Monday, July 30, 2012

အိမ်ခြံမြေ ဝန်ဆောင်မှု တိုးတက်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်မည်

သစ်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
နိုင်ငံတကာ အိမ်ခြံမြေအသင်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ပထမအဆင့်အဖြစ် အာဆီယံ အဝန်းအဝိုင်းကို ဦးတည်ထားပြီး ထိုမှတဆင့် အခြား နိုင်ငံတကာ အသိုင်းအဝိုင်းသို့တိုင် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဆိုသည်။

“ကျနော်တို့ဆီက အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ နိုင်ငံတကာနဲ့ပါ ချိတ်ဆက် ဆောင်ရွက်သွားမယ်။ အဲလိုချိတ်ဆက်ရာမှာ နိုင်ငံတကာမှာရှိနေတဲ့ အိမ်ခြံမြေဆိုင်ရာ အသင်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်သွားမှာပါ” ဟု ပြောသည်။

ထိုသို့ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင်များ ကို သင်တန်းပို့ချကာ အိမ်ခြံမြေဆိုင်ရာ ဒီပလိုမာဘွဲ့
ပေးအပ်နိုင်ရန်အထိ လုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီပလိုမာဘွဲ့အတွက်က နိုင်ငံတကာမှာရှိတဲ့ အိမ်ခြံမြေဆိုင်ရာ ကျောင်းတွေနဲ့ ဆက်သွယ်ပြီး
ဆောင်ရွက်သွားမှာပါ။ အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ အရည်အသွေး ပိုမို ပြည့်ဝပြီး ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့အတွက်ပါ” ဟု ဦးခင်မောင်သန်း က ပြောသည်။

အသင်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်ဆိုင်ရာ အတတ်ပညာပိုင်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အကျိုးဆောင်များ လုပ်ငန်းလုပ်ကိုင်ရာတွင် ရောင်းသူ၊ ဝယ်သူ၊ အကျိုးဆောင်တို့ သုံးဦး သုံးဖလှယ် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ထားသည်ဟု ၎င်းက ဆိုသည်။

“အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား အကျိုးဆောင်ပေးတဲ့ ရပ်ကွက် ပွဲစားတွေကိုပါ အသင်းကို ဝင်ခိုင်းပြီး အိမ်ခြံမြေ ဝန်ဆောင်မှု သင်တန်းတွေ လုပ်ပေးသွားမယ်။ အိမ်ခြံမြေ လုပ်ငန်းဆိုင်ရာ
ထောက်ခံချက် လက်မှတ်တွေလည်း ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု အသင်း ဥက္ကဋ္ဌ က ဆိုသည်။

မြန်မာနိုင်ငံ၌ လက်ရှိလုပ်ဆောင်နေသည့် အိမ်ခြံမြေ အကျိုးဆောင်များသည် လုပ်ငန်းခွင် အတွေ့အကြုံများဖြင့်သာ မုဆိုးစိုင်သင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏
ဖြစ်ပေါ်ပြောင်းလဲမှုများအရ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာသည့်အခါ မိမိတို့ အကျိုးဆောင်များဘက်မှ စနစ်တကျ ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် လိုအပ်ကြောင်း ဦးခင်မောင်သန်း က ပြောကြားသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates