Tuesday, July 5, 2011

ထိုင်းအချိုမှုန့် အဖမ်းအဆီးကြမ်း

ကျော်ခ| အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံထုတ် အချိုမှုန့်များအား အာဏာပိုင်များက လမ်းခရီးတလျှောက် တင်းကျပ်စွာ ဖမ်းဆီးနေကြောင်း မြဝတီ-မော်လမြိုင်-ရန်ကုန် လမ်းကြောင်း၌ ပြေးဆွဲနေသည့် ကားသမားများနှင့် ကုန်သည်များ အဆိုအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီမှတဆင့် ရန်ကုန်၊ မော်လမြိုင်နှင့် အခြားမြို့များထံ တရားမဝင် တင်သွင်းနေသည့် အချိုမှုန့်များအား ကျိုက်ထိုမြို့နယ် ရန်ကုန်လမ်းကြောင်းရှိ မုပ္ပလင်ဂိတ်နှင့် သထုံမြို့ မော်လမြိုင်လမ်းကြောင်းရှိ မြို့အဝင်ဂိတ်များ၌ စစ်တပ်က ဦးစီးဦးဆောင်ပြုကာ မြို့နယ်အုပ်ချုပ်ရေး၊ လဝက နှင့် ရဲများက ပူးပေါင်းအဖွဲ့များက ဝိုင်းဝန်းဖမ်းဆီးနေခြင်း ဖြစ်သည်။

“လူများများပါတဲ့ ကားတွေမှာပါတဲ့ ပစ္စည်းတွေဆိုရင် ငွေပေးပြီး ပြန်ညှိယူလို့ရတယ်။ တချို့ကားတွေကျလည်း စင်းလုံး ဆွဲချထားလိုက်တာ။ ကျနော်တို့ကားဆိုရင် သထုံအဝင်ဂိတ်မှာ အရပ်ဝတ်တွေနဲ့ တားပြီး ဆွဲသွားတာ သိန်း ၈ဝ ကျော်ဖိုးလောက် ပါသွားတယ်” ဟု မြဝတီ-မော်လမြိုင်လမ်းကြောင်း ပြေးဆွဲသည့် ကားသမားတဦးက မဇ္ဈိမကို ပြောသည်။

တဆွဲတပိုး ကုန်သည်များ၊ ကုန်သည်လတ်များ အများဆုံး အဖမ်းခံကြရသော်လည်း အရှေ့တောင်တိုင်း ရပခ စစ်ဌာနချုပ် လက်မှတ်ဖြင့် ဆယ်ဘီးကားများနှင့် သယ်ယူလာသည့် ကုန်သည်များကိုမူ မဖမ်းဆီးဟု ကားသမားများက ပြောကြသည်။ ဖမ်းဆီးလာသည်မှာ တပတ်ကျော်ခဲ့ပြီဟု ဆိုကြပြီး၊ ဟိုင်းလတ်ကားငယ်များဖြင့် ကုန်ပစ္စည်း သယ်ယူသူအချို့ ကားအစီးလိုက် အဖမ်းခံရသည်ဟု ဆိုသည်။

ယင်းကားများသည် ထိုင်းနိုင်ငံမှလာသော ဆိုင်ကယ်နှင့် ကား အပိုပစ္စည်းများ အပါအဝင် အချိုမှုန့်၊ ဘီယာ၊ Sprite ၊ ကျွဲရိုင်း၊ ကိုကာကိုလာ၊ ငံပြာရည်၊ အဝတ်အထည်၊ နို့ပုလင်း စသည့် မှောင်ခိုပစ္စည်းများ သယ်ဆောင်ကြောင်း မြဝတီ-ရန်ကုန် ယာဉ်လက်မှတ် အရောင်းဝန်ထမ်း တဦးထံမှ သိရသည်။

မြဝတီ-ရန်ကုန် လမ်းကြောင်းတွင် ဘားအံခရိုင် ကော့ကရိတ်မြို့နှင့် ရန်ကုန်အကြား အချိန်မရွေး သွားလာနိုင်သော်လည်း ကော့ကရိတ်မှ မြဝတီမြို့သို့မူ ဒေါနတောင်တန်း တောင်ပေါ်လမ်းမှာ ကျဉ်းမြောင်းသဖြင့် အဆင်းအတက် ၂ ရက် ခွဲထားသည်။ ထို့အပြင် မိုးကာလဖြစ်သဖြင့် တောင်ပြိုမှုများ မကြာခဏ ဖြစ်ရာ လမ်းခရီး ကြန့်ကြာမှုများ ရှိနေသည်။ ထို့အတူ လက်နက်ကိုင်တပ်ဖွဲ့များက တခါတရံ တားဆီးကာ ငွေကောက်ခံမှုများပင် ကြုံရတတ်သည်။

မြဝတီလမ်းကြောင်းမှ တင်သွင်းသည့် ကုန်ပစ္စည်းများအား ကုန်ကားကြီးများဖြင့် သယ်ယူရာတွင် တိုင်းစစ်ဌာနချုပ်သို့ နားလည်မှုဖြင့် ကျပ်သိန်း တထောင်ဖိုး သယ်ယူပါက ကျပ်သိန်း ၃ဝ ခန့် ပေးသွင်းရသည်ဟု ယင်းလမ်းကြောင်းမှ တဆင့် ကုန်တင်သွင်းသူ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“ကုန်သည်အသေးတွေကတော့ လွတ်ရင် သယ်တယ်၊ တွေ့ရင် ပေးတယ်။ ဒီသဘောနဲ့ သယ်နေကြတာကိုးဗျ၊ ကျနော်တို့ကတော့။ လမ်းကြောင်း တခါထဲရှင်းရတာ။ မတူဘူးလေ။ ကျနော်တို့တောင် တခါတလေ နေပြည်တော် စီမံချက်ဆိုပြီး ဆွဲထားတာတွေ ရှိလို့ တပ်က တာဝန်ရှိသူတွေဆီ ကိုယ်တိုင် သွားညှိယူရတာ ရှိပါတယ်။ ပစ္စည်းတော့ ပြန်ရတာပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

သို့သော် ၁၉၉၄ ခုနှစ်မှစ၍ အကြောင်း အမျိုးမျိုးကြောင့် ပိတ်ပင်ထားသည့် အချိုမှုန့်၊ စည်သွတ်ဘူး၊ ဘီစကွတ်၊ သစ်သီး၊ အရက်၊ ဘီယာ၊ အချိုရည်မျိုးစုံ၊ စီးကရက်နဲ့ ပီကေကုန်စည်များအား တရားဝင်ပြန်လည် တင်သွင်းခွင့် ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတဦးကို ကိုးကား၍ ဇူလိုင် ၃ ရက်တွင် Eleven Media Group အွန်လိုင်း စာမျက်နှာတွင် ဖေါ်ပြထားသည်။

“အချိုမှုန့်၊ စည်သွတ်ဘူး၊ ဘီစကွတ်၊ သစ်သီး၊ အရက်၊ ဘီယာ၊ အချိုရည်မျိုးစုံ၊ စီးကရက်နဲ့ ပီကေ လို အစားအသောက် ကုန်စည် စုစု ပေါင်း ၁၄မျိုး၊ ၁၅ မျိုးလောက်ကို တရားဝင်တင်သွင်းခွင့်ပြုဖို့ ဆုံးဖြတ် ထားတာရှိတယ်။ ဒါပေမယ့် အရက်နဲ့စီးကရက်ကတော့ ပါချင်လည်းပါမယ်နောက်မှ ဖြစ်ရင်လည်းဖြစ်မယ်။ အချိုမှုန့်နဲ့ စားသောက်ကုန်တွေ ကတော့ တင်သွင်းခွင့်ပေးမှာပေါ့။ ကိတ်မုန့်လည်း တင်သွင်းပေးမယ့် အထဲ မှာပါတယ်” ဟု အမည်မဖော်လိုသော တာဝန်ရှိသူကို ကိုးကား၍ ဂျာနယ်က ရေးသားထားသည်။

အရေးပါသော ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်သည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားဂိတ်ကို မြန်မာအာဏာပိုင်များက ၂ဝ၁ဝ ဇူလိုင်တွင် ပိတ်ခဲ့သော်လည်း သောင်းရင်းမြစ်ကြောင်းဘေး ကူးတို့ဂိတ်များမှ သယ်ယူမှုများ ရှိနေခဲ့သည်။

သို့သော် တပိုင်တနိုင်သယ်ယူသည့် ကုန်သည်များကိုသာ တင်းကျပ်စွာ ဖမ်းဆီးနေသော်လည်း ကုန်သည်ကြီးများကို မဖမ်းဆီးဘဲ လွှတ်ပေးနေသည့်အပေါ် ကုန်သည်ငယ်များက မကျေနပ်ကြပေ။ မျှတင်သော်လည်း မြတ်အိနြေ္ဒ၊ နော်တယာ၊ ပြည့်အားမာန်၊ စစ်သွေး၊ နေလမင်း၊ ထို့ကော်ကိုး  စသည့် ခရီးသည်တင် ကားများမှာ မှောင်ခိုကုန်ပစ္စည်း သီးသန့် သယ်ဆောင်နေသည်ဟု ဆိုသည်။

၂ဝဝ၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်းရရှိခဲ့ပြီး၊ ၂ဝဝ၈ ခုနှစ် အလားတူ ကာလထက် ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသလို ယင်းလမ်းကြောင်း ပြန်ပွင့်နိုင်ရန်အတွက် ထိုင်းက ကြိုးပမ်းနေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates