Thursday, July 31, 2008

နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်စဉ် ရုံးအနီး၌ လုံခြုံရေးများ ချထားလာ

ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 13:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်စစ်ဆေးသည့် နေ့များတွင် ရုံးပတ်ဝန်းကျင်၌ လုံခြုံရေးများကို ယခုလအတွင်း ရန်ကုန်၌ ထူးခြားစွာ ချထားလာသည်။

ရာဇဝတ် ပုဒ်မများနှင့် တရားစွဲဆို ခံထားရသည့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများကို ရုံးထုတ်စစ်ဆေးရာတွင် တရားရုံး ပတ်ဝန်းကျင် ကိုက် ၅ဝ ခန့်တွင် လည်ပတ်အနီ ပတ်ထားသည့် လုံထိန်း ၁ဝဝ ခန့်ကို အာဏာပိုင်များက လုံခြုံရေး ချထားခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းကပါပဲ။ လုံထိန်း လည်ပတ်အနီနဲ့ပေါ့နော်။ FAW ကား ၂ စီး၊ ၃ စီးပေါ့နော်။ တရားရုံး ပတ်ဝန်းကျင်မှာ ချထားတယ်။ ကားထိုးထားပြီး ကားပေါ် ကားအောက်မှာ ချထားတယ်။ ဒါပေမဲ့ တရားရုံး အဝင်အထွက် တားတာ ဆီးတာတွေတော့ မရှိဘူး။ တရားရုံးတိုင်းမှာ ရှိတာ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုမျိုးတွေ စစ်ဆေးမယ့် ရက်တွေဆိုရင် ချထားတယ်” ဟု ရန်ကုန်က လူငယ်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၉ ရက်နေ့က ဗဟန်းတရားရုံးတွင် သာသနာ့သိပ္ပံမှ သံဃာတော် ၅ ပါးနှင့် လူပုဂ္ဂိုလ် ၆ ဦး၊ မရမ်းကုန်း တရားရုံးတွင် ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်၊ တောင်ဒဂုံတွင်မူ NO ကင်ပိန်းလှုပ်ရှားသူ ဦးတင်ဝင်းနှင့် ကိုညီညီမင်းတို့ ရုံးထုတ်ရာတွင်လည်း ယခုလိုပင် အစောင့်အကြပ်များ ချထားသည်။

ထိုနေ့ကပင် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစည်သူမောင်၏ မိဘများဖြစ်သည့် ဦးပီတာနှင့် ဒေါ်မြင့်မြင့်ဆွေတို့အား လှိုင်တရားရုံးတွင် စစ်ဆေးနေချိန် လုံခြုံရေးများ ချထားသည့်အပြင် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ကလည်း ငွေကြာယံ ကိုယ်တော် ဦးစာဏီရကို တောင်ဥက္ကလာပ တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေစဉ် တရားရုံး ပတ်ဝန်းကျင်၌ လုံခြုံရေး အပြည့်ချထားသည်။

ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်ကလည်း တရားရုံးများအနီး လုံခြုံရေးများ ချထားခြင်းကို ယခုလို ပြောဆိုသည်။

သူက “ဟုတ်တယ်၊ အဲဒါက အပြင်ရုံးတွေမှာပေါ့နော်။ အန်ကယ်က နိုင်ငံရေးသမားတွေ ထုတ်မှ လုံခြုံရေး ချတယ်လို့ မသိခဲ့ဘူး။ လုံခြုံရေးအရ အစီအမံ ရှိတယ်လို့ ထင်ခဲ့တာ။ မနေ့က ဉာဏ်လင်းအောင်နဲ့ ကျော်ကိုကိုတို့ ရှိတဲ့ နေ့မှ ချထားတာ တွေ့တယ်လေ။ နေ့တိုင်း လာစောင့်တာ မဟုတ်ဘူးလို့ ရုံးနားမှာရှိတဲ့ လူတွေက ပြောတယ်လေ။ FAW ကားပေါ့နော်။ ဒိုင်းတွေနဲ့ လုံထိန်းတွေ ကားပေါ်မှာရော ကားအောက်မှာပါ ရှိတယ်။ ကျန်တာတွေလည်း အရပ်ဝတ်နဲ့ အမှုသည်တွေကြားထဲမှာ ရှိတယ်လို့ အမှုသည်တွေက ပြောပြတာပဲလေ” ဟု ပြောသည်။

ရှေ့နေ ကိုဖိုးဖြူက “ဘာဖြစ်လို့ ချထားတယ် ဆိုတာက ဒီကာလက အရေးကြီးလို့ သူတို့အနေနဲ့ လုံခြုံရေး တာဝန်ယူရတယ်လို့ပဲ ပြောတယ်လေ။ လုံထိန်းတွေကို အများကြီး ချထားတဲ့အတွက် ဒီလို အများသူငှာ ကြားနာခွင့်ရှိတဲ့၊ လာရောက် ကြည့်ရှုခွင့်ရှိတဲ့ တရားရုံးမှာ အများပြည်သူတွေ အနေနဲ့ အများကြီး ဟန့်သွားတာပေါ့။ မလာရဲတာတို့ ရှိသွားတာပေါ့။ ပြောတာဆိုတာ၊ တားတာတွေတော့ မရှိဘူး” ဟု ပြောသည်။

ထို့အပြင် အင်းစိန်ထောင်တွင်းရှိ အထူးရုံးတွင် ရုံးထုတ်စစ်ဆေးသည့်အခါ မိသားစုများ လာရောက် ကြည့်ရှုခွင့် မရှိကြောင်းနှင့် ထမင်းစားချိန်နှင့် အမှုစစ်ဆေးချိန်များတွင် လက်ထိပ် ဖြုတ်မပေးခြင်းကြောင့် လူဂုဏ်သိက္ခာနှင့် ညီညွတ်စွာ အမှုရင်ဆိုင်ခွင့်ကို ဆုံးရှုံးစေရသည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောဆိုသည်။

သူက ဆက်ပြီး “ကျနော်က တရားရုံးမှာ အမှုစစ်ဆေးနေတဲ့ အချိန်မှာ လက်ထိပ်ဖြုတ်ပေးဖို့၊ ဒီလို လက်ထိပ် ဖြုတ်ပေးခြင်းဖြင့် လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သူ့ရဲ့ ယုံကြည်မှုကိုလည်းပဲ အများကြီး တန်ဖိုးထား လေးစားရာ ရောက်တယ်၊ ဒီလို ဖြစ်စေနိုင်ဖို့အတွက် စစ်ဆေးနေဆဲ ကာလမှာ ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ လက်ထိပ် ဖြုတ်ထားပေးပါလို့ တရားရုံးကို လျှောက်ထားပါတယ်” ဟု ပြောသည်။

သို့သော် လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်နှင့် စမ်းချောင်းမြို့နယ် တရားသူကြီးများက အဆိုပါ ဥပဒေ ပြဋ္ဌာန်းချက်ကို အတိအကျ လိုက်နာနေသော်လည်း ရန်ကင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒေါပုံ တရားရုံးများတွင် လိုက်နာဆောင်ရွက်ခြင်း လုံးဝ မရှိသည့်အပြင် ရဲများက ရဲဝတ်စုံ ဝတ်ဆင်ခြင်း မရှိဘဲ သက်သေခံခြင်းကိုပါ လက်ခံ စစ်ဆေးနေကြောင်း သူက ပြောသည်။

ထို့အပြင် ကြည့်မြင်တိုင်မြို့နယ် တရားသူကြီးက လူ့အခွင့်အရေး ကြေငြာစာတမ်း ဖြန့်ဝေမှုကြောင့် အကျဉ်းချခံနေရသည့် ထွန်းမြင့်အောင်နှင့် စန်းလွင်ဦးတို့ အမှု စစ်ဆေးနေချိန်တွင် ရဲအုပ်က သေနတ်နှင့် ကျည်ကပ် ကိုင်ဆောင်လာပြီး တရားခွင်တွင် စစ်ဆေးခံခြင်းမျိုးများ ရှိခဲ့ကာ ဥပဒေပြဋ္ဌာန်းချက် တခုတည်းရှိသော်လည်း ကျင့်သုံးသည့် တရားရုံး၊ မကျင့်သုံးသည့် တရားရုံးများ ရှိနေကြောင်း သိရသည်။


မုံရွာမှာ သွေးလွန်တုပ်ကွေး အဖြစ်များနေ

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 13:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေသည်။

ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသည့်အတွက် မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ပြင်ပ ဆေးခန်းများတွင် ကလေးငယ် အများအပြား ဆေးကုသ ခံယူနေရခြင်း ဖြစ်သည်။

“ကလေးတွေကတော့ တော်တော်များများ ဖြစ်နေတယ်။ ဆေးရုံမှာဆို လူတွေတောင် မဆန့်ဘူး။ ကလေးတွေ ကုတင်တောင် မဆန့်ဘူး။ တကုတင်ကို ကလေးနှစ်ယောက်လောက် ထားနေရတယ်။ ကုတင် မဆန့်တော့တဲ့အတွက် လူကြီးအဆောင်တွေမှာ ထားရတယ်။ ကျမ ကလေးတောင် ၃ ရက်လောက် ကုခဲ့ရသေးတယ်” ဟု အုန်းခြံရပ်ကွက်မှာ မိခင်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျမ ကလေးက သိပ်မပြင်းဘူး။ အသင့်အတင့်ဖြစ်တာ။ လက်မောင်းမှာ အနီပျောက်လေးတွေ ပေါ်လာတယ်။ ဆေးတိုက်လိုက်တော့ သက်သာသွားတာပေါ့။ ဓာတ်ဆားကတော့ အဓိက တိုက်ရတာပေါ့။ သွေးလွန်တုပ်ကွေး ရောဂါဆိုးတဲ့ ကလေးတွေက နှာခေါင်းထဲမှာ သွေးရှန်တာတွေ ဖြစ်တယ်။ ကျမ အသိထဲမှာ ကလေးငယ် ၁ဝ ယောက်လောက်ရှိတယ်။ လောလောဆယ် ဒီနားမှာတော့ အသားဝါနဲ့ သွေးလွန် တုပ်ကွေး ပေါင်းပြီးတော့ ဖြစ်တယ်။ စလိုင်းတွေကို တပတ်လောက် ချိတ်ရတယ်” ဟု ပြောသည်။

ပြင်ပဆေးခန်းတခုတွင် ရောဂါဖြစ်ပွားသူ သားငယ်ကို သွားရောက်ကုသနေရသူ ဘုရားကြီးရပ်ကွက်မှ ဒေသခံ တဦးကလည်း “ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းရဲ့ ကလေးအထူးကု ဆေးခန်းမှာ လာကုတဲ့ ကလေးတွေက တနေ့ကို ၁၅ဝ နီးပါး ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဆေးခန်းသည် နံနက် ၇ နာရီမှာ ၉ နာရီအထိ တကြိမ်၊ နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ တကြိမ်၊ ညနေ ၄ နာရီမှ ၈ နာရီအထိ တကြိမ်၊ တနေ့လျှင် စုစုပေါင်း ၃ ကြိမ်ဖွင့်ပြီး တကြိမ်တွင် ၅ဝ ခန့် ကုသနေရသည်ဟု မေးမြန်းသိရှိခဲ့ရကြောင်း သူက ဆက်ပြောသည်။

မုံရွာမြို့ ပြည်သူဆေးရုံကြီးမှ ကလေးဆောင်တွင် တာဝန်ကျသူ ဝန်ထမ်းတဦးကလည်း ကလေးငယ်များ သွေးလွန်တုပ်ကွေးကြောင့် လာရောက် ဆေးကုသ ခံယူနေရကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ပြီးခဲ့သည့် နှစ်ကထက် ယခုနှစ်တွင် ပိုမိုဆိုးရွားကြောင်း ပုဂ္ဂလိက ဆေးခန်းတခုမှ အမည်မဖော်လိုသူ ဆရာဝန်တဦးကလည်း ထုတ်ဖော်ပြောဆိုသည်။

သူက ဆက်ပြီး “လွန်ခဲ့တဲ့ ၂ လလောက်က စဖြစ်တာပါ။ ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကလေးတွေ ဆေးကုတာရှိတယ်။ သေဆုံးတာတွေ ရှိတယ်လို့လည်း ကြားရပေမယ့် ဘယ်နှစ်ဦး သေဆုံးတယ်တော့ အတိအကျ မသိဘူးလေ။ လိုအပ်ရင် ဆေးသွင်း၊ သွေးသွင်း လုပ်ပေးရတယ်။ ပြင်ပဆေးခန်းမှာတော့ စိုးရိမ်စရာရှိတဲ့ ကလေးတွေကို ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးရတယ်လေ” ဟု ပြောသည်။


ငပုတောက လယ်ယာများ ဂဏန်းကိုက်၍ ပျက်စီးဆုံးရှုံးနေ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 14:26 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းသင့် ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စပါးခင်းများကို လယ်ပုဇွန် ဂဏန်းများ ကိုက်ဖြတ်နေသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားနေသည်။

ငပုတောမြို့နယ် သင်္ဃန်းကုန်း၊ သညင်မူ၊ ဇီးဖြူဆိပ်၊ ငကုန်း၊ ကုန်းတန်းပုတ္တ၊ ခွေးချောင်း၊ ကိုးထောင် အစရှိသည့် ကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် စိုက်ပျိုးထားသည့် စပါးပင်များကို လယ်ပုဇွန် ဂဏန်းများက ကိုက်ဖြတ်သဖြင့် အပျက်အစီး ကြီးမားနေခြင်း ဖြစ်သည်။

“မနှစ်ကဆို ဗမာလို ဝါဆိုလပြည့် ဇူလိုင်လလယ်ပေါ့နော်။ ဒီအချိန်မှာ အဲဒီပိုးက အကုန်ဆင်းတယ်ပေါ့နော်။ အခု မိုးကလည်း မရွာဆိုတော့ ပိုးက မဆင်းတတ်ဘူး ဖြစ်နေတယ်။ ဇူလိုင် ၁၂ ရက်လောက်က စပြီး မိုးမရွာတော့ မဆင်းဘူး။ အပင်ရှည်၊ အပင်တို ကိုက်တယ်။ အခုဆို အပင်တောင် မပေါက်တာ။ ပြတ်သွားပြီဆိုရင် စပါးပင်က သေတာပဲ” ဟု ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးအရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကုန်းရွာ လယ်သမားတဦးက “စပါးပင် နည်းနည်း ကြီးထွားလာတဲ့အခါမှာ ဂဏန်းက ကိုက်လို့မရဘူး။ အခု လုပ်ငန်းခွင် နောက်ကျတာရယ်၊ မျိုးစပါးမပေါက်တဲ့ အခြေအနေတွေကြောင့် ပေါ့နော်၊ စပါးပင်ကို ဂဏန်းက ကိုက်တာ။ ရွာတွေ အများကြီးပဲ။ မျိုးစပါး မအောင်မြင်မှုက ပိုပြီး ကြီးမားပါတယ်။ ဒီပိုးတွေ မဆင်းတာက အမှန်တော့ ရေလျှော့၊ ထုတ်ဖို့ မရှိလို့ ဖြစ်တယ်။ မိုးရွာလည်း နည်းလို့ပေါ့။ ဆားငန်ရေတွေ ဝင်ခဲ့လို့ ပိုဆိုးတာ” ဟု ပြောသည်။

မကြာသေးခင် ရက်ပိုင်းကပင် ထိုဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လှူခဲ့သူတဦးကလည်း ယခုသတင်း ဟုတ်မှန်ကြောင်းနှင့် ရွာပေါင်း ၇ဝ ခန့်တွင် အဆိုပါ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ယခုလို ပြောသည်။

“လယ်သမားတွေက မျိုးစပါးမပေါက်တာရော ပေါက်တဲ့ စပါးတွေကလည်း ဂဏန်းကိုက်တယ်။ လယ်သမားတွေ ငြီးနေတယ်။ မျိုးစပါး မပေါက်တော့ အခုမှ ပြန်ကျဲရင်လည်း နောက်ကျပြီ်။ ပေါက်တာကလည်း ဂဏန်းကိုက်လို့ လယ်ယာအများ ဆုံးရှုံးရပါတယ်။ လယ်သမားတွေ ငြီးတွားသံတွေကို ကျနော် သိရတာ ရွာပေါင်း ၇ဝ လောက် ရှိမယ်” ဟု သူက ပြောသည်။

အလားတူပင် ကော့မှူးမြို့နယ်ရှိ မြစန္ဒီကျေးရွာတွင်လည်း မျိုးစပါး မအောင်သလို၊ ဂဏန်းများ ကိုက်နေကြောင်း မြစန္ဒီကျေးရွာ လယ်သမားဦးက ယခုလို ပြောသည်။

သူက “ဒီမှာလည်း သူတို့ မျိုးစပါးက ကျဲလို့မှ မရတာ။ ပေါက်ကို မပေါက်တာ။ စပါးအဖျားတွေ ခြောက်ပြီးတော့ နီလာတယ်။ ဒါပေမဲ့ ကျနော်တို့က ဂဏန်းမကြီးခင် စပါးကို ကျဲပစ်လိုက်တယ်။ ဂဏန်း နည်းနည်းကြီးသွားတော့ စပါးက စိုက်လို့ မရဘူး။ သူက စပါးပေါက်ခါစဆိုရင် စပါးပင်ကို လိုက်လိုက် ကိုက်ဖြတ်တာ။ အဲဒီဂဏန်း တကောင်ပေါက်ရင် အကောင် ၅ဝဝ လောက် ပြန်ပေါက်တယ်။ အဲဒါကြောင့် သူက ဖျက်ဆီးတာ သိပ်မြန်တယ်” ဟု ပြောသည်။

ဂဏန်းမှာ ထမင်းလုံးဟု ဒေသတွင်း၌ ခေါ်ဆိုသည့် ပိုးကောင်တမျိုးမှ ပေါက်ဖွားလာပြီး ချောင်းဂဏန်း၊ လယ်ပုဇွန်လုံးဂဏန်းနှင့် ဘောင်စည်းဂဏန်း စသည့် ဂဏန်းမျိုးများ ရှိကြောင်း သိရသည်။

ငပုတောဒေသတွင်း၌ မျိုးစပါး အောင်မြင်မှု မရှိသလို၊ ဂဏန်းပိုးကောင်များ ဖျက်ဆီးမှုအပြင် ဓာတ်မြေသြဇာ လိုအပ်ချက်လည်း ကြီးမားနေသဖြင့် လှူဒန်းပံ့ပိုးပေးမည့် အကူအညီများ လိုအပ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်က ယခုလို ပြောဆိုခဲ့သည်။

“မြေသြဇာလည်း လယ်သမားများက မဝယ်နိုင်ဘူး။ မြေကြီးမှာ အပုတ်နံ့ထွက်တာကို ကာကွယ်ရအောင်ပေါ့။ စိုက်ထားတဲ့ အပင်လေးတွေက မြေသြဇာ မစားရတဲ့အခါ ဝဝတုတ်တုတ် အားရှိတဲ့ အပင်လေးမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် စပါးထွက်ရှိမှု တော်တော်လေး စိုးရိမ်ရတဲ့ အချိန်ဖြစ်နေတယ်။ ဒါကြောင့် ပံ့ပိုးပေးနိုင်မယ့် လူတွေရှိရင် တတ်နိုင်သလောက်ပေါ့နော်၊ ကောင်းတဲ့ အခြေအနေ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ဒီမှာက ပံ့ပိုးမယ့်သူ တဦးမှ မရှိသေးဘူးလေ။ ကျနော်တို့ ဗမာလူထုက ကျေးဇူးတင်မှာပါ” ဟု သူက ပြောသည်။


မဇ္ဈိမ ဝဘ်ဆိုဒ် တိုက်ခိုက်ခံနေရ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 13:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နယူးဒေလီ အခြေစိုက် မဇ္ဈိမသတင်းဌာန၏ မြန်မာဘာသာ ဝဘ်ဆိုဒ် www.mizzimaburmese.com သည် ပြင်းထန်စွာ ဆက်တိုက် တိုက်ခိုက်ခံနေရပြီး တင်္နလာနေ့မှစ၍ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှု၍ မရတော့ပါ။ ယင်းတိုက်ခိုက်ခြင်းသည် နည်းပညာ အခေါ်အရ (Distributed Denial of Services – DDoS) attack ဖြစ်ကြောင်း သိရသည်။



မဇ္ဈိမဝဘ်ဆိုဒ်၏ မြန်မာဆာဗာသည် ၎င်းလက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သည့် ဒေတာများဖြင့် တိုက်ခံရပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းသွားရခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်ဟု မဇ္ဈိမ၏ ဝဘ်မာစတာက ပြောဆိုသည်။ သတင်းအချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ခြင်းကြောင့် ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

စစ်ဆေးလေ့လာချက်များအရ သတင်းအချက်အလက်များမှာ ၁၅ မိနစ်အတွင်း ၅ ဂျီဂါဘိုက် (၅ Gigabytes) ခန့်အထိ ရှိကြောင်း တွေ့ရှိရသည်။ ဤပမာဏသည် သာမန် လက်ခံနေရသည့် ပမာဏထက် အဆပေါင်းများစွာ ပိုနေသည့်အတွက် ဤသို့ အလုပ်မလုပ်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာဆာဗာကို ကူညီထိန်သိမ်း ကြည့်ရှုပေးသူ မဇ္ဈိမ၏ မိတ်ဆွေ နည်းပညာရှင်တဦးက ပြောဆိုသည်။

ဤသို့ တိုက်ခိုက်မှုမျိုး၏ မူရင်းကို ခြေရာခံ သိရှိနိုင်ရန် ခက်ခဲပြီး ဤတိုက်ခိုက်မှုသည် မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်ကို အဓိက ချိန်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဤသို့သော တိုက်ခိုက်မှုသည် လွန်ခဲ့သည့် ရက်ပေါင်း အတော်ကြာကတည်းက ဖြစ်ပေါ်တည်ရှိ နေခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံတို့မှ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။ မဇ္ဈိမ မြန်မာဘာသာ ဝဘ်ဆိုဒ်ကို တိုက်ခိုက်ခြင်းတွင် အနည်းဆုံး ဆာဗာ ၃ဝ ကို ပါဝင်ပတ်သက် အသုံးပြုထားသည်ဟု သူက ပြောသည်။

မဇ္ဈိမသတင်းဌာနသည် မြန်မာနိုင်ငံနှင့် ဆက်စပ် ပတ်သက်သည့် သတင်းများ၊ အမြင်များကို စုစည်း တင်ဆက်ပေးနေသည့် လွတ်လပ်သော မြန်မာ မာလ်တီမီဒီယာ သတင်းဌာနတခုဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာဂျာနယ်လစ်များက ဦးစီး လုပ်ကိုင်နေသည့် သတင်းဌာနတခု ဖြစ်သည်။ အဓိက ဝဘ်ဆိုဒ် ၄ ခုဖြစ်သည့် (mizzima.com, mizzimaburmese.com, mizzima.tv, mizzimaphoto.com) တို့မှ သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို နေ့စဉ် တင်ဆက်ပေးနေသည်။

သတင်းများကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် နေ့စဉ် တင်ဆက် ပေးနေသည့်အပြင် ဤသတင်း ဝဘ်ဆိုဒ်တွင် ဗီဒီယို သတင်းများကိုလည်း မဇ္ဈိမတီဗီ ဝဘ်ဆိုဒ် (mizzima.tv) တွင် တင်ဆက်ပေးလျက် ရှိသည်။ ဤဝဘ်ဆိုဒ်မှ သတင်းများကို အခြားသတင်းဌာနများကလည်း မကြာခဏ ဝင်ရောက်ကြည့်ရှု အသုံးပြုလေ့ ရှိသည်။

မဇ္ဈိမ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝဘ်ဆိုဒ်များကို နေ့စဉ် ဝင်ရောက်ကြည့်ရှုသည့် Unique Visitors ပျှမ်းမျှ တသောင်းမှ သောင်းငါးထောင်အထိ ရှိပြီး ယမန်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ အတွင်း နှင့် နာဂစ်ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်အပြီးနှင့် ယခုနှစ်မေလနှင့် ဇွန်လတို့တွင် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာ နှစ်ဆကျော်ခန့် ထိုးတက်သွားခဲ့သည်။

ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူ ရှိနေမည် ဆိုသည်ကို သိရှိရှာဖွေရန်မှာ ခက်ခဲသော်လည်း ဤဝင်ရောက် တိုက်ခိုက်မှုများသည် တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံများရှိ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းနိုင်ငံများတွင် အတတ်ပညာရှင်နှင့် အင်ဂျင်နီယာ အများအပြားကို ပညာသင်ရန် စေလွှတ်ထားသည့် မြန်မာစစ်အစိုးရ လူများလက်ချက် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

မဇ္ဈိမဝဘ်ဆိုဒ်ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ထား၍ ဝင်ရောက် ကြည့်ရှုနိုင်ခြင်း မရှိဘဲ ကြည့်ရှုလိုပါက မြန်မာအာဏာပိုင်များ မသိအောင် ဘရောက်ဇီ ဆာဗာများခံ၍ ဝင်ရောက်ကြည့်ရှုရပြီး သိသွားပါက ဒဏ်ငွေ အမြောက်အမြား ပေးရနိုင်သည်။

ဤသို့ တိုက်ခိုက်မှုတွင် မဇ္ဈိမ ဝဘ်ဆိုဒ်သာမက နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ဝဘ်ဆိုဒ် www.dvb.no သည်လည်း ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက ဤသို့ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ခံနေရကြောင်း သိရသည်။

လွန်ခဲ့သော ၄ ရက်အတွင်း ပိုမိုပြင်းထန်၍ ဆက်တိုက် တိုက်ခိုက် ခံခဲ့ရသည့်အတွက် တိုက်ခိုက်သူသည် (DVB) ဝဘ်ဆိုဒ်ကို ရပ်ဆိုင်းသွားစေရန် ကြိုးပန်းနေခြင်း ဖြစ်ကြောင်း DVB ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က သောကြာနေ့က သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။

“အခုထိ တိုက်ခိုက်ခံနေရဆဲပါပဲ” ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။

“နည်းပညာအရ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိသည် ဆိုသည်ကို ပြောဆိုရန်မှာ ခက်ခဲသည်။ သို့သော် ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မြန်မာအစိုးရ ရှိကြောင်း အလွယ်တကူ ပြောနိုင်သည်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။



စစ်ဖြစ်မည်စိုးသဖြင့် ကရင်ကျေးရွာသား ၂ဝဝ ခန့် နေရပ်စွန့်ခွါ

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 13:18 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကရင်လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ကရင်ပြည်နယ်ရှိ ဒေသအချို့မှ ကျေးရွာသား ၂ဝဝ ခန့်သည် ယခုလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာကြသည်။

ကော့ကရိတ်မြို့နယ် မော်ဖိုးခီး၊ မော်ဖိုးကလိုးနှင့် ကနှဲလေး ကျေးရွာများတွင် လှုပ်ရှားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉ဝ၇ တပ်ဖွဲ့များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့များကို ယခုလ ၂၆ ရက်နေ့က ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ယခုလို ထွက်ပြေးကြခြင်း ဖြစ်သည်။

“ကေအန်ယူ သူတို့ ရွာထဲကို ဝင်တယ်လေ။ မော်ဖိုးခီးနဲ့ မော်ဖိုးကလိုး၊ ဟို ကနှဲလေး အဲဒီကို ဝင်တဲ့ အခါကျတော့ ကေအန်ယူ ပစ်မှာ ကြောက်လို့တဲ့ သူတို့တွေ ထွက်ပြေးတာ” ဟု Committee for Internally Displaced Karen People (CIDKP) မှ အမည်မဖော်လိုသူ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

KNU (ဗဟို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက “အဲဒီရွာထဲမှာ DKBA က လာနေတော့ ဒီဘက်က KNLA ဘက်ကလည်းပဲ ‘DKBA ဒီရွာမှာ လာနေတာက ခြေကုတ်ယူပြီး ငါတို့ကို တိုက်ဖို့ပဲ (ဒါကလည်း ဟုတ်လည်း ဟုတ်တာပဲ)၊ အဲဒီတော့ ငါတို့ သွားအုပ်မယ် ဘာညာနဲ့ ပြောတဲ့လူက ပြောတာပေါ့လေ။ အဲဒီရဲ့ ပြောကြတဲ့အကြောင်းမှာ လူထုကလည်း ကြောက်လန့်ပြီးတော့ ဇဝေဇဝါတွေ ဖြစ်လာတယ်။ အဲဒီဘက်က ရွာတွေက အိမ်ခြေ ၃ဝ ကျော်၊ လူဦးရေ ၂ဝဝ ကျော်လောက် ထွက်ပြေးကြတယ်” ဟု ပြောသည်။

ထွက်ပြေးနေသည့် ရွာသားများသည် ယခုအခါ နေရပ်ရင်း ပြန်သွားခြင်း ရှိ၊ မရှိ မသိရှိရသေးသော်လည်း ပြန်မလာပါက ရွာများတွင် စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်း၊ နှမ်းခင်း အစရှိသည့် စိုက်ခင်းများကို ဖျက်ဆီးပစ်မည်ဟု DKBA တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ထားသည်ဟု သိရသည်။

အဆိုပါ ကျေးရွာများသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာ အကွာတွင် ရှိသော ဝေါလေခီး ဒေသနှင့် မလှမ်းကမ်းတွင် တည်ရှိသည့် ကျေးရွာများဖြစ်သည်။

DKBA ၉ဝ၇ တပ်သား ၃ဝ ခန့်သည် ထိုကျေးရွာများတွင် လှုပ်ရှားနေပြီး၊ ဒေသ အနီးတဝိုက်တွင် KNLA တပ်မဟာ ၆ တပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။

ကော့ကရိတ်မြို့နယ် ဝေါလေခီးဒေသ၌ တပ်စွဲထားသော KNLA တပ်ရင်း ၂ဝ၁ တပ်စခန်းအား နအဖနှင့် DKBA ၉ဝ၇ ပူးပေါင်းရေး တပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၃ဝ ရက်နေ့က ထိုးစစ်ဆင်ခဲ့ရာ DKBA ဘက်က တပ်သားတဦးကျဆုံးပြီး စခန်းသိမ်းနိုင်သော်လည်း နောက်တရက်တွင် KNLA က ပြန်လည် သိမ်းပိုက်ခဲ့သည်။


ရန်ကုန် အဝေးပြေး ယာဉ်စီးခများကို မထသ က တရားဝင် တိုးမြှင

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 29 2008 21:22 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်းမှ နိုင်ငံတဝှမ်းသို့ ပြေးဆွဲသော အဝေးပြေး ယာဉ်စီးခ နှုန်းထားများကို မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) က ယခုလ ၂၆ ရက်နေ့မှ စတင်ကာ တရားဝင် တိုးမြှင့် သတ်မှတ်လိုက်သည်။

ယာဉ်စီးခကို မူလက တမိုင်လျှင် ၂၄ ကျပ်နှုန်း သတ်မှတ်ခဲ့ရာမှ ယခုအခါ ၂၈ ကျပ်နှုန်းသို့ တိုးမြှင့်ခြင်း ဖြစ်သည်။

“မထသ က တရားဝင် ထုတ်ပြန်ထားခဲ့တာက တမိုင်ကို ၂၄ ကျပ်နှုန်းပါ။ အခု ၂၈ ကျပ်ပါ” ဟု မထသ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်-မန္တလေးကားလိုင်း အဲယားကွန်း မှန်လုံကားအတွက် လက်မှတ်တစောင်လျှင် ၁၂ဝဝဝ ကျပ်၊ ရန်ကုန်-မုံရွာ ၁၄၅ဝဝ ကျပ်၊ ရန်ကုန်-စစ်ကိုင်း ၁၂၄ဝဝ ကျပ်၊ ရန်ကုန်-လားရှိုး ၁၆၉ဝဝ ကျပ်၊ ရန်ကုန်-နေပြည်တော် ၆၉ဝဝ ကျပ် - ရိုးရိုး ၅၇ဝဝ ကျပ်သို့ ကားလိုင်းများက တိုးမြှင့်ရောင်းချရမည် ဖြစ်သည်။

မထသ တာဝန်ရှိသူက “ဒီဇယ်ဈေး တက်လာတော့ ယာဉ်လိုင်းတွေက ဒီနှုန်းနဲ့ဆွဲရတာ မကိုက်ဘူးဆိုပြီး စာတင်လာတဲ့အတွက် ညှိနှိုင်းပြီး ဈေးတက်လိုက်တာပါ” ဟု ပြောသည်။

ရန်ကုန်-မန္တလေး ကားလိုင်းမှ ဂိတ်မှူးတဦးက ပြင်ပတွင် ဒီဇယ်ပေါက်ဈေးမှာ တဂါလံလျှင် ၇ဝဝဝ ကျပ်နီးပါး ရှိသဖြင့် ယခင်က တရားဝင် သတ်မှတ်နှုန်းအတိုင်း ပြေးဆွဲရန် ခက်ခဲသည့်အတွက် လက်မှတ်များကို သတ်မှတ်နှုန်းထက် ဈေးမြှင့် ရောင်းချခဲ့ရကြောင်း ပြောသည်။

“ကျနော်တို့က အစိုးရထုတ်ပေးတဲ့ ဒီဇယ်ဆီနဲ့ မလောက်ဘူး။ အသွားအပြန်တကြောင်းကို ပြင်ပ ဆီတပေပါ ဝယ်ထည့်ရတယ်” ဟု သူက ပြောသည်။

မထသ သတ်မှတ်နှုန်းထက် ဈေးပိုရောင်းခဲ့သည့် နယူးမန္တလာထွန်း အပါအဝင် ယာဉ်လိုင်း ၇ လိုင်းကို မထသ က ယာဉ်လိုင်းပြေးဆွဲခွင့် ရပ်ဆိုင်းပြီး အရေးယူထားကာ လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ပြန်လည် ပြေးဆွဲခွင့် ပြုမည်ဟု မထသ တာဝန်ရှိသူက ပြောသည်။

ယခု ဈေးနှုန်းတိုးခြင်းသည် ကားလိုင်းများကို အရေးယူပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းနှင့် သတ်မှတ်လိုက်သော ယာဉ်စီးခနှုန်းထက် ဈေးတင် ရောင်းချပါက ဒဏ်ငွေအပြင် ယာဉ်လိုင်း ပြေးဆွဲခွင့်ကိုပါ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဈေးနှုန်းတိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်-မန္တလေး ခရီးသွားတဦးက “ကားခဈေး တက်နေတာတော့ ကြာပြီ။ ရန်ကုန်-မန္တလေးကို ကျပ် တသောင်း လို့ ပြောပေမယ့် အမတို့က တသောင်း သုံးထောင်နဲ့ ဝယ်ရတယ်။ ဒီလ တရားဝင် ဈေးတက်တာ မတက်တာက အမတို့အတွက်တော့ ဘာမှ မထူးခြားတော့ဘူး” ဟု မဇ္ဈိမကို ပြောသည်။


ဓာတ်မြေသြဇာ ဈေးတက်လို့ လယ်သမားများ လျှော့သုံးနေရ

ဝိုင်းပီး
အင်္ဂါနေ့၊ ဂျူလိုင်လ 29 2008 21:22 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဓာတ်မြေသြဇာဈေး မြင့်တက်သဖြင့် လေဘေးသင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ မိုးစပါးစိုက် လယ်သမား အများစုသည် ပုံမှန် သုံးစွဲနှုန်းထက် ထက်ဝက်မျှ လျှော့ချရင်း စပါးစိုက်နေရသည်။

လယ်သမား အများစုသည် ယခင်ထက် ဓာတ်မြေသြဇာဈေးနှုန်း ရာခိုင်နှုန်း ၂ဝ ကျော် ခုန်တက်သွားသဖြင့် လယ်တဧကလျှင် ၅ဝ ကီလိုဂရမ် ပါရှိသည့် ဓာတ်မြေသြဇာ အိတ်တအိတ်ကို ပုံမှန် အသုံးပြုခဲ့ရာမှ ယခုအခါ ချွေတာသည့် အနေဖြင့် အိတ်တဝက်မျှသာ အသုံးပြု၍ စိုက်ပျိုးနေကြရခြင်း ဖြစ်သည်။

“တတ်နိုင်သလောက် ဓာတ်မြေသြဇာကို လျှော့ပြီးတော့ သုံးနေရတော့တယ်။ ဈေးတွေ ကြီးလာလို့လေ။ အများကြီး မဝယ်နိုင်လောက်အောင်ပဲ” ဟု မြို့နယ်အတွင်းရှိ မြင်းဂကုန်းရွာမှ လယ်သမားတဦးက ပြောသည်။

စပါးကောင်းရရန်အတွက် ဓာတ်မြေသြဇာကို မသုံးမဖြစ်၍သာ သုံးနေရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

သစ်ငုတ်ကြီးရွာမှ လယ်သမားတဦးကလည်း ယခင်လို အိတ်လိုက် ဝယ်ယူသုံးစွဲနိုင်ခြင်း မရှိကြတော့ဘဲ တပြည်ချင်းစီသာ ဝယ်ယူ သုံးစွဲနေရကြောင်း ပြောသည်။

“အရင်က စပါးစိုက်တော့မယ်ဆိုရင် အိတ်လိုက် ဝယ်ထားတာ။ အခုတော့ လိုသလောက်ပဲ တပြည်ချင်းစီပဲ ဝယ်နိုင်တော့တယ်” ဟု သူက ပြောသည်။

ပုလဲဓာတ်မြေသြဇာသည် ယခင်က တအိတ် (၅ဝ ကီလိုဂရမ်) လျှင် ကျပ် ၂ သောင်း ၈ ထောင် ပေါက်ဈေး ရှိခဲ့ရာမှ ယခုအခါ ၃ သောင်း ၄ ထောင် ကျပ်အထိ ဈေးတက်သွားသောကြောင့် တပြည်လျှင် ၁၃ဝဝ ကျပ်ဖြင့် လက်လီစိတ် ဝယ်ယူကာ သုံးစွဲနေရခြင်း ဖြစ်သည်။

ယခုလို ဈေးနှုန်း မြင့်တက်ရခြင်းသည် ပြည်ပမှတင်သွင်းရသည့် ဓာတ်မြေသြဇာ ကုန်ကြမ်းများ ဈေးနှုန်း မြင့်သွားခြင်းကြောင့် အချောထုတ်လုပ် ရောင်းချရာ၌ ဈေးတက်ရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် မြင်းကျား ဓာတ်မြေသြဇာ ကုမ္ပဏီမှ ဈေးကွက် တာဝန်ခံတဦးက ပြောသည်။

“ကုန်ကြမ်းတွေ ဝယ်ရတာကိုက ဈေးတက်နေတာ။ အဲဒီကုန်ကြမ်းကို လိုအပ်တဲ့ ကယ်မီကယ် Chemical တွေ ထပ်ရောပြီး ပြန်ရောင်းရတာ” ဟု ပြောသည်။

တရုတ်နိုင်ငံ အပါအဝင် အချို့နိုင်ငံများမှ တင်သွင်းသည့် ဓာတ်မြေသြဇာ ကုန်ကြမ်းများကို ပိုတက်၊ နိုက်ထလိုဂျင် (Nitrogen)၊ ကယ်လ်စီယမ် (Potasium) စသည့် ကယ်မီကယ် (Chemical) များ ရောကာ ပြန်လည် ရောင်းချရကြောင်း သူက ပြောသည်။

ဓာတ်မြေသြဇာကို ပျိုးခင်းကျဲချိန်တွင် တကြိမ်၊ အပင်ပေါက်ပြီး ပြန်စိုက်သည့်အချိန်တွင် တကြိမ်နှင့် ပြန်စိုက်ပြီး ၁၅ ရက်အကြာတွင် တကြိမ် စသည်ဖြင့် ၃ ကြိမ် သုံးရသည်။

ယခုလို ဓာတ်မြေသြဇာ လျှော့သုံးနေရသည့်အတွက် လာမည့် အောက်တိုဘာလတွင် ရိတ်သိမ်းရမည့် မိုးစပါးများသည် အရည်အသွေး မပြည့်မည်ကို လယ်သမားများက စိုးရိမ်နေကြသည်။

မြင်းဂကုန်းကျေးရွာမှ လယ်သမားက “ဓာတ်မြေသြဇာ ဈေးတက်တော့၊ လျှော့သုံးထားတော့ စပါးတွေ ထွက်လာရင် ဘယ်လို အရည်အသွေးတွေနဲ့ ထွက်လာမလဲတော့ မသိတော့ပါဘူး” ဟု ပြောသည်။


ကမ္ဘောဇဘဏ် မပိတ်ကြောင်း ရုံးချုပ်က ပြောဆို

နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 29 2008 21:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပုဂ္ဂလိကပိုင် ကမ္ဘောဇဘဏ် လီမီတက် ပိတ်လိုက်ပြီဟူသည့် သတင်းများ ပေါ်ထွက်နေသော်လည်း မဟုတ်မှန်ကြောင်း ရန်ကုန်ရှိ ဘဏ်ရုံးချုပ်က ငြင်းဆိုလိုက်သည်။

ကောလာဟလကြောင့် ငွေကြေး အပ်နှံထားသူများသည် အစုလိုက်အပြုံလိုက် သက်ဆိုင်ရာ ကမ္ဘောဇ ဘဏ်ခွဲများတွင် ငွေထုတ်ယူနေပြီးနောက် မဇ္ဈိမက ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရုံးချုပ်နှင့် ဘဏ်ခွဲတခုသို့ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း တာဝန်ရှိသူများက ငြင်းဆိုခြင်း ဖြစ်သည်။

“ကြားနေရတဲ့ဟာတွေ အားလုံးက ကောလာဟလပါရှင်။ ဥက္ကဋ္ဌရော၊ ဒုဥက္ကဋ္ဌရော အေးအေးဆေးဆေးပါပဲ။ ခေါ်ယူစစ်ဆေးတယ်ဆိုတာ မဟုတ်ပါဘူး။ ဘဏ်လည်း မပိတ်ပါဘူး။ ကြားရတာတွေက ကောလာဟလပါ” ဟု ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ကမာရွတ်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ တခုသို့ မေးမြန်းရာတွင် လွန်ခဲ့သည့် ၂ ပတ်ခန့်က ငွေသွင်းသူများအား ငွေပမာဏ ကန့်သတ် ပေးခဲ့သော်လည်း ယခုအခါ ပုံမှန် လည်ပတ်နေပြီဟု တာဝန်ကျ ဝန်ထမ်းတဦးက ယခုလို ပြောသည်။

သူက “လွန်ခဲ့တဲ့ ၂ ပတ်ကတော့ သိန်း ၃ဝ အထက် ပေးမသွင်းဘူး အမ။ ဗဟိုဘဏ်က ကန့်သတ်တာပါ။ ဘာကြောင့်ဆိုတာ မသိပါဘူး။ အခုတော့ သွင်းချင်သလောက် သွင်းနိုင်သလို၊ အပ်ထားတာ သိန်း ၁ဝဝ ကို ပြန်ထုတ်မယ်ဆိုလည်း ထုတ်လို့ ရပါတယ်။ ငွေသွင်းငွေထုတ်လည်း ရှိနေပါတယ်။ ပုံမှန်ပါပဲ” ဟု ပြောသည်။

ကမ္ဘောဇ ဘဏ်ခွဲတခုဖြစ်သည့် ဘုရင့်နောင် ဘဏ်ခွဲတွင် ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲလုပ်နေသူ စီးပွားရေး လုပ်ငန်းရှင် တဦးက ရန်ကုန်မှ နယ်မြို့များသို့ ငွေလွှဲရာတွင် တခါတရံ အခက်အခဲ ရှိတတ်ကြောင်း ပြောသည်။

“ရန်ကုန်ဘဏ်ကနေ တောင်ကြီးကို သိန်း ၅ဝ လွှဲတဲ့ အခါမျိုးမှာတော့၊ တကယ်လို့ တောင်ကြီးဘဏ်မှာ သိန်း ၅ဝ အပြည့်မရှိတဲ့ အခါမျိုး ဆိုရင်တော့ ၅ဝ လုံးကို လက်မခံတာ ရှိတတ်တယ်။ ဟိုဘက်မှာ သူတို့ ထုတ်ပေးနိုင်မယ့် ပမာဏလောက်ကိုပဲ ထုတ်ပေးတော့ စောင့်ရတာမျိုး ကြုံဖူးတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် မသီတာက ပြောသည်။

သို့သော် သူကလည်း ဘဏ်ပိတ်သည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် မြန်မာပြည်ရှိ ဘဏ်များမှာ ရေရှည် စိတ်ချ၍ မရနိုင်ကြောင်းကိုမူ ယခုလို ဆက်ပြောသည်။

“နေ့တိုင်း သွားရတယ်လေ။ ငွေသွင်း၊ ငွေထုတ် လုပ်နေရတော့။ မပိတ်ပါဘူး။ ဒါပေမဲ့ ရေရှည်မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေက စိတ်မချရပါဘူး။ လူတွေမှာလည်း ဘယ်စိတ်ချရမလဲ။ အားလုံး လုံခြုံ၊ စိတ်ချမှု မရှိပါဘူး” ဟု သူက ပြောသည်။

ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာတဦးကမူ ကမ္ဘောဇဘဏ် ပိုင်ရှင်ဖြစ်သူ ဦးအောင်ကိုဝင်း၏ မွေးစားသားလည်းဖြစ်၊ ဘဏ်၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းနိုင်အား အာဏာပိုင်များက ဖမ်းဆီးထားသည် ဟူသော သတင်းများ ပေါ်ထွက်နေသော်လည်း အတည်မပြုနိုင်ကြောင်း ပြောဆိုသည်။

မြန်မာလွှတ်တော်အဖွဲ့က ပြည်တွင်းအမတ်များ ပေးစာကို ထောက်ခံ

မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာပြည်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးမှ မကြာသေးခင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်ပြီး ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ MPU (Burma) မှာ ထောက်ခံလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ရည်ညွှန်းကာ ကုလသမဂ္ဂ အနေဖြင့် နအဖ ၏ အဆင့် ၇ ဆင့် လမ်းပြမြေပုံနှင့် အခြေခံ ဥပဒေကို အသိအမှတ်မပြုကြောင်း ကျေညာရန် အချိန်ကျပြီဟု တောင်းဆိုလိုက်သည့် ပေးစာအပေါ် MPU က ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျေညာချက် ထုတ်ပြန်ကာ ထောက်ခံလိုက်ခြင်း ဖြစ်သည်။

“သူတို့ရဲ့ တောင်းဆိုချက်လေ၊ ကျနော်တို့ မြန်မာပြည်အတွက် အဓိက တောင်းဆိုသင့်၊ တောင်းဆိုထိုက်တဲ့ တောင်းဆိုချက် ဖြစ်တယ်။ နောက်တခုက သူတို့ ဘာပြောထားလဲဆိုတော့ ကုလသမဂ္ဂ ကနေပြီးတော့ ပြောထားတဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်မနေရ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ဖို့ တောင်းဆိုထားတာကို ထောက်ခံတယ်” ဟု MPU အလုပ်အမှုဆောင် ကော်မတီဝင် ဦးခွန်မြင့်ထွန်းက ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် ပြည်တွင်းမှ ကိုယ်စားလှယ် ၅ ဦးက အနိမ့်ဆုံးအားဖြင့် ကျွန်ုပ်တို့သည် ကုလသမဂ္ဂက အာဏာရှင်များဘက်လိုက်ကာ မြန်မာပြည်သူကို အကာအကွယ်မဲ့ အနေအထားသို့ တွန်းပို့သည်ကို မလိုလားကြောင်းနှင့် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် နအဖ အား လမ်းပြမြေပုံကို စွန့်လွှတ်၍ တိတိကျကျ သတ်မှတ်ထားသည့် အချိန်ဇယားအတွင်း နိုင်ငံရေးအဖြေတခု စေ့စပ် ဆွေးနွေးယူနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ချက်ချင်း စတင်ဆွေးနွေးရန် မလိုက်နာမနေရ ဆုံးဖြတ်ချက်တခုကို ချမှတ်ပေးရန် ရေးသားခဲ့သည်။

ပူးကျင့်ရှင်းထန် (တီးတိန် ၂၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်)၊ ဦးသိန်းဖေ (ကန့်ဘလူ ၁၊ တသီးပုဂ္ဂလ၊ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးညီပု (ဂွမြို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)နှင့် ဒေါက်တာတင်မင်းထွဋ် (ပန်းတနော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလလုံခြုံရေးကောင်စီ နိုင်ငံများ၏ အမြဲတန်း ကိုယ်စားလှယ်များကို လိပ်မူကာ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

MPU ၏ ကျေညာချက်တွင်မူ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ပြည်တွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ ဦး၏ တိုက်တွန်းချက်အတိုင်း နအဖ ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မဆီလျော်၊ အရာမရောက်တော့သလို နအဖ ၏ အခြေခံဥပဒေ (၂ဝဝ၈) သည် ဥပဒေနှင့်မညီ တရားမဝင်ကြောင်း ဖော်ပြထားသည်။

ဦးခွန်မြင့်ထွန်းက “ကုသမဂ္ဂ အထွေထွေ ညီလာခံကြီးက ၉ဝ ခုနှစ်ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ ဒီနေ့အထိ လေးလေးနက်နက် တိုက်တွန်းတယ်။ ဒါပေမဲ့ ဘန်ကီမွန်း အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ်များက ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ထုတ်ပြန်ချက်တွေကို ဆန့်ကျင်ပြီးတော့မှ လုပ်နေပြောနေတယ်လို့ အဲဒီလို ခံစားမိတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကုလသမဂ္ဂက ကိုယ်စားလှယ်တွေကိုက ကုလသမဂ္ဂ အထွေထွေ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတာတွေ ဖြစ်နေတယ်။ ပြန်ပြီးတော့မှ သူတို့ မေ့နေတဲ့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေကို ပြန်ပြီးတော့ သတိပေးတဲ့အနေနဲ့ ပြောတယ်လို့ မြင်တယ်” ဟု ပြောသည်။


လုံခြုံရေး တင်းကျပ်မှုကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်အချို့ စိုးရိမ်ဖွယ်ရာရှိ

ဝိုင်းပီး
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံ မြို့ကြီး ၂ မြို့တွင် ရက်ပိုင်းအတွင်း ဗုံး ၃ဝ ကျော် ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေး တင်းကျပ်လာသောကြောင့် နယူးဒေလီရောက် မြန်မာနိုင်ငံသား အချို့အတွက် စိုးရိမ်ဖွယ်ရာရှိကြောင်း မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူ ခေါင်းဆောင်အချို့က ပြောသည်။

ယခုလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Banglore နှင့် Ahmedabad မြို့တွင် ဗုံးအရေအတွက် ၃၂ လုံး ပေါက်ကွဲရာ လူပေါင်း ၅ဝ ခန့်သေဆုံးပြီး ၁၅၃ ဦး ဒဏ်ရာရပြီးနောက် နယူးဒေလီရှိ လူစည်ကားရာ အရပ်များတွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားကာ မသင်္ကာသူများကို စစ်ဆေး မေးမြန်းနေသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်ကဒ် မရသေးသူ မြန်မာအချို့အတွက် စိုးရိမ်ဖွယ်ရာရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ကံဆိုးပြီးတော့ ကဒ်မရသေးတဲ့သူကို ရဲက စစ်ဆေးမိရင်တော့ ဒုက္ခရောက်နိုင်တယ်။ ကဒ်ရပြီးသူတွေအတွက် စိုးရိမ်ဖွယ်ရာ မရှိပါဘူး” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။

Burma Campaign (India) ခေါ် မြန်မာအရေး လှုပ်ရှားသူများအဖွဲ့မှ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံ ဦးကီးလဲအောင်ကလည်း “အခုချိန်မှာ ရဲတွေက လူတိုင်းကို မင်္သကာ ဖြစ်နေတာဆိုတော့ ယူအန်ကဒ် မရှိသူကိုသာ စစ်မိရင်တော့ တကယ် စိုးရိမ်ရတယ်” ဟု ပြောသည်။

နယူးဒေလီရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များ အများစုနေထိုင်သည့် Vikaspuri နှင့် Janakpuri ရပ်ကွက်ရှိ လမ်းအချို့တွင် ရဲများက အတားအဆီးများ ချထားပြီး မသင်္ကာရသူများနှင့် ကားများကို အစစ်အဆေးများ ပြုလုပ်နေသည်။

နယူးဒေလီရောက် မြန်မာနိုင်ငံသား ၃ဝဝဝ နီးပါးအနက် ၁၉ဝဝ ခန့်သာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည် အသိအမှတ်ပြုကဒ်ပြား ရရှိနေပြီး ကျန်ရှိနေသူများသည် မည်သည့် အသိအမှတ်ပြု ထောက်ခံစာများ မရှိသေးကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် နယူးဒေလီအခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့ The Other Media အဆိုအရ သိရသည်။

“ကဒ်ရထားတဲ့ လူတွေတောင် အိမ်ငှားရင် အထောက်အထားတွေပေးရ၊ ဓာတ်ပုံတွေ ပေးရတော့ ကဒ်မရတဲ့ သူတွေအနေနဲ့တော့ စိုးရိမ်ရတယ်” ဟု The Other Media မှ လှုပ်မှုရေးအကျိုးဆောင် ဒေါ်အေးမေက ပြောသည်။

နယူးဒေလီရှိ ဒုက္ခသည်များကို တရားဥပဒေကြောင်းအရ ကူညီစောင့်ရှောက်ပေးနေသည့် နယူးဒေလီ အခြေစိုက် Social Legal Information Center မှ တာဝန်ရှိသူက ဗုံးပေါက်ကွဲမှု အပါအဝင် သြဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ယခုလို လုံခြုံရေးများ တင်းကျပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။


ချင်းပြည်နယ် မြို့နယ်အချို့တွင် ကြွက်များ သောင်းကျန်း

ဇလပ်မေ
တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 21:13 - မြန်မာစံတော်ချိန်

အိုက်ဇော။ ။ ချင်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို ယခုအခါ ကြွက်များက ဖျက်ဆီးနေပြန်သည်။

ဟားခါးမြို့နယ် Senthang နယ် အပါအဝင် အခြား ကျေးရွာများ ဖြစ်သည့် Langpho, Bungtuah, Laiur, Lunghau, Chintlang, Khawpi ထန်တလန်မြို့နယ် Tlangpi, Tlanglo, Tahtlang, Farrawn, Lungding, Tlangkhua ဖလမ်းမြို့နယ် Weibula, Mualzawl, Thawrzawn, Ralum, Kawlfang ပလက်ဝမြို့နယ် Para, Topi, Hemante, Hemanpi, Potia, salapi, Mahu, Lola, Pasin, Tlopi, Rari နှင့် မတူပီမြို့နယ်မှ ကျေးရွာများတွင် ကြွက်များ သောင်းကျန်းနေခြင်း ဖြစ်သည်၊၊

“ကျနော်တို့ရွာမှာ ဆန်စပါးစိုက်ခင်းတွေ၊ ပြောင်းဖူးခင်းတွေကို ကြွက်တွေ လာဖျက်ဆီးပစ်တာ။ ပြောင်းခင်း၊ အပင်တွေကို အကုန် ကိုက်ဖြတ်စားတာ။ ယာခင်းတွေမှာ ကြွက်တွေ အပြည့်ပဲ” ဟု ဟားခါးမြို့နယ် Bungtuah ကျေးရွာမှ ရယက ဥက္ကဋ္ဌ ဦးထန်ဟူ (Thang Hu) က ပြောသည်၊၊

“အခုတော့ များသထက် များလာတာ။ ဘယ်လို နှိမ်နင်းရမှန်း မသိဘူး။ အဲဒါ ကြွက်သတ်ဆေးဝယ်ပြီး သတ်ရမယ့်ကိန်းပဲ ရှိတော့တယ်” ဟု ထန်တလန်မြို့နယ် Tlanglo ရွာမှ ရယက အဖွဲ့ဝင်တဦးကလည်း ပြောသည်။

ချင်းပြည်နယ်၌ နှစ် ၅ဝ ခန့်တွင် တကြိမ် ဝါးသီး သီးရာ ကြွက်များသည် ဝါးသီးစားပြီးနောက် မျိုးဆက်ပြန့်ပွားမှု မြင့်တက်လာကာ တောင်ယာများ ဖျက်ဆီးကြောင်းနှင့် ၂ဝဝ၇ ခုနှစ်အတွင်း အလားတူအဖြစ်မျိုး ပေါ်ပေါက်လာပြီးနောက် ယခုတဖန် ပြန်လည်၍ ကြွက်များ ပေါများလာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်၊၊

ကြွက်များက တောင်သူလယ်သမားများ၏ မီးဖိုချောင်အတွင်းရှိ အစားအသောက်များ၊ စပါးကျီများကိုပါ ဖျက်ဆီးသဖြင့် စားနပ်ရိက္ခာများ ပြတ်လတ်ရာ တောထဲတွင် အလေ့ကျပေါက်သော မျောက်ဥ၊ ပိန်းဥ၊ သစ်ဥသစ်ဖုများကိုသာ တူးဖော် စားသုံးသော်လည်း မိုးများလာသဖြင့် အဆိုပါ သစ်ဥများသည် ယခင်ကလို အရသာမရှိဘဲ ချက်ပြုတ်ရာတွင် အချိန် ပိုကြာပြီး အရသာမှာ ခါးလွန်းသည်ဟု သူတို့က ပြောသည်။

မီဇိုရမ်ပြည်နယ်မှ ချင်းလူ့အခွင့်အရေးအဖွဲ့ အိုက်ဇောတာဝန်ခံ ကို Tera က ချင်းပြည်တွင် အငတ်ဘေးကြုံနေသူ လူ ၇ သောင်းခန့်တွင် ၅ သောင်းခန့်မှာ ပလက်ဝနယ်မှ ဖြစ်ကြောင်း ပြောသည်။

ဆန်အိတ် တထောင်ကျော်ကို ရွာပေါင်း ၆ဝ ကျော်ထံ ဝေပေးသော်လည်း ငွေကြေး အခက်အခဲကြောင့် ရပ်ဆိုင်း ထားရကြောင်းနှင့် အာဏာပိုင်များဘက်က ကူညီမှု မပေးသည့်အပြင် နိုင်ငံရပ်ခြား အကူအညီများကိုပါ တားမြစ်နေကြောင်း သူက ဆက်ပြောသည်။

“ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ကူညီပေးတာတွေ သိလို့ ပြည်သူတွေကို ခြိမ်းခြောက်တယ်။ လက်မခံရဘူးပေါ့” ဟု သူက ပြောသည်။

စားဝတ်နေရေး အခက်အခဲကြောင့် ဒေသခံ ၇ဝဝ ခန့်သည် အိမ်ယာများ ပစ်ထားပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် နယ်စပ်များသို့ ထွက်ခွါလာရာတွင် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် တွီးတိန်အောက်ပိုင်း ကာကီကျေးရွာအနီးရှိ နေရာလွတ်များတွင် အိမ်ဆောက်၍ နေထိုင်ကြသည်။

“ရွာတည်ပြီး နေကြတာပါ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဝမ်းစာ ဖြေရှင်းကြတာပေါ့။ နေ့စားအလုပ်တွေ လုပ်ကြတာ များတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေတောင် ၃ဝ ကျော် ၄ဝ နီးပါးလောက် ရှိတယ်” ဟု ထိုဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ကို Tera က ဆက်ပြောသည်၊၊

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့ရှိ မရာပြည်သူ့ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတိုးပါက “ထန်တလန်၊ မတူပီ၊ ပလက်ဝနယ်တွေထဲမှာ ကျေးရွာ ၇၉ ခုမှာ အဲဒီလိုဖြစ်နေတာ။ အခု ဆိုင်ဟားနယ်စပ်မှာ ပလက်ဝမြို့နယ်က ကျေးရွာ ၁၁ ခုက ရောက်နေကြတယ်။ အကူအညီ လာတောင်းကြတာ။ သူတို့ စိုက်ထားတဲ့ လယ်တွေမှာ ကြွက်တွေဝင်ပြီး ဖျက်ဆီးတော့ စားစရာမရှိလို့ ဒီမှာ အလုပ်လာရှာရင်း ထောက်ပံ့ကြေးတွေ ရမလားဆိုပြီး လာကြတာ။ အများကြီးပဲ” ဟု ပြောသည်၊၊

ချင်းအမျိုးသားတပ်ဦးမှ အထွေထွေ အတွင်းရေးမှူး Mr. Thang Yen က “ဒီ ဝါးသုဉ်း (ဝါးသီး) တာဟာ ဒီတနှစ်ထဲ မဟုတ်ဘူး။ နောက် ၄-၅ နှစ် ကြာအုံးမှာ။ တတ်နိုင်တဲ့ဘက်ကနေ ချင်းပြည်သူတွေကို ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်၊၊
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates