Wednesday, July 25, 2012

KNPP ပင်မ ဆက်ဆံရေးရုံး လွိုင်ကော်တွင် ပြန်လည်ဖွင့်လှစ်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၅ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ အပစ်ရပ် သဘောတူချက် ပျက်ပြားချိန်မှ ၁၇ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ပင်မ ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗုဒ္ဓဟူးနေ့ နံနက်က ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ရုံးတာဝန်ခံ ခူဒယ်နီယာ က ပြောသည်။

“ကျနော်တို့ ဘဏ္ဍာရေးအရ စကားတွေ ဘာတွေ မပြောပါဘူး။ ဆရာတော်တပါးကနေ အဖွင့် ဆုတောင်းပေးတယ်။ နောက်တော့ (ပြည်နယ်) ဝန်ကြီးချုပ်က ခလုပ်နှိပ် ဖွင့်ပေးတယ်။ တနာရီလောက်ပဲ ကြာပါတယ်” ဟု KNPP ၏ ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည့် ခူဒယ်နီယာ က ပြောသည်။

လွိုင်ကော်မြို့၊ ဒေါဥခုရပ်ကွက်ရှိ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားသို့ KNPP ဘက်မှ ခူဒယ်နီယာ ဦးစီးသည့် ဗဟိုကော်မတီဝင် ၇ ဦးနှင့် ရုံးအဖွဲ့သားများ၊ အစိုးရဘက်မှ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး ဦးစီးသည့် ပြည်နယ်ဝန်ကြီးများအပြင် ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အချို့မှ ကိုယ်စားလှယ်များ၊ ဒေသခံ လူထုများ တရာကျော် တက်ရောက်ကြသည်။


ယခုဆက်ဆံရေးရုံး ဖွင့်လိုက်ခြင်းအားဖြင့် တစ်ဆို့နေသည့် တပ်ကိစ္စများကို ဖြေရှင်းသွားနိုင်လိမ့်မည်ဟု KNPP ဘက်က မျှော်လင့်ထားကြသည်။

KNPP သည် ၂ဝ၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ဇွန်လ ၉ ရက်နေ့တွင်
ပြည်ထောင်စုအဆင့်နှင့် အချက် ၁၄ ချက်ပါ သဘောတူချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောတူချက် မရရှိသေးကြောင်း KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

“ကျနော်တို့ သဘောတူတဲ့ အထဲမှာ စစ်ရေးကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ မပါသေးဘူး။ တပ်လှုပ်ရှားမှု၊ တပ်တည်
နေရာ၊ တပ်အဆင့်အတန်း ကိစ္စတွေ တခုမှ မပါသေးဘူး” ဟု ခူဦးရယ် က ပြောသည်။

လူဦးရေ ၃ သိန်းခန့်သာ ရှိသည့် ကယားပြည်နယ်တွင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ၁၄ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် - စကခ (၇) လက်အောက်ခံ တပ်ရင်း ၃ ရင်းနှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၇ ရင်း တပ်စွဲထားသည့်အတွက် ၎င်းကိစ္စကို အကြေအလည် ဆွေးနွေးရန် လိုသေးကြောင်းလည်း KNPP ဘက်က ရှုမြင်သည်။

“တချို့တပ်စခန်းငယ်လေးတွေ ပြန်ဆုတ်ပေးဖို့၊ တခြားဒေသက လာတဲ့ စစ်ဆင်ရေးတပ်တွေ ပြန်ရုပ်ပေးဖို့ ကျနော်တို့
ပြောထားတယ်။ အဲဒါ အစိုးရဖက်က အကောင်အထည်ဖော်တာ မတွေ့ရသေးဘူး” ဟု ခူဒယ်နီယာက ပြောသည်။

KNPP သည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း သဘောတူချက်ကို အစိုးရဘက်မှ လိုက်နာခြင်း မရှိဟု ဆိုပြီး နှစ်ဘက်တပ်ဖွဲ့များ ပြန်လည် ပစ်ခတ်ကြရာမှ ဇွန်လ ၂၉ ရက်နေ့တွင် အပစ်ရပ် သဘောတူချက် ပျက်ပြားခဲ့သည်။

စစ်အစိုးရနှင့် ၁၉၈၉ ခုနှစ်မှ စပြီး အပစ်အခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် KNPP သည် ပထမဆုံး အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားသည့် အဖွဲ့လည်း ဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် ပင်မ ဆက်ဆံရေးရုံးအပြင် ရှားတောမြို့နှင့် ဖားဆောင်း မြို့များတွင် ယခုလအတွင်း ဆက်ဆံရေးရုံးများ ဆက်လက် ဖွင့်လှစ်သွားမည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates