလည်း အရင်နှစ်ကဆို ကျောင်းဖွင့်ချိန်မှာ ပိုရောင်းရတာ၊ အခုတော့ မုန်တိုင်း ကျသွားတယ်လေ” ဟု ဆိုင်ရှင်တဦးက ပြောသည်။

အင်းစိန်မှ အိမ်ရှင်မကမူ “စားသုံးသူတွေက ဈေးပေါတာပဲ ကြည့်တော့တယ်။ အပေါဆုံးဟာ ဘယ်ဟာလဲ ဆိုတာပဲ ကြည့်လိုက်တယ်လေ။ လူတွေက စားဖို့အတွက်ကို အတင်းရုန်းကန်နေရတဲ့ အခါကျတော့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ ဆိုရင်လည်း ကိုယ့်လုပ်အားခကို ကြည့်ပြီးတော့ မဝယ်စားနိုင်တော့ဘူးလေ” ဟု ပြောသည်။

ရန်ကုန်မြို့ပေါ်ရှိ ရွှေဖားစည် ကုန်စည်ပို့ဆောင်ရေး ကားဂိတ်မှ တာဝန်ရှိသူတဦးလည်း မုန်တိုင်း မဖြစ်ခင်က တနေ့လျှင် ကုန်ကား ၃-၄ စီးခန့် ကုန်စုံပစ္စည်းများ သယ်ယူ ပို့ဆောင်ခဲ့သော်လည်း ရောင်းအားကျခြင်း၊ မိုးတွင်းကျခြင်းတို့ကြောင့် ယခုရက်ပိုင်းတွင်မူ ၄ ရက်ကြာမှ ကုန်ကားတစီးသာ ထွက်နိုင်တော့ကြောင်း ပြောသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က “တကယ့် တကယ်တော့ နည်းနည်းလေးတော့ စောင့်ရလိမ့်မယ်။ မစောင့်လို့တော့ မရဘူး။ စီးပွားရေးကပ် ကျတာပေါ့နော်။ အနည်းဆုံး ၆ လလောက် စောင့်ရလိမ့်မယ်။ ကျနော်တို့ နိုင်ငံခြား အကူအညီပဲ မျှော်လို့မရဘူး။ ကိုယ်တိုင်လုပ်ဖို့က တကယ်တော့ စီမံခန့်ခွဲတဲ့ လူကောင်းကောင်း ဦးဆောင် လုပ်ပေးလိုက်ရင်တော့ အနည်းငယ်တော့ ပြန်ကောင်းလာဖို့ ရှိမယ်လို့ သုံးသပ်တယ်” ဟု ပြောဆိုလိုက်သည်။


မိုးကုတ်ရေကြီး မြေပြို လူ ၂၂ ဦးသေ၊ ၈ ဦး ပျောက်ဆုံး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပတ္တမြားမြေ မိုးကုတ်မြို့တွင် ယမန်နေ့ နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုရာမှ လူ ၂၂ ဦးသေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။

ကြာသပတေး နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြား ထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီးသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုးကုတ်မြို့ အရှေ့ပိုင်း အရပ်များဖြစ်သော ရေကြီး မြေပြိုမှုကြောင့် လူ ၂၂ ဦး မိုးကုတ် ဆေးရုံတွင် သေဆုံးခဲ့ပြီးဖြစ်ကာ လူ ၈ ဦး ပျောက်ဆုံးလျှက် ရှိသည်။

လေးပေဇေ။ တောင်နီ၊ သဲဖြူဝိုင်း၊ အုန်းကိုင်း၊ လယ်ဦး၊ အရပ်များတွင် ရေကြီး မြေပြိုမှု အများဆုံး ဖြစ်ပွါးခဲ့သည်။

မိုးများ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပြီး အရပ်သားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကောက်ခံကာ အိမ်ပြို သေဆုံးရသော မိသားစုများကို လှူဒါန်းရန် ပြင်ဆင်နေကြသည်။

ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါး ပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။

ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။

(ထပ်မံရရှိထားသော အချက်အလက်များဖြင့် ဖြည့်စွက် တင်ပြထားသည်။)
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates