နေမျိုး | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့ ၄၅ နှစ်ပြည့်သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ရသည့် ရခိုင်ပြည်သူများအား ရည်စူးကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရုံးတွင် အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်နိုင်ခဲ့ကြောင်း စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော် က ပြောသည်။
“ဒီနေ့က ကျနော်တို့ အရုဏ်ဆွမ်း ကပ်ပါတယ်။ အပြင်ပရိသတ်ကို မဖိတ်ပါဘူး။ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ရှိတယ်ခင်ဗျ။ အဲတုန်းက ကျဆုံးသွားရတဲ့၊ သေဆုံးသွာတဲ့ ရခိုင်ပြည်သူတွေကို ငြိမ်သက်ပြီး အလေးပြုပါတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက သတ်ဖြတ် နှိမ်နင်းခဲ့တဲ့အတွက် သေဆုံးရတဲ့သူတွေ ရှိတယ်” ဟုဆိုသည်။
၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် စားစရာဆန် ပြတ်လပ်နေသော်လည်း စစ်တွေမြို့ရှိ အစိုးရ ဆန်ဂိုဒေါင်များတွင်မူ နိုင်ငံခြားတင်ပို့ရန် ဆန်များ ရှိနေခဲ့ကြောင်း ဦးအောင်မြကျော် က ဆိုသည်။
“ပြည်တွင်းထဲမှာ ငတ်ပြတ်နေတဲ့ အခြေအနေကို အလေးအနက်ထားပြီး မဖြေရှင်းဘူး။ အစိုးရရဲ့နိုင်ငံခြားငွေ ရရှိရေးကို ဦးစားပေးလိုက်တယ်။ အဲဒီအပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့ လူကြီးတွေ ရှိခဲ့တယ်။ စစ်တွေ ဆန်ပြဿနာ ပေါ်ပေါက်ခဲ့တယ်” ဟု မဇ္ဈိမကို ပြောသည်။
ဆန်ရလိုမှု လူထုဆန္ဒပြပွဲများ စစ်တွေမြို့တွင် ပေါ်ပေါက်လာပြီး အစိုးရ ဆန်ဂိုထောင်များအား ဆန္ဒပြသူများက ၀င်ရောက် ယူငင်ကြရာ အာဏာပိုင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရခိုင် သဃာ့ သမဂ္ဂ (RSU)က ဆိုသည်။
“အာရှစပါးကျီဟု တင်စားခေါ်ဆိုခံခဲ့ရသော ရခိုင်ပြည်သည် စစ်အာဏာရှင်လက်အောက် ရခိုင်ပြည်သူများ ထမင်းငတ်ကြရ၍ ဆန်တောင်းရာတွင် ဆန်အစား ကျည်ဆံကိုသာ ရခဲ့သောကြောင့် အပြစ်မဲ့ရခိုင်ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ရသည်” ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
ထိုစဉ်ကတပြည်လုံး ဆန်ရှားနေချိန် အုပ်ချုပ်သူ အစိုးရအား မကျေနပ်သည့် ပြည်သူများအား အစိုးရက တရုတ်-ဗမာ အရေးအခင်းဖြင့် အကွက်ကျကျ စီစဉ် လမ်းလွှဲပေးလိုက်ကြောင်း ကျောက်ဖြူ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“ဒီနေ့ဟာ ရခိုင်တမျိုးသားလုံး မှတ်မှတ်ရရ ရှိနေရမယ့်နေ့။ ရခိုင်တမျိုးသားလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ
ထောက်ပံ့နိုင်တဲ့သူတွေက ဆန်ကို မပေးဘဲ ကျည်ဆံပေးလို့ ရခိုင်သားတွေ အများကြီး
သေဆုံးကြရတဲ့ နေ့ပဲ။ ဒီနေ့ကို ဘယ်မေ့လို့ရမှာလဲ။ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေ အတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးကြရ မှာပေါ့။ ဒီကိစ္စတွေကတော့ ဖုံးဖိထားလို့မရတဲ့ ကိစ္စပါ။ ရခိုင်ပြည်သူတွေရဲ့ အသဲနှလုံးမှာ ဒီကိစ္စကို ဘယ်သူမှ မမေ့ကြပါဘူး” ဟု မဇ္စျိမကို ပြောသည်။
၄၅ နှစ်မြောက် ရခိုင်ဆန်အရေးအခင်း နှစ်ပတ်လည် အခမ်းအနားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ ဘဇားနှင့် ထိုင်းနိုင်ငံ၊ မဲ့ဆောက်မြို့များတွင် ရခိုင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က ကောက်ခံခဲ့သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၏ စစ်တမ်းတခုအရ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး ပဋိပက္ခများကြောင်း အသက်အိုးအိမ် အမြောက်အများ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။