Monday, July 30, 2012

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်ကို ချယ်ရီပွင့်ချိန် သွားမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၂၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီးအဖြစ် ၂ဝ၁၃ ခုနှစ်တွင် လာရောက်ရန်ရှိသည်ဟု မြန်မာ့ တိုင်းရင်းသားများ လူမှုရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံကိုယ်စားလှယ် အဖွဲ့ဝင်တဦးက
ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အေပီ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဂျပန်နိုင်ငံ၏ အလှဆုံးအချိန်ဖြစ်သည့် ချယ်ရီပန်းတို့ ပွင့်ချိန် မတ်လ ကုန်ပိုင်းလောက်တွင်
ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ဂျပန်ကိုယ်စားလှယ်က ပြောဆိုသွားခြင်း ဖြစ်သည်။

Yohei Sasakawa ဦးဆောင်သည့် တိုင်းရင်းသားများ လူမှုရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံကိုယ်စားလှယ်အဖွဲ့နှင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ ဂျပန်နိုင်ငံခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ကြေညာလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဇွန်လ ၁၁ ရက်နေ့မှစ၍ ခန့်အပ် တာဝန်ပေးထားခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates