Thursday, July 24, 2008

ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ‘မိတ်ဆွေနိုင်ငံများအုပ်စု’ နှင့်တွေ့

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008 15:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ အခြေအနေကို လေ့လာသုံးသပ်ရန်နှင့် သူ၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ်တို့ ကိစ္စ ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် ‘မိတ်ဆွေနိုင်ငံများအုပ်စု’ နှင့် ဗုဒ္ဓဟူးနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ သြဇာဖြင့် ကြားဝင် ဖြန်ဖြေပေးနေမှုနှင့် ကြိုးပန်းချက်များကို မိမိတို့က ထောက်ခံပါကြောင်းဖြင့် ဤအုပ်စုက ထုတ်ဖေါ် ပြောကြားသွားကြပါသည်” ဟု ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန် ပြောကြားသွားပါသည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရောက်မည့် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကြား တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လည်ဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲ ကျင်းပသည့် ဖြစ်စဉ်တွင် ယုံကြည်စိတ်ချရမှု ရှိစေရေး၊ ကုလအတွင်းရေးမှူးချုပ်နှင့် ပုံမှန်တွေ့ဆုံ ဆက်သွယ်ရေး အပါအဝင် သိသာထင်ရှားသည့် တိုးတက်မှု တစုံတရာကို ပြသရန် လိုအပ်ကြောင်း ဤအုပ်စုက တချိန်တည်းတွင်ပင် အလေးထား၍ ပြောကြားသွားပါသည်။

ဤအစည်းအဝေးသို့ သြစတြေလျ၊ တရုပ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှ၊ စင်္ကာပူ၊ ကိုရီးယား သမတနိုင်ငံ၊ ထိုင်း၊ ယူနိုက်တက် ကင်းဒမ်း၊ အမေရိကန် ပြည်ထောင်စု၊ ဗီယက်နမ်၊ ဥရောပ အသိုင်းအဝိုင်းနှင့် ဥရောပသမဂ္ဂတို့ တက်ရောက်ခဲ့ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မိတ်ဆွေနိုင်ငံများအုပ်စုသည် ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဖွဲ့စည်းပြီးကတည်းက လေးကြိမ်တိုင် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ဤအုပ်စုကို မြန်မာစစ်အစိုးရက စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းပြီးကတည်းက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ဆန္ဒပြပွဲများ ပြီးကတည်းက မြန်မာနိုင်ငံသို့ သုံးကြိမ် လာရောက်ခဲ့ပြီးဖြစ်သော မစ္စတာ ဂမ်ဘာရီသည် ဤပြဿနာ ကြုံနေရသော အရှေ့တောင်အာရှ နိုင်ငံသို့ သြဂုတ်လလယ်တွင် ထပ်မံ လာရောက်လည်ပတ်ရန် စီစဉ်ထားသည်။

ချမှတ်ထားသော ဖိအားများ သက်သာရေးအတွက် နိုင်ငံတကာ သံတမန်ရေးကို အသုံးချတတ်သည့် မြန်မာစစ်အစိုးရ၏ အစဉ်အလာကြောင့် မြန်မာ အတိုက်အခံ နိုင်ငံရေး ပါတီများက မစ္စတာဂမ်ဘာရီ၏ ယခု လာရောက်မည့် ခရီးစဉ်အပေါ် သိပ်မျှော်လင့်ချက် မထားကြောင်းနှင့် သိသာထင်ရှားသည့် ရလဒ်တစုံတရာ ပေါ်ထွက်လာမည်ဟုလည်း မမျှော်လင့်ကြောင်း ထုတ်ဖေါ် ပြောဆိုကြပါသည်။

ယခင် သူ၏ခရီးစဉ် ၃ ကြိမ်အတွင်း မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာစစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာအောင် ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲများသည် ခဏသာခံပြီး စစ်အစိုးရကလည်း ဆက်လက် ပြုလုပ်လိုသည့် အရိပ်လက္ခဏာ မပြခဲ့ပါ။

မန္တလေးလေဆိပ် တယ်လီဖုံးလိုင်းများ ပြတ်တောက်၊ လေယာဉ်ပုံမှန်ပြေးဆ

နန်းဒေ၀ီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008 12:17 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးတွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရှိ မြေအောက်စက်ပစ္စည်းခန်းများ ရေဝင်ပြီး တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည်။

ကွန်ပြူတာခန်း၊ လျှပ်စစ်ဓာတ်အားပေးခန်းများ ရေဝင်ကာ တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသော်လည်း လေယာဉ် ခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ပင်ရှိသည်။

ယနေ့ နံနက်တွင် မြစ်ငယ်တံကား ရေကျော်မှုဖြစ်ပွားကာ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်း လေယာဉ်ကွင်း သွားရာ လမ်းတလျောက် ရေလွမ်းခဲ့၍ လေယာဉ်စီးမည့်ခရီးသည်များကို ကားကြီးများနှင့် ပြောင်းလဲပို့ဆောင် ပေးခဲ့ရသည်။

“ လေယာဉ်ကွင်းတော့ ရေမလျှံဘူး။ ဒါပေမဲ့ စက်ပစ္စည်းတွေထားတဲ့ မြေအောက်ခန်းထဲကို ရေဝင်တော့ လောလောဆယ်တော့ လေယာဉ်ကွင်းက ဖုန်းလိုင်းတခုမှ ခေါ်မရဘူးဖြစ်နေတယ်။ မိုဘိုင်းတွေဘဲခေါ်ရတယ်” ဟု Air Mandalay လက်မှတ်အရောင်းကောင်တာ ဌာနချုပ်ရှိရာ မန္တလေးမှ ဝန်ထမ်းတဦးက ပြောသည်။

“ညနေပိုင်းလောက်ဆို ရေပြန်ကျသွားနိုင်ပါတယ်” ဟု သူကပြောသည်။


ချင်းပြည်နယ် မြို့နယ်အချို့တွင် တပ်စခန်းများ တိုးချဲ့ချထားလာ

ဇလပ်မေ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 18:01 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စစ်တပ်အင်အား တိုးချဲ့ ချထားလိုက်သလို စစ်ကြောင်းလှည့်မှုများလည်း ယခင်ထက် အကြိမ်အရေအတွက် ပိုများလာသည်။

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ ဖလမ်းနှင့် ပလက်ဝမြို့နယ်များတွင် ခြေလျင်တပ်ရင်း (ခလရ) နှင့် ခြေမြန်တပ်ရင်း (ခမရ) တပ်များ ၁၂ ခုထက်မနည်း တိုးချလာသလို လှုပ်ရှားတပ်များကလည်း ဒေသခံများကို စစ်ဆေးမှုများ ကြပ်မတ်လာခြင်း ဖြစ်သည်။

“အရင်တုန်းက ရွာမှာ ၃-၄ လဆိုရင် တခါလောက်ပဲ လှည့်တတ်တယ်။ အခု အရင်လှုပ်ရှားတဲ့ နေရာတွေမှာ တလမှာ ၄ ခါလောက် လှုပ်ရှားလာကြတယ်။ အဝင်အထွက် စစ်ဆေးတာတွေ အရမ်းလုပ်လာတာ။ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာလည်း ခဏခဏပဲ။ အဲဒီလိုမျိုး စစ်ဆေးတော့ ခရီးသွားလာရတာ ကျပ်လာတယ်” ဟု ထန်တလန်မြို့နယ်ရှိ Sopum ကျေးရွာမှ ကိုတွာနိုက ပြောသည်။

ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ဘက်တွင် ခလရ ၂၂၈၊ ၂၂၉၊ ၈၇၊ ၈၉၊ ခမရ ၁၆ နှင့် ပလက်ဝမြို့နယ်တွင် ခမရ ၃၅၅၊ ၅၅ဝ၊ ၅၃၉၊ ခလရ ၃ဝ၊ ၂ဝ တပ်ရင်းများ တပ်စွဲလာကြပြီး လှုပ်ရှားတပ်အဖြစ် တပ်ရင်း ခလရ ၁၁ဝနှင့် ၂၈၉ ကို စစ်ကြောင်းဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။

လှုပ်ရှားတပ်များက ထန်တလန်မြို့နယ် zanak တောင်ကျောအုပ်စုရှိ ရွာသားတဦးအား ချင်းသူပုန်များနှင့် ဆက်သွယ်သည်ဟု မသင်္ကာကာ သေနတ်ဒင်ဖြင့် ထုနှက်စစ်ဆေးသဖြင့် နှာခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်းနှင့် အမျိုးသမီးအချို့လည်း အဓမ္မ ပြုကျင့်ခံရမှုများ ရှိနေကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ ထွက်ခွါလာသည့် ဒေသခံအချို့က ပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် ထန်တလန်မြို့နယ်အတွင်းရှိ Vanzang ရှိ Sopum, Tlanglo နှင့် Tlangpi ကျေးရွာများတွင် စစ်ရေးအရ ယာယီအခြေချလေ့ရှိပြီး ထိုဒေသများကို အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ယခင်ကတည်းက ထိုဒေသများတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army - CNA) က အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်သဖြင့် ဒေသတွင်း စစ်တပ်များသည် ဂရုတစိုက် စစ်ကြောင်းထိုးလေ့ ရှိခဲ့သည်။

“တပ်ရင်းတွေ တိုးချဲ့မယ်ဆိုတာက သူတို့ဗျူဟာပဲ။ တပ်ရင်းတွေ များများချလေ၊ ချင်းပြည်သူတွေ အခြေအနေ ဆိုးလေပဲ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဖြေရှင်းပေးတာမရှိဘူး၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပေးတာ မရှိဘူး။ ချင်းပြည်မှာရှိတဲ့ လူဦးရေနဲ့ တပ်အင်အားက မမျှဘူးဖြစ်နေတယ်။ တပ်ရင်းများလာလေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်တာတွေ များလာမယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးတာန်းရမ်က မဇ္ဈိမကို ပြောသည်။

ဟားခါးမြို့နယ် Sen Thang နယ်ရှိ ကျေးရွာပေါင်း ၂၈ ရွာရှိ ဒေသခံများအား ကြက်ဆူပင်စိုက်ပျိုးရန်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ တသောင်း နှုန်းကောက်ခံပြီး စပါးမျိုးစေ့ဝယ်ရန်ဟုဆိုကာ တအိမ်ထောင်လျှင် ကျပ် ၅ဝဝ စီ ကောက်ခံနေသည်။ မပေးနိုင်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု ကျေးရွာ ရယက များက အမိန့်ထုတ်ပြန်ထားသည်။

ထို့အပြင် Sur Khar ကျေးရွာတွင် ရဲစခန်း ဆောက်လုပ်ရန် တအိမ်ထောင် ကျပ် ၅ဝဝ ကောက်ခံသလို၊ ငွေမပေးနိုင်ပါက စခန်းဆောက်လုပ်ရေး လုပ်အားပေး ဆင့်ခေါ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲကျင်းရာတွင် ထန်တလန်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်ရှိ ဒေသအများအပြားတွင် ကန့်ကွက်မဲ အနိုင်ရခြင်းကြောင့် တပ်ရင်းများ ယခုလို တိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်ဘက်တွင် ကန့်ကွက်မဲ အရေအတွက် ပိုများခဲ့သည်ဟု မီဇိုရမ်အခြေစိုက် ချင်းအမျိုးသားကောင်စီ (Chin National Council - CNC) က ပြောသည်။

“ကျနော်တို့က မဲဆန္ဒမကျင်းပခင် ပြည်တွင်းကနေ ကိုယ့်လူတွေ၊ စိတ်ချရပြီး ပြည်တွင်းမှာ သြဇာနည်းနည်း ရှိတဲ့သူတွေကို ခေါ်ပြီး သင်တန်းပေးတယ်။ CNC ကလည်း နယ်ဆင်းပြီး သင်တန်းပေးထားတဲ့ သူတွေဆီက အချက်အလက် ရယူတာ ဖြစ်တယ်” ဟု CNC မှ ကန့်ကွက်မဲထည့်ဝင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အဓိက သတင်းအချက်အလက် စုဆောင်းသူ (တာဝန်ခံ) ကိုဟန်နရီက မဇ္ဈိမကို ပြောသည်။

ဃ္ဒဃ သည် မေလတွင် ကျင်းပခဲ့သည့် မဲဆန္ဒပေးပွဲ မတိုင်မီ အရေးပေါ် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သွားရောက်ကာ ချင်းပြည်သူများကို ဟောပြော စည်းရုံးခဲ့သေးသည်။


မြန်မာကာတွန်းအချို့ ဆင်ဆာထိ

သန်းထိုက်ဦး၊ နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 16:06 - မြန်မာစံတော်ချိန်

ချင်းမိုင်၊ နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းသင့်သူများ ကူညီရေး ရန်ပုံငွေအတွက် မြန်မာ ကာတွန်းဆရာများ၏ ‘မုန်တိုင်းမှ နိုးထခြင်း’ အမည်ရှိ ကာတွန်းပြပွဲတွင် စစ်အစိုးရ ပေါ်လစီနှင့် ငြိစွန်းသည်ဟု ယူဆရသော ကာတွန်းအချို့ကို ပြသခွင့်မပြုရန် အာဏာပိုင်များက ယမန်နေ့ နံနက်ပိုင်းတွင် တားမြစ်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ကာတွန်းပြပွဲ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ ၅ ဦးသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ပန်းဆိုးတန်းလမ်းရှိ လောကနတ် ပန်းချီခန်းမ နံရံတွင် ချိတ်ဆွဲထားသည့် ရန်ပုံငွေ ရရှိရေးအတွက် ရောင်းချသွားမည့် မြန်မာကာတွန်းဆရာ ၆၄ ဦး၏ ကာတွန်းပေါင်း ၁၄၆ ကားထဲမှ ၄ ကားကို ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“အရာရှိ ၂ ယောက်နဲ့ သာမန်ဝန်ထမ်း ၃ ယောက်ပေါ့။ ကာတွန်းတွေကို ၂ နာရီကြာလောက် စစ်ဆေးတယ်။ မနက် ၁ဝ နာရီခွဲကစတာ။ ပြီးတော့ ကာတွန်း ၄ ကားကို ဖြုတ်ခိုင်းတယ်။ ပြပွဲကို အသိအမှတ်ပြုတဲ့အကြောင်း လက်မှတ် ထိုးပေးပြီးတော့ ပြန်သွားကြတယ်။ တခြား ဘာမှတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ ပြပွဲ ဦးဆောင်သူတဦးက မဇ္ဈိမကို ပြောသည်။

ကာတွန်းဆရာ ဝင်းအောင်၊ အောက်တိုဘာ အောင်ကြီး၊ အောင်ကောင်းတို့၏ နာဂစ်မုန်တိုင်းနှင့် သက်ဆိုင်သည့် ကာတွန်းများကို အများပြည်သူများ လာရောက်ကြည့်ရှုခြင်း မပြုမီ နံရံအထက်မှ ဖြုတ်သိမ်းခဲ့သည့်အပေါ် ပြပွဲကျင်းပသူများဘက်က တစုံတရာ ကန့်ကွက်ပြောဆိုခြင်း မရှိခဲ့ကြောင်း ကာတွန်းပြပွဲတွင် ပါဝင်ပြသသည့် ကာတွန်းဆရာတဦးက ယခုလို ပြောပြသည်။

“အဲဒါမျိုး လုပ်နေကျပဲ။ ပန်းချီ၊ ကာတွန်းပြပွဲတွေတိုင်းလိုလို အဖြုတ်ခံရတာ ၄-၅ ကားလောက် အမြဲရှိတယ်။ မထူးဆန်းတော့ပါဘူး။ သူတို့စိတ်ထဲမှာ အစိုးရပေါ်လစီကို ထိတယ်လို့ ယူဆတဲ့ဟာတွေဆို အကုန် လူမြင်ကွင်းက သိမ်းခိုင်းတာပဲ” ဟု သူက ပြောသည်။

ပြပွဲကျင်းပရေး ကော်မတီဝင် ကာတွန်းဆရာ အော်ပီကျယ်က “ကျနော် ၂ ပုံ၊ ၃ ပုံလောက်တော့ သွားကြည့်လိုက်သေးတယ်။ ဆင်ဆာဖြတ်ခံထိတဲ့ ကာတွန်းပုံ ၄ ပုံမှာ ကျနော်ကြည့်တဲ့ တပုံနှစ်ပုံကတော့ သစ်တော ပြုန်းတီးနေတာတွေနဲ့ ပတ်သက်တာတွေပေါ့နော်။ သစ်တောပြုန်းတီးလို့ မုန်တိုင်းဝင်တာ နည်းနည်း များသွားတာပေါ့နော်။ အဲဒါမျိုး ရေးထားတဲ့ ဟာကို ဖျက်တာ” ဟု ပြောသည်။

အလားတူပင် ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ကုန်းတွင် ပန်းခွေချ အလေးပြုသည့် အခမ်းအနားအတွက် ရန်ကုန်အခြေစိုက် ဂျာနယ်တိုက်များမှ သတင်းထောက်များအား အာဏာပိုင်များက တရားဝင် ခေါ်ယူ ဖိတ်ကြားခဲ့သော်လည်း အကန့်အသတ်အချို့ ပြုလုပ်ခဲ့ကြောင်း ဂျာနယ်တိုက်တခုမှ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။

“ဖိတ်တယ်။ အခမ်းအနား မတက်ခင်ကတည်းက ဘာတွေ ယူလာမယ်ဆိုတာ အသေးစိတ် ပြောပြရတယ်။ ဟိုရောက်တော့လည်း မှတ်ပုံတင်ပြပြီး ဝင်ရတယ်။ သတင်းယူခွင့်တော့ ပေးတယ်။ ဒါပေမဲ့ အခမ်းအနား တက်လာတဲ့ လူတွေကို အင်တာဗျူးခွင့် မပေးဘူး” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အလွတ်သွားတဲ့ သူတွေသာ ခွင့်မပြုတာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတဲ့သူတွေ၊ ဖိတ်ထားတဲ့အထဲ မပါတဲ့သူတွေကိုတော့ သတင်း၊ ဓာတ်ပုံ ရိုက်ခွင့်မပေးဘူး။ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတောင် ပြန်ဖျက်ခိုင်းတယ်” ဟု ပြောသည်။

မြန်မာစစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေး၏ ဆိုးဝါးသော ဆင်ဆာ ဖြတ်တောက်မှုများသည် စာပေလွတ်လပ်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်များ ဆုံးရှုံးရသည့်အပြင် ပြည်သူလူထုက လတ်တလော ဖြစ်ပျက်နေသော အခြေအနေမှန်များ သိရှိခွင့်ကိုပါ ကန့်သတ်ဘောင်အတွင်း၌ ထားရှိနေသည်ဟု နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့် ရရှိရေး ကြိုးပမ်းနေသည့် အဖွဲ့အစည်းများက ပြောဆိုဝေဖန်ကြသည်။


ကုန်စည်ခွန် တိုးမြင့်သွားသဖြင့် မီဇိုရမ်သို့ မြန်မာကုန်ပစ္စည်း ရပ်တန့်သွား

ဇလပ်မေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 18:18 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဝင်ရောက်လာသော မြန်မာကုန်စည်များအပေါ် ကုန်စည်ခွန် တိုးမြှင့် ကောက်ခံနေသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းအမှတ် ၂ တွင် ကုန်ပစ္စည်းတင်သွင်းမှု ရပ်တန့်နေသည်။

နှစ်နိုင်ငံ နယ်စပ်ချောင်း တီရော် ဤငသ ချောင်းမှ မီဇိုရမ် မဲလ်ဘုခ်ရွာအထိ ဇိုခွါရ်ထာရ် လူမှုဖူလုံရေး အသင်းမှ မြန်မာကုန်ပစ္စည်း အခွန်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ၊ မဲလ်ဘုခ်မှ စန်ဖိုင်းအထိ စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂမှ ၁ ဒဿမ ၅ဝ ရူပီး တိုးကောက်လိုက်သဖြင့် မြန်မာပြည်မှ ကုန်စည်တင်သွင်းမှု ရပ်တန့်သွားစေခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ ကုန်ဈေးနှုန်း မြင့်တက်နေတယ်။ ဒါတင်မကပဲ မီဇိုရမ်ပြည်ထဲမှာ အခုလို သယ်ယူပို့ဆောင်ခ တိုးကောက်လိုက်လို့ ဒီတခေါက် လုပ်ငန်းက အမြတ်ကို မရှိတော့ဘူး” ဟု မီဇိုရမ်ပြည်နယ်တွင် ခေတ္တလာရောက်သူ မြန်မာကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီး မဲလ်ဘုခ်ရွာတွင် ကုန်စည် ဂိုဒေါင်အသစ် ထပ်မံ တည်ဆောက်ခဲ့သည့်အပေါ် ဇိုခွါထာရ် လူမှုဖူလုံရေး အသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အခွန်နှုန်းထားများ အသီးသီး တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မဲလ်ဘုခ် ဂိုဒေါင်မဆောက်မီ တီရောချောင်းမှ စန်ဖိုင်းအထိ သယ်ယူ ပို့ဆောင်ခမှာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ သာ ကောက်ခံလေ့ ရှိခဲ့သည်။

ယခုအခါ တီရောမှ မြို့တော် အိုက်ဇောအထိ ကုန်တင်ကား စီးလုံးဌားခသည်လည်း ယခင်က ရူပီး ၈ဝဝဝ ရှိရာမှ ၂၇ဝဝဝ ရူပီးအထိ မြင့်တက်သွားသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေသော မြန်မာကုန်သည်များ အနေဖြင့် အခွန်နှုန်းများ ပုံမှန်အနေအထား ပြန်မရောက်သေးသရွေ့ အမြတ်အစွန်း ကျန်ရှိခြင်း နည်းပါးသွားသဖြင့် ကုန်စည်တင်သွင်းမှု ပြုလုပ်ဖွယ် မရှိကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။

မြန်မာကုန်သည်တဦးက “အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခ ပြန်မချသရွေ့တော့ လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဂိုဒေါင်အသစ် တည်ဆောက်ခြင်းကို ဇိုခွါထာရ် လူမှုဖူလုံရေးအသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့ အချင်းများချိန်ကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်းခဲ့သေးသည်။

ဇွန်လနှောင်းပိုင်းတွင်မူ ကုန်သွယ်မှု ပြန်လည် စတင်ခဲ့သော်လည်း ကုန်စည်အခွန် တိုးမြှင့်ရာမှ မြန်မာကုန်သည်များအဖို့ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။



မလေးရှားရှိ မြန်မာသံရုံးကို မီးရှို့သူ ဖမ်းဆီးခံရ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 17:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တကိုယ်လုံး ဓာတ်ဆီလောင်းထားသည့် မြန်မာလူငယ်တဦးသည် မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ မြန်မာသံရုံးကို ဝင်ရောက် မီးရှို့သဖြင့် ယမန်နေ့က ရဲက ဖမ်းဆီးခဲ့သည်။

ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာလူငယ် ကိုစောနောင်သည် မြန်မာသံရုံး အတွင်းသို့ ဓာတ်ဆီပုံးတပုံးကို မီးရှို့ ပစ်သွင်းခဲ့သော်လည်း လမ်းခုလပ်၌ပင် ပေါက်ကွဲသွားပြီးနောက် မိမိကိုယ်ကို မီးရှို့ပြီး သံရုံးဝန်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် မလေးရှား ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူက ဓာတ်ဆီပုံးကို ပစ်သွင်းလိုက်တဲ့ အချိန်မှာ မအောင်မြင်ဘူး။ မအောင်မြင်တော့ ကိုယ့်ကိုယ်ကို မီးရှို့ဖို့ ကြိုးစားနေတုန်း မလေး အရပ်ဝတ် ရဲတွေက ဖမ်းလိုက်တာပါ” ဟု ကွာလာလမ်ပူ အခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး စောင့်ရှောင်ရေးအဖွဲ့မှ ကိုရဲမင်းထွန်းက မဇ္ဈိမကို ပြောသည်။

သံရုံးကို မီးရှို့ရန် ကြိုးစားသူသည် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို လုပ်ရပ်မျိုး ပြုလုပ်ရသည်ကို မသိရသေးကြောင်း ရဲဘက်က ပြောဆိုသည်ဟု သူက ပြောဆိုသည်။

သူက “ရဲအရာရှိတွေ ပြောတာက အချိန်မရွေး နှိမ်နှင်းလို့ ရတယ်။ မင်းတို့က တဆင့်တက်ပြီး အကြမ်းဖက်တာတွေ လုပ်လာရင် လက်မခံဘူးလို့ ပြောတယ်။ ကျနော်က ဒီကိစ္စမျိုးအတွက် တာဝန်ယူမယ်လို့တော့ ပြန်မပြောဘူးလေ။ ဒါပေမဲ့ အတိုက်အခံတွေရဲ့ သဘောထားကို၊ အရိပ်အကဲကိုကြည့်ရင် ခင်ဗျားတို့ သဘောပေါက်လောက်တယ်လို့ ပြန်ဖြေခဲ့တယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဘူးဆိုတာ ခင်ဗျားတို့ နားလည်မှာပါလို့ ပြောခဲ့တယ်” ဟု ဆက်ပြောသည်။

ယမန်နေ့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံးကမူ ယခုအချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ဝန်ထမ်းတဦးက ဖြေကြားပိုင်ခွင့် မရှိကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

မြန်မာအလုပ်သမားတဦးက “မြန်မာသံရုံး အတိုက်ခိုက်ခံရတဲ့အတွက် မလေးရှားရောက် မြန်မာ့ ဒီမိုကရေစီအရေး အတိုက်အခံတွေ၊ အဖွဲ့အစည်းတွေအတွက် မလေးရှား အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ထိခိုင်နိုင်စရာ ရှိတယ်” ဟု ခန့်မှန်းပြောဆိုသည်။

၂ဝဝ၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ကလည်း ငွေရေးကြေးရေး အရှုပ်အရှင်းကြောင့် သံအမှုထမ်း တဦးသည် သံရုံးအတွင်း၌ ကိုယ့်ကိုယ်ကို မီးရှို့၍ အဆုံးစီရင်ခဲ့ဖူးသည်။


ကုန်စည်ခွန် တိုးမြင့်သွားသဖြင့် မီဇိုရမ်သို့ မြန်မာကုန်ပစ္စည်း ရပ်တန့်သွား

ဇလပ်မေ
အင်္ဂါနေ့၊ ဂျူလိုင်လ 22 2008 18:18 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ ဝင်ရောက်လာသော မြန်မာကုန်စည်များအပေါ် ကုန်စည်ခွန် တိုးမြှင့် ကောက်ခံနေသည့်အတွက် တရားဝင် နယ်စပ်ကုန်သွယ်ရေး လမ်းအမှတ် ၂ တွင် ကုန်ပစ္စည်းတင်သွင်းမှု ရပ်တန့်နေသည်။

နှစ်နိုင်ငံ နယ်စပ်ချောင်း တီရော် ဤငသ ချောင်းမှ မီဇိုရမ် မဲလ်ဘုခ်ရွာအထိ ဇိုခွါရ်ထာရ် လူမှုဖူလုံရေး အသင်းမှ မြန်မာကုန်ပစ္စည်း အခွန်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ၊ မဲလ်ဘုခ်မှ စန်ဖိုင်းအထိ စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂမှ ၁ ဒဿမ ၅ဝ ရူပီး တိုးကောက်လိုက်သဖြင့် မြန်မာပြည်မှ ကုန်စည်တင်သွင်းမှု ရပ်တန့်သွားစေခြင်း ဖြစ်သည်။

“မြန်မာပြည်မှာ ကုန်ဈေးနှုန်း မြင့်တက်နေတယ်။ ဒါတင်မကပဲ မီဇိုရမ်ပြည်ထဲမှာ အခုလို သယ်ယူပို့ဆောင်ခ တိုးကောက်လိုက်လို့ ဒီတခေါက် လုပ်ငန်းက အမြတ်ကို မရှိတော့ဘူး” ဟု မီဇိုရမ်ပြည်နယ်တွင် ခေတ္တလာရောက်သူ မြန်မာကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီး မဲလ်ဘုခ်ရွာတွင် ကုန်စည် ဂိုဒေါင်အသစ် ထပ်မံ တည်ဆောက်ခဲ့သည့်အပေါ် ဇိုခွါထာရ် လူမှုဖူလုံရေး အသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အခွန်နှုန်းထားများ အသီးသီး တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မဲလ်ဘုခ် ဂိုဒေါင်မဆောက်မီ တီရောချောင်းမှ စန်ဖိုင်းအထိ သယ်ယူ ပို့ဆောင်ခမှာ တကီလိုလျှင် ရူပီးငွေ ၁ ဒဿမ ၅ဝ သာ ကောက်ခံလေ့ ရှိခဲ့သည်။

ယခုအခါ တီရောမှ မြို့တော် အိုက်ဇောအထိ ကုန်တင်ကား စီးလုံးဌားခသည်လည်း ယခင်က ရူပီး ၈ဝဝဝ ရှိရာမှ ၂၇ဝဝဝ ရူပီးအထိ မြင့်တက်သွားသည်။

မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေသော မြန်မာကုန်သည်များ အနေဖြင့် အခွန်နှုန်းများ ပုံမှန်အနေအထား ပြန်မရောက်သေးသရွေ့ အမြတ်အစွန်း ကျန်ရှိခြင်း နည်းပါးသွားသဖြင့် ကုန်စည်တင်သွင်းမှု ပြုလုပ်ဖွယ် မရှိကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။

မြန်မာကုန်သည်တဦးက “အာဏာပိုင်တွေက သယ်ယူပို့ဆောင်ခ ပြန်မချသရွေ့တော့ လုပ်ငန်းပြန်စဖို့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဂိုဒေါင်အသစ် တည်ဆောက်ခြင်းကို ဇိုခွါထာရ် လူမှုဖူလုံရေးအသင်းနှင့် စန်ဖိုင်း သယ်ယူပို့ဆောင်ရေး သမဂ္ဂတို့ အချင်းများချိန်ကလည်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တ ရပ်ဆိုင်းခဲ့သေးသည်။

ဇွန်လနှောင်းပိုင်းတွင်မူ ကုန်သွယ်မှု ပြန်လည် စတင်ခဲ့သော်လည်း ကုန်စည်အခွန် တိုးမြှင့်ရာမှ မြန်မာကုန်သည်များအဖို့ ပစ္စည်းတင်သွင်းမှု တုန့်ဆိုင်းသွားခြင်းလည်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates