Tuesday, July 5, 2011

လိုင်ဇာလမ်း ကုန်စည်စီးဆင်းမှု ပြန်တက်၊ ကားခ တက်ဆဲ

ဖနိဒါ| အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။      ။ တိုက်ပွဲများ ရပ်သွားပြီးနောက် မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကားအစီးရေ ထက်ဝက်ခန့် ပြန်တိုးများလာသော်လည်း ကားခများမှာမူ ပြန်မလျှော့သေးဘဲ ဖြစ်နေသည်။

မြစ်ကြီးနား-လိုင်ဇာလမ်း ပြေးဆွဲနေသည့် ကား အစီးရေ
ထက်ဝက်ခန့် ပြန်တိုးများ လာသော်လည်း
ကားခများမှာမူ ပြန်မလျှော့သေး (ဓါတ်ပုံ မဇ္ဈိမ)
ယခင်က တနေ့လျှင် လိုင်းကား အစီးရေ ၈၀ မှ ၁၀၀ အထိ ဖြတ်သန်းခဲ့ရာမှ KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများကြောင့် တနေ့ ၁၀ စင်းခန့်သို့ ထိုးကျသွားခဲ့ပြီးနောက် ယခုအခါ တရက်လျှင် ကား ၄၀ ကျော် ဖြတ်သန်းနေပြီဟု လိုင်ဇာလမ်းပေါ်ရှိ KIO စစ်ဆေးရေးဂိတ်တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ချိန်က လေးဆအထိ မြင့်တက်သွားခဲ့သော ကားခမှာ ယခုထိ ပြန်မကျသေးပေ။ ယခင်က တဦးလျှင် ကျပ် ၅၀၀၀ ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်း ပေးရသည်။ အလားတူပင် မြစ်ကြီးနားတွင် တရုတ် စားသောက်ကုန်ပစ္စည်း ဈေးကလည်း တက်နေဆဲ ဖြစ်သည်။

ကားခဈေးတက်မှုက လိုင်ဇာမြို့တောင်ဘက် ဖြတ်လမ်း တခု ဖြစ်သော လမိုင်းယန် ကားလမ်းကို အသုံးပြုသူ ပိုများလာသည်။ လမိုင်းယန်လမ်းတွင် ကားခမှာ တဦးလျှင် ၈၀၀၀ ကျပ် ဖြစ်သည်။

လက်ရှိတွင် KIO ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်ဖွဲ့များ ဝင်ရောက်လာခြင်း မရှိပါက ခုခံတိုက်ခိုက်ခြင်း မပြုရန်နှင့် အစိုးရတပ်များ ဝင်ရောက်လာမည့် တံတားများအား ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်ရန် ဇူလိုင် ၃ ရက်ကတည်းက ရှေ့တန်း တပ်ဖွဲ့များကို ညွှန်ကြားခဲ့ကြောင်း KIA အရာရှိတဦးက ပြောသည်။ သို့သော် အပစ်အခတ် ရပ်ဆိုင်းခြင်း မဟုတ်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန် ၃ဝ ရက်တွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၃ ဦးနှင့် KIO အရာရှိများ လဂျားယန်၌ တွေ့ဆုံပြီးနောက် ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်သည်။

ဇူလိုင် ၂ ရက်တွင် မိုးညှင်းမြို့နယ်အတွင်း KIA တပ်ရင်း ၅ နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၁ အကြား တိုက်ပွဲငယ် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ၂ ဦး ကျဆုံးခဲ့သည်ဟု KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

တရုတ်-မြန်မာနယ်စပ် မိုင်ဂျာနယ်၊ လိုင်ဇာ စသည့် နယ်စပ်တလျှောက်တွင် စစ်ပြေးဒုက္ခသည် ၁၇ဝဝဝ ခန့်ရှိနေပြီး၊ အများစုမှာ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်နေကြသည်ဟု KIO က ပြောသည်။

အလားတူပင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် မြစ်ကြီးနားမြို့ပေါ် တပ်ကုန်း၊ ဇီးလွန်နှင့် ဝိုင်းမော် စသည့် ရပ်ကွက်များရှိ ကက်သလစ်နှင့် နှစ်ခြင်း အသင်းတော်များ၌ အနည်းဆုံး ဒုက္ခသည် ၂ ထောင်ခန့် ရှိနေသည်ဟု နှစ်ခြင်းအသင်းတော် ဆရာတဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates