Tuesday, August 14, 2012

ကမ္ဘာ့နံပါတ် ၁ ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာရန် မြန်မာမျှော်မှန်း

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ် ၀၁ နာရီ ၀၉ မိနစ်

အားလုံး အဆင်ပြေချောမွေ့ပါက မြန်မာနိုင်ငံသည် သုံးနှစ်အတွင်း ကမ္ဘာ့ ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ်သို့ ပြန်ရောက်လာနိုင်သည်။ မြန်မာနိုင်ငံသည် ၁၉၆၀ စုနှစ်များအတွင်းက ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

အဓိက ဦးစားပေးလုပ်ငန်းသည် လယ်သမားများ မျိုးကောင်းမျိုးသန့်ရရေးနှင့် ဓါတ်မြေသြဇာ ရရှိရေးဖြစ်သည်ဟု အစိုးရအရာရှိများက
ပြောသည်။

“တရုတ်ပြည်မှာဆို မြို့နယ်တိုင်းမှာ မျိုးစေ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရှိတယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးတင်နိုင်သိန်း က ရိုက်တာသတင်း ဌာနသို့ ယခုသီတင်းပတ်က ပြောကြားခဲ့သည်။

“အစိုးရက ဒီကိစ္စကို ဒီမှာလည်း အားပေးကူညီတာတွေ လုပ်သွားပါမယ်” ဟုလည်း ဆိုသည်။

ဒူးပွန့်ပိုင်အိုနီးယား ကုမ္ပဏီအပါအ၀င် အနောက်နိုင်ငံကုမ္ပဏီများက စပါးထုတ်လုပ်မှုကို မြှင့်တင်ရန် အလားအလာရှိသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လေ့လာမှုများ ပြုလုပ်နေကြသည်။

နိုင်ငံခြားသို့ ဆန်တင်ပို့မှုသည် နောက်နှစ်တွင် တန်ချိန် နှစ်သန်းအထိ တိုးတက်လာနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် တန်ချိန် သုံးသန်းအထိ ရောက်ရှိလာနိုင်သည်ဟု မြန်မာ့ ဆန်စပါးလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့ ယမန်နှစ်က ဆန်တန်ချိန် ၇၇၈,၀၀၀ တန် တင်ပို့ခဲ့သည်။

ယခုနှစ်တွင် ဆန်တင်ပို့မှုသည် နှစ်ဆတိုးကာ တန်ချိန် ၁.၅ သန်းအထိ ရှိလာနိုင်သည်ဟု ၀န်ကြီးက မျှော်မှန်းထားသည်။

အခြေအနေ မသိရသေးသည့် အချက်တရပ်မှာ လွန်ခဲ့သော နှစ်လက တည်ထောင်ခဲ့သည့် စိုက်ပျိုးရေးဘဏ်အသစ် မည်မျှအထိ ထိရောက်မှုရှိမည်ဆိုသည့် အချက် ဖြစ်သည်။ ယင်းဘဏ်သည် ဧက အနည်းငယ်သာ လုပ်ကိုင်သည့် လယ်သမား အငယ်စားများအား စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရန် တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာလယ်သမား အများစုမှာ ကြွေးသံသရာတွင် နစ်နေကြသည်။

နောက်ထပ် ပြဿနာတခုမှာ ဆန်စက်များဖြစ်သည်။ ဆန်စက် ၈၀% မှာ အိုဟောင်း ခေတ်မမီ ဖြစ်နေပြီး အငယ်စားများသာ ဖြစ်နေသည့်အတွက် နိုင်ငံတကာ ၀ယ်လက်များက လိုချင်သော ဆန်ဖြူအဆင့်ကို မကြိတ်ခွဲနိုင်ဘဲ ဖြစ်နေသည်။ အကျိုးဆက်အားဖြင့် ထိုင်းနှင့်ဗီယက်နမ် နိုင်ငံတို့နှင့် စာလျှင် မြန်မာ့ဆန်စက်များမှ ထုတ်လုပ်သော ဆန်သည် အကျိုးအကြေ ၂၀ ရာခိုင်နှုန်း ပိုနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ ဦးရဲမင်းအောင် က ပြောသည်။

ဆန်တင်ပို့သူ လုပ်ငန်းရှင် အများအပြားသည် ယခုအခါ တနေ့ တန် ၂၀၀ ကျ ဆန်စက်ကြီးများကို တည်ဆောက်နေကြသည်ဟု မြန်မာအစိုးရအား အကြံပေးနေသည့် အမျိုးသား စီးပွါးရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု အကြံပေးကော်မတီ အကြီးအကဲ ဦးတင်ထွတ်ဦး က ပြောသည်။

အခြေအနေများ အားလုံး ချောမွေ့ပြေပြစ်လျှင် မြန်မာ့ဆန်စပါး တင်ပို့မှုကို “နှစ်နှစ်အတွင်း တန်ချိန် နှစ်သန်းအထိရောက်အောင် ကျနော်တို့ အမြန်ဆောင်ရွက်နိုင်ပါတယ်” ဟု သူက ပြောသည်။

မြေသြဇာ ရောင်းချရမှုလည်း တိုးတက်လာမည်ဟု သူက မျှော်လင့်သည်။ ထိုသို့ တိုးတက်လာခြင်းဖြင့် ဆန်စပါး အထွက်နှုန်း အထူးတိုးတက်လာလိမ့်မည်ဟုဆိုသည်။

“နှစ်အနည်းငယ်အတွင်း မြေသြဇာ အသုံးပြုမှု အနိမ့်ဆုံး နှစ်ဆအထိ တက်လာမယ်လို့
မျှော်လင့်ထားနိုင်ပါတယ်။ သုံးဆအထိ တက်လာမယ်ဆိုရင်လည်း ကျနော်ကတော့ မအံ့သြပါဘူး။ ဒါက ရင်းနှီးမြှုပ်နှံဘို့အတွက် အရမ်းကျယ်ပြန့်တဲ့ နယ်ပယ်ပါ” ဟု ဦးတင်ထွတ်ဦး က ပြောသည်။

မြန်မာနိုင်ငံလောက် ဆန်ကို နှစ်ခြိုက်စွာ စားသုံးသည့် နိုင်ငံ မရှိပါ။ လူတဦး တနှစ်စားသုံးမှုသည် ၂၁၀ ကီလိုဂရမ် (၄၆၀ ပေါင်) ရှိပြီး ကမ္ဘာ့အမြင့်ဆုံး စားသုံးမှုနှုန်း ဖြစ်သည်။ စားနပ်ရိက္ခာအတွက် စားသုံးမှု၏ ၇၅ ရာခိုင်နှုန်းမှာ ဆန်ဖြစ်သည်ဟု အစိုးရ စာရင်းအင်း ကိန်းဂဏန်းများအရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates