လင်းကိုကိုထက် | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၃ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပမာဏမြန်မာလက်ရွေးစင် အသင်းနှင့် ဂိုးသမားမှအပ မြန်မာနေရှင်လိဂ်မှ
နိုင်ငံခြားသား ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် MNL ALL STAR အသင်းတို့ ထိုင်ခုံလွတ် အများစုရှေ့မှောက် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခြေစမ်းကစားကြရာ မြန်မာ့လက်ရွေးစင်အသင်း ၄ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ပရိတ်သတ် တသောင်းခြောက်ထောင်ဆန့် သုဝဏ္ဏကွင်းတွင် ဆူဇီးကီးဖလားအတွက် သွားရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အသင်းပေါ် မျှော်လင့်တကြီးဖြင့် အားပေးကြသော အထူးတန်းတွင်ရှိ ပရိတ်သတ်တထောင်အတွက် စိတ်ပျက်ဖွယ်ရာ ကစားပွဲလည်း ဖြစ်ခဲ့သည်။
ကိုရီးယားလူမျိုး နည်းပြပတ်ဆောင်ဟွာ၏ ပမာဏမြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပွဲအစတွင်သာ အောလ်စတား အသင်းအား ခြေရည်တူကစားနိုင်ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း သည်းထန်စွာ ရွာသွန်းခဲ့သော မိုးအောက် ကစားပွဲချိန်ကြာလာသည်နှင့်အမျှ အောလ်စတားကို လိုက်မမှီ ဖြစ်ခဲ့ရသည်။
ပွဲချိန် ၁၂ မိနစ်တွင် ပမာဏလက်ရွေးစင် ဘယ်တောင်ပံမှ ကြည်လင်း ဖြတ်တင်ပေးလိုက်သော
ဘောလုံးကို နောက်ခံလူများကြားမှ တိုက်စစ်မှူးရန်ပိုင်က မြေမကျ နောက်ပြန်ကန်ချက်ဖြင့် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၂၅ မိနစ်အကြာတွင် အောလ်စတားမှ ကိုနေးက ချေပဂိုး
ပြန်သွင်းခဲ့သည်။ ချေပဂိုးသွင်းပြီးသည့်နောက် ပမာဏ လက်ရွေးစင် အသင်း ကစားပုံကြမ်းတမ်းလာခဲ့ပြီး ဒိုင်လူကြီး၏ သတိပေးခြင်းများ ကြုံရသည်။ ပွဲချိန် (၂၉) မိနစ်တွင် လက်ရွေးစင်အသင်း
နောက်ခံလူ အောင်သိုက် အဝါကတ်ပြသခြင်း ခံခဲ့ရပြီး မြန်မာအသင်း၏ အုပ်ချုပ်သူများကလည်း ကစားသမားများအား အော်ဟစ်သတိပေးခဲ့ရသလို တဖက်သင်းမှ နိုင်ငံခြားကစားသမားများကလည်း သတိထား၍ ရှောင်တိမ်းကစားသွားခဲ့သည်။
ပွဲချိန်(၃၉)မိနစ်တွင် ဆာဆာက အောလ်စတားအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ ပက်ဆောင်ဟွာ အားထား အသုံးပြုလေ့ရှိသော ကွင်းလယ်ကစားသမား ကြည်လင်း၊ ပိုင်စိုး၊ ကျော်ဇေယျာဝင်းတို့ ထူးထူးခြားခြား တိတ်ဆိတ်နေ ခဲ့ပြီး ကြံ့ခိုင်မှုတွင်လည်း နိုင်ငံခြားကစားသမားများကို ယှဉ်ပြိုင်နိုင်မှု မရှိတာကို တွေ့ရသည်။
တောင်ပံတစ်လျောက်တွင် ကစားနေသည့် ကြည်လင်းနှင့် ပိုင်စိုးတို့ထံမှ ဖြတ်တင်ဘောများ ထွက်မလာခြင်းကြောင့် အထောင်တိုက်စစ်မှူး ရန်ပိုင်အတွက် ပြောစမှတ်တွင်သော ဂိုးသွင်းချက်ကလွဲလျှင် ပွဲချိန်အများစုတွင် အထီးကျန်ဆန် နေခဲ့ရသည်။
ပွဲစတင်ပြီး မိနစ် ၃၀ ခန့်အကြာ သည်းသည်းမည်းမည်း ရွာသွန်းခဲ့သည့်မိုးက ကစားသမားများ မြင်ကွင်းကို
နှောက်ယှက်လာသည့်အတွက် မီးမောင်းကြီးများ ထိုးပြီး ကစားခဲ့ရသည်။ ဒုတိယပိုင်းတွင် ပက်ဆောင်ဟွာက ကစားသမား ၁၀ ယောက်အထိ ပြောင်းလဲအသုံးပြုသွားခဲ့ပြီး ရန်ပိုင်ကို ထုတ်ကာ ၄-၅-၁ ပုံစံမှ တိုက်စစ်မှူး ရာဇာဝင်းသိန်းနှင့် စိုးမြတ်သူတို့ကို တွဲစပ်၍ ၄-၄-၂ ပုံစံ ကစားကွက်ပြောင်းခဲ့သည်။
သို့သော်လည်း အစားထိုးဝင်လာသူများလည်း တွဲဖက်မမိခြင်းကြောင့် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိသည့်အတွက် ပရိတ်သတ်၏ လှောင်ပြောင်အော်ဟစ်သံများ ဆူညံနေခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် မြန်မာနေရှင်နယ်လိဂ်၏ လက်ရှိ ဂိုးသွင်းအများဆုံးဖြစ်သော ဆာဆာက တတိယဂိုး၊ ၅၉ မိနစ်တွင် အန်ဒရေက စတုတ္တဂိုးများ သွင်းယူသွားခဲ့ကြသည်။
ပမာဏ လက်ရွေးစင်အသင်း ကစားသမားများအနေဖြင့် ချေပဂိုးရရန် အားထည့်ကစားလာခဲ့ကြသော်လည်း အရာမရောက်ဘဲ အဆုံးသတ်သွားခဲ့သည်။
နည်းပြပက်ဆောင်ဟွာက “ မြန်မာ့ဘောလုံး တိုးတက်ဖို့ဆိုရင်တော့ လက်ရှိအနေအထားတွေ အားလုံးကနေပြီးတော့ ပြောင်းလဲပစ်ရမယ်။ ကစားသမားတွေရဲ့ အတွေးအခေါ်ပိုင်းတွေ၊ နည်းစနစ်ပိုင်းတွေ ပြောင်းလဲရမယ်။ မဖြစ်မနေ ပြောင်းလဲဖို့ လိုပါတယ်။ လက်ရှိ လက်ရွေးစင် ကစားသမားတွေရဲ့ ခြေစွမ်းကိုလည်း အားမရသေးပါဘူး။ ကြံ့ခိုင်မှုပိုင်းတွေ၊ ဘောလုံးနည်းပညာပိုင်းတွေ၊ အသင်းလိုက်ကစားတဲ့ ပုံစံတွေမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်” ဟုမဇ္ဈိမကို
ပြောကြားသွားခဲ့သည်။
ပမာဏလက်ရွေးစင်အသင်းတွင် ကစားသမား ၂၇ ယောက်ထိရွေးချယ်ထားကာ ယူ(၂၂) အသင်းမှ ကစားသမား အချို့နှင့် ဝါရင့်သမ္ဘာရင့် လက်ရွေးစင် ကစားသမားများ ပေါင်းစပ်ထားသည်။ ပွဲထွက်အဖြစ် ဂိုး- သီဟစည်သူ၊ နောက်ခံလူများ အဖြစ် ၊သိန်းသန်းဝင်း၊ ဇော်မင်းထွန်း၊ ရန်အောင်ဝင်း၊ အောင်သိုက်၊ ကွင်းလယ်လူများအဖြစ် ခင်မောင်လွင် (အသင်းခေါင်းဆောင်) ၊ ကျော်ဇေယျာဝင်း၊ ရန်အောင်ကျော်၊ ပိုင်စိုး၊ ၊ကြည်လင်းတို့ကို အသုံးပြုခဲ့ပြီး ရှေ့တန်းတွင် ရန်ပိုင်ကို ပွဲထွက်ကစားစေခဲ့သည်။
အောလ်စတား အသင်းအတွက် နည်းပြ ဘော်ဂတ်စ်က ဂိုးသမားအဖြစ် မျိုးမင်းလတ်၊
နောက်ခံလူများအဖြစ် ကမ်ဘူး (မနောမြေ)၊ ဂနွန်ဆီယမ် (ဇွဲကပင်)၊ နီကိုလာ (ရန်ကုန်)၊ ဂျွန် (ဧရာဝတီ) တို့ကို ပွဲထုတ်ခဲ့ပြီး၊ အလယ်တန်းတွင် ကိုနေး (မကွေး)၊ နူနက်စ် (KBZ)၊ ချူကွာဇူ (ဇေယျာရွှေမြေ)၊ ဂျူနီယာ (ဟံသာဝတီ) ရှေ့တန်းတွင် လီအန်ဒရို (နေပြည်တော်) ၊ဆာဆာ (ဇေယျာရွှေမြေ)တို့အား ပွဲထွက်ကစားစေခဲ့သည်။
မသန်စွမ်း အားကစားရန်ပုံငွေပွဲ ခြေစမ်းပွဲမစတင်မီ အထူးအစီအစဉ်အဖြစ် မသန်စွမ်း အားကစားသမားများက ခြေစမ်း ကစားခဲ့ကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့် MNL ကလပ် အသင်း ပိုင်ရှင်များ က မသန်စွမ်း အားကစားအဖွဲ့ချုပ်အတွက် အလှူငွေ ဒေါ်လာ(၁၀၀၀၀)၊ ဘောလုံး အလုံး(၅၀)နှင့် အားကစားပစ္စည်းများကို ပေးအပ် လှူဒါန်းရာ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့် နှင့် ကစားသမားများက လက်ခံရယူခဲ့သည်။