Friday, June 13, 2008

သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 12 2008 23:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အတူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည် ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။

“မြန်မာ အကြီးတန်းအရာရှိ အတော်များများကတော့ စစ်အစိုးရက ခုလို နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု လုပ်ငန်း (PONJA) မှာ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွဲပြီး လေ့လာ စူးစမ်းမှုတွေ လုပ်မယ်ဆိုတဲ့ ကိစ္စကို တော်တော့်ကို မချင့်မရဲ ဖြစ်နေကြတယ်” ဟု (TCG) တွင် ပါဝင်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသွားပါသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ပင်မအုပ်စု (Core Group) ဟု သိကြသည့်အဖွဲ့ကို အာဆီယံ အဖွဲ့ကြီး၏ အကူအညီဖြင့် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၊ ကုလအေဂျင်စီများ၊ ဝန်ကြီးဌာန အသီးသီးမှ မြန်မာအရာရှိများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်လှမ်းရေး အရာရှိ အများစုမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်ကြပြီး သူတို့ ဝင်လာနိုင်ရန်အတွက် ဤလုပ်ငန်းတွင် မူလက တာဝန်ပေးထားသော အရာရှိများမှာ နေရာ ဖယ်ပေးခဲ့ကြရသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆက်လက် ပြောကြားပါသည်။

ဤမစ်ရှင်အဖွဲ့၏ အဖွင့် အခမ်းအနားကို အင်္ဂါနေ့က ရန်ကုန်မြို့ Chatrium ဟော်တယ်၌ ကျင်းပပြီးနောက် အဆိုပါ အမြင်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် TCG အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်သူ တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရင်း ပစ်ဆူဝမ်း Mr. Surin Pitsuwan လည်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

ထိုနေ့တွင်ပင် မုန်တိုင်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ အစိုးရ လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှအဖွဲ့ဝင် ၂၅ဝ ကျော်ကိုလည်း စေလွှတ်ခဲ့သည်။

အဆိုပါ ကြံ့ဖွံ့ အဖွဲ့ဝင်အချို့သည် အစိုးရ သတင်းပေးများ အဖြစ်လည်း ဆောင်ရွက်ကြလိမ့်မည်ဟု လေ့လာသူများက ပြောဆို နေကြပါသည်။ စစ်အစိုးရ၏ အခြေအမြစ် မရှိသည့် စိုးရိမ်ကြောင့်ကြမှုများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်း မရှိဘဲ အမေရိကန် ရေတပ် စစ်သင်္ဘော ၄ စင်း ပြန်လည် ထွက်ခွါသွားပြီး နောက်မှာပင် နိုင်ငံခြား အကူအညီပေးရေး လုပ်သားများအပေါ် စစ်အစိုးရက သင်္ကာမကင်းဖြစ်ဆဲ ရှိသေးသည် ဟု သူတို့က ဆက်လက် ပြောဆိုသွားကြပါသည်။

မည်သည့် နိုင်ငံခြားသားများကိုမျှ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ လူနေ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် ရပ်ကွက်နှင့် မြို့နယ် အဆင့် ဒေသခံ အာဏာပိုင်များကို အမိန့်ပေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောကြားခဲ့ပါသည်။

“မြန်မာအစိုးရက သူတို့ ကတိပေးထားသလို နိုင်ငံခြားသား အကူအညီပေးရေး ဝန်ထမ်းတွေကို ပိုမို ဝင်ရောက်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့တာ ပါဘဲ။ ဒါပေမဲ့ ခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်လက်ရှည် စောင့်နေသေးပေမဲ့ ထင်ထားသလို ခွင့်မပြုသေးပါဘူး” ဟု အမည် မဖေါ်လိုသူ ထိုပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်မှာ တလကျော် ကြာမြင့်သည့်တိုင်အောင် လူတသန်းကျော်မှာ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီမျှ ယခုတိုင် ရရှိခြင်း မရှိသေးဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။

အဆိုပါ လေ့လာအကဲဖြတ်ရေး အဖွဲ့သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သည့် လူပေါင်း ၂.၄ သန်းအတွက် လိုအပ်မည့် အစားအစာ၊ သောက်ရေသန့်၊ ယာယီ အမိုးအကာများကို လေ့လာ တွက်ချက်သွားမည် ဖြစ်ပြီး၊ အိမ် များ၊ ကျောင်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စီးပွါးရေးတို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ခန့်မှန်း တွက်ချက်သွားမည် ဖြစ်သည်။

ကျွမ်းကျင်သူ ၂၅ဝ ခန့် ပါဝင်သည့် အဆိုပါ အဖွဲ့သည် ပင်မအုပ်စု (Core Group) ၏ ခေါင်းဆောင်မှုဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ထရပ်ကားများ၊ လှေသင်္ဘောများ၊ ရဟတ်ယဉ်များဖြင့် လေ့လာ စူးစမ်းမှုများ ပြုလုပ်ရန် အင်္ဂါနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။


ရောဂါဖြစ်မှုများသော်လည်း ကပ်ဘေးအဆင့် မဟုတ်ဟု MSF ပြော

ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 18:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများအကြား ၀မ်းရောဂါနှင့် အသက်ရူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှိနေသော်လည်း ကပ်ဘေးတခု အနေအထားအထိ ရောက်ရှိသည့် လက္ခဏာ မတွေ့ရသေးဟု ပြောလိုက်သည်။

"အဲဒီဒေသမှာ ၀မ်းပျက် ၀မ်းလျောဖြစ်တာ လူနာ ၅၀ ကျော် တွေ့ရတယ်" ဟိုင်းကြီးကျွန်းပေါ်တွင် အဖွဲ့နှင့်အတူ ဆေးကုသရေး လုပ်ကိုင်နေသူ မြန်မာ ဆရာဝန်တဦးက ဗုဒဟူးနေ့က မဇ္ဈိမသို့ ပြောသည်။

"ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီး ရောဂါကပ်ဘေး အနေနဲ့ ပျံ့ပွားမယ့် အနေအထား မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ဆရာဝန်နှင့် သူဆေးအဖွဲ့သည် မေ ၂ ရက်နေ့က မုန်တိုင်း တိုက်ခိုက်မှု ခံရသည့် ဟိုင်းကြီးကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာ ၁၀၀ ကျော်ကို သွားရောက်ခဲ့ပြီးနောက် ယခုလို သုံးသပ်ပြခြင်း ဖြစ်သည်။

လပွတ္တာမြို့တွင် ကိုယ်ပိုင် ဆေးခန်းတွင် ဆိုင်ကလုံး ဒုက္ခသည်များကို ဆေးကုသမှု ပေးနေသူ ဒေါက်တာအေးကြူက သူ၏ ဆေးခန်းသို့ နေစဉ် လူနာ ၂၅ ဦးခန့် ၀မ်းရောဂါနှင့် ပတ်သက်ပြီး လာရောက်ကုသမှု ခံယူလျှက် ရှိသည်ဟု ပြောသည်။

ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ လူပေါင်း ၆၈၅ ယောက် အသက်ရူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရပြီး ၀မ်းရောဂါဖြစ်ပွားသူ ၁၁၇ ယောက်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃ ဦး၊ အသည်းရောင်အသားဝါ ဖြစ်သူ ၄ ဦးတို့ကို ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းအတွင်း တွေ့ရှိခဲ့သည်ဟု ပါရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကပ်ဘေးတခု အနေဖြင့် သတ်မှတ်ခြင်း မပြုပေ။ ထို့အပြင် ဆေးဝါး အထောက်အပံ့များ ဝေးလံ ခေါင်ဖျား ဒေသများအထိ ပို့ဆောင်ရန် လုပ်ဆောင်ပြီး ဖြစ်သည်ဟုလည်း ပြောသည်။

သို့သော်လည်း ကယ်ဆယ်ရေး လုပ်သားများကို ကန့်သတ် တားမြစ်ခြင်း ခံရလျှင် ဆေးဝါးကုသမှု အကူအညီများ ချက်ခြင်း မရောက်နိုင်လျှင် လူအမြောက်အများ သေစေနိုင်သည့် "ဒုတိယမြောက် သေမင်းတမန် လှိုင်းလုံးကြီး" ဖြစ်သွားမည့် အန္တရာယ် ရှိသည်ဟုတော့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates