Tuesday, July 22, 2008

အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ

သန်းထိုက်ဦး၊ မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008 19:30 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီလိုပဲ ခေါ်လို့ ရလားလို့ဆိုတော့ - မဟုတ်ဘူးတဲ့၊ ကျနော်တို့က အဲဒီလို နိုင်ငံရေးနဲ့ ပတ်သက်လို့ မသင်္ကာတဲ့အခါမျိုးမှ ခေါ်မေးလို့ ရတာပေါ့နော်။ သူတို့က အဲဒီလို ပြောတယ်။ ၂၄ နာရီအတွင်းမှာ ချုပ်နှောင်ခြင်း မရှိဘဲနဲ့ ခေါ်မေးလို့ ရတယ်တဲ့” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တာဝန်ခံ (၁) ကိုသီဟန် (ဒဂုံမြို့သစ်)၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ရန်ကုန်တိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင် ကိုမြင့်ဌေး (တာမွေ)၊ အဖွဲ့ချုပ် လူငယ်အဖွဲ့ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးသိန်းမြင့်ထွန်း (ဒဂုံမြို့သစ်)၊ အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျ (မောင်းမကန်) နှင့် ကျူရှင်ဆရာ ဦးအောင်ဖေ (တွံတေး) တို့ကို ယခုလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းမြင့်ထွန်းကမူ သူ့ကို ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီခန့်တွင် တောင်ဒဂုံ ရဲစခန်းသို့ စတင်ခေါ်ဆောင်ပြီး နောက်ရက်တွင် ပြည်ထဲရေး ရုံးချုပ်သို့ ခေါ်ဆောင်ကာ အနောက်ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့က စစ်ဆေးခဲ့သည်ဟု ပြောသည်။

သူက “စခန်းရောက်တော့ SP ကားနဲ့ ပြည်ထဲရေးကို ခေါ်သွားတာ။ ကျနော်နဲ့အတူ ကိုသီဟန်ကို ပြည်ထဲရေးရုံးမှာ အခန်းတခန်းစီ ထားပါတယ်။ ဟိုရောက်တော့ မူးယစ်အထူးမှာ ထားတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတာတွေ ကြားလားလို့ပဲ မေးတယ်။ ကျနော်က နိုင်ငံရေးသမားမို့လို့ ဘာမှမသိဘူးလို့ ပြန်ပြောလိုက်တယ်” ဟု ပြောသည်။

မောင်းမကန် အဖွဲ့ချုပ်လူငယ် တာဝန်ခံ (၂) ကိုကျော်ဇေယျကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကာပမြို့နယ် ပြည်သူ့ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး နောက်တရက်တွင် ဒုရဲအုပ် ရဲဝန်ထမ်းတဦးက အန်အယ်ဒီ လူငယ်အချို့နှင့် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအကြောင်း သူ့ကို မေးမြန်းခဲ့သည်ဟု ဆိုသည်။

ကိုကျော်ဇေယျက “ရွှေပြည်သာမှာ ဖောက်ခွဲတဲ့ ရယက ရုံး ဗုံးဖောက်ကွဲတဲ့ ကိစ္စတွေမေးတယ်။ အဲဒါတွေ မသိကြောင်း၊ သူတို့ပြောမှ သိကြောင်း ပြောပြတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း အဲဒီလို လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ကျနော်တို့အနေနဲ့လည်း မသက်ဆိုင်တဲ့အကြောင်း ပြောပြတယ်” ဟု ပြောသည်။

“(အာဇာနည်ကြီးများ ကျဆုံးချိန်) မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ ကျနော် ထပြီးတော့ အလေးပြုလိုက်ပါတယ်။ ဘေးနားမှာ စစ်နေတဲ့ သူတွေအားလုံး ထပြီးတော့ အလေးပြုကြပါတယ်” ဟု သူက ဆက်ပြောသည်။

အားလုံးကို ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းနှင့် တစုံတရာ လှုပ်ရှားမှု မပြုလုပ်ရန် ဖိအားပေးခြင်း မရှိဘဲ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကို ၆ လအတွင်း ပြန်လွှတ်ပေးဘွယ်ရှိဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 21 2008 15:17 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၆ လအတွင်း မြန်မာစစ်အစိုးရက ပြန်လည် လွှတ်ပေးနိုင်ဘွယ် ရှိသည်ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က တနင်္ဂနွေနေ့က ပြောကြားသွားပါသည်။

ထိုသို့ ပြန်လည်လွှတ်ပေးဘွယ် ရှိသည့်အကြောင်းကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက မိမိအား ပြောကြားခဲ့ကြောင်းဖြင့် တနင်္ဂနွေနေ့က ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အစည်းအဝေး တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးများအား ပြောကြားခဲ့သည်ဟု အေပီ သတင်းတရပ်က ဆိုပါသည်။

ဤအရိပ်အမြွက် ပြောကြားချက်သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းကို စစ်အစိုးရက နောက်ထပ် ၁ နှစ် ထပ်မံ တိုးမြှင့်ခဲ့ခြင်းအပေါ် “အလွန်အမင်း စိတ်ပျက်မိကြောင်း” အာဆီယံဝန်ကြီးများက ပြင်းထန်သည့် ကြေညာချက် ထုတ်ပြန်အပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံရေး အထိန်းသိမ်းခံတဦးကို အများဆုံး ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်ဟု ဦးဥာဏ်ဝင်းက ရှင်းပြသွားသည်ဟု ဆိုသည်။

“ဤ ၆ နှစ် အများဆုံး ကန့်သတ်ချက်သည် နောက်လာမည့် ၆ လအတွင်း ပြည့်တော့မည်ဟု လည်း သူက ကျနော်တို့ကို ပြောသွားပါသည်” ဟု ဦးဥာဏ်ဝင်းကို ကိုးကားကာ ယိုး က ပြောသွားခဲ့ပါသည်။

သို့သော် နိုဘယ်ငြိမ်းချမ်းရေးဆုရ အထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ သူတို့၏ ပါတီခေါင်းဆောင်သည် တရားဥပဒေနှင့် ဆန့်ကျင်ပြီး ထိန်းသိမ်းခံနေရခြင်း ဖြစ်ကြောင်း၊ ဥပဒေကို စစ်အစိုးရ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်သည် မှားယွင်းကြောင်း၊ နိုင်ငံရေး အကျဉ်းသားတဦးကို အများဆုံး ၅ နှစ် အထိသာ ထိုသို့ ထိန်းသိမ်းခွင့် ပြုထားကြောင်း ပြောဆိုသွားခဲ့ပါသည်။

သူတို့အနေဖြင့် သူတို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို စိတ်စောစွာဖြင့် စောင့်မျှော်နေလင့်ကစား “မိမိတို့ အနေဖြင့် ဦးဥာဏ်ဝင်း ပြောသည်ကို မယုံကြည်နိုင်ကြောင်း၊ အကြောင်းမူ သူ၏ ပြောဆိုချက်သည် တရားဝင် ကြေညာချက်တရပ် မဟုတ်၍ ဖြစ်ကြောင်း” ဖြင့် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောဆိုသွားပါသည်။

စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၏ ဤအရိပ်အမြွက် ပြောကြားချက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်လိုက်သည့်အပေါ် အာဆီယံ ဝန်ကြီးများက ချမှတ်လာမည့် ဖိအားမှ သက်သာရာ ရစေခြင်းငှါ ပြောဆိုခြင်းသာ ဖြစ်နိုင်ကြောင်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောဆိုလိုက်ပါသည်။

“သူတို့ (စစ်အစိုးရ) ပြောသည်ကို မိမိတို့အနေဖြင့် ယုံကြည် စိတ်ချပြီး မနေနိုင်ကြောင်း၊ ဒါအစည်းအဝေးမှာ သူ့အပေါ် (ဦးဥာဏ်ဝင်း) အပေါ်ကျလာမဲ့ ဖိအားတွေကနေ သက်သာရာရစေဘို့ ကြိုးပန်းတာသာ ဖြစ်နိုင်ကြောင်း” ဖြင့် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က မဇ္ဈိမ ကို ပြောကြားသွားခဲ့ပါသည်။

ဥပဒေအရ ကန့်ကွက်မှုများနှင့် နိုင်ငံတကာမှ ဆန့်ကျင် ရှုတ်ချနေသည့်အကြားမှ မြန်မာစစ်အစိုးရသည် နိုဘယ် ငြိမ်းချမ်းရေးဆုရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ အကျယ်ချုပ် သက်တမ်းကို မေလ ၂၇ ရက်နေ့က ထပ်မံ တိုးမြှင့်ခဲ့သည်။

လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် တဦးတည်း အကျယ်ချုပ်ဘဝဖြင့် နေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သော ၂ဝဝ၃ ခုနှစ် မေလ က နောက်ဆုံးအကြိမ် ဖမ်းဆီးခဲ့သည်။ အထက် ဗမာပြည် ခရီးစဉ်အတွင်း ဒီပဲယင်းမြို့ အနီး သူမ၏ မော်တော်ယဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် လူအုပ်က ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားတဦးကို တဆက်တည်း ၅ နှစ်ထက် ပို၍ ချုပ်နှောင်ထားရန် မြန်မာဥပဒေက ခွင့်ပြုထားခြင်း မရှိဟု သူမကို ထောက်ခံသူများနှင့် သူမ၏ မိသားစုက ငှါးရမ်းထားသော အမေရိကန်အခြေစိုက် သူမ၏ ရှေ့နေက ပြောကြားခဲ့ပါသည်။

သို့သော် ဦးဥာဏ်ဝင်း၏ ပြောဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည်အား ၆ လအတွင်း လွှတ်ပေးမည်ဟု ဆိုလိုသည်လားဟု မေးသည်ကိုမူ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဖြေဆိုနိုင်ခြင်း မရှိပါ။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော အာဆီယံ၏ ကြေညာချက်သည် ဤဒေသဆိုင်ရာ အဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်များအနက် အပြင်းထန်ဆုံး ဖြစ်သည်။ ဤအဖွဲ့သည် အခြား အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် အစဉ်အလာအတိုင်း ထိန်းသိမ်းလေ့ ရှိသောအဖွဲ့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်သည့်အတွက် မြန်မာ စစ်အစိုးရကို အာဆီယံ ကြေညာချက်က ရှုတ်ချထားသည့်အပြင် “မဝေးသောကာလတွင် ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးအတွက်လည်း နိုင်ငံရေး အုပ်စုအားလုံးနှင့် အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါရန်လည်း” စစ်အစိုးရကို တိုက်တွန်းထားသည်။

ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို အကြီးတန်း အရာရှိများနှင့် တွေ့ဆုံခွင့် ပေးရန်အပြင် “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံးသော အတိုင်းအတာနှင့် တွေ့ခွင့်ပေးရန်လည်း” ဤကြေညာချက်က စစ်အစိုးရကို တိုက်တွန်းထားသည်။


စားနပ်ရိက္ခာ အကူအညီ FAO က ၃ ဆ တိုးတောင်း

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 23:18 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဖျက်ဆီးခြင်း ခံလိုက်ရသော မြန်မာ့ဆန်စပါး အဓိက စိုက်ပျိုး ထုတ်လုပ်ရာ ဒေသမှ လယ်သမားများအတွက် စားနပ်ရိက္ခာ အကူအညီကို အမေရိကန်ဒေါ်လာ ၃၃.၅ သန်းအထိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ကြာသပတေးနေ့က တိုးမြှင့်ပန်ကြား တောင်းဆိုလိုက်သည်။ ယခု စပါးစိုက်ရာသီတွင် စပါးစိုက်ပျိုးရန် ထိုဒေသရှိ လယ်သမား ၇၅% မှာ လိုအပ်သော မျိုးစပါးများ မရှိကြပါ။

စပါးအထွက် သုံးပုံတပုံထိ ယခုနှစ်တွင် ကျဆင်းသွားနိုင်သည့်အတွက် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လယ်သမားများအတွက် အကူအညီကို တိုးမြှင့် တောင်းခံရခြင်း ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောကြားသွားခဲ့ပါသည်။ (FAO) သည် မူလက အမေရိကန်ဒေါ်လာ ၁ဝ သန်းသာ အကူအညီ တောင်းခံထားခဲ့သည်။

ဤအရေးကြီးလှသော အချိန်ကာလအတွင်း ရိက္ခာ ထုတ်လုပ်မှုကို ပြန်လည် လုပ်ကိုင်နိုင်ရန်နှင့် ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော ဒေသရှိ လယ်သမားများ၏ စားဝတ်နေရေး ဘဝကို ပြန်လည် ထူထောင်နိုင်ရန် ဤသို့အကူအညီများကို တိုးမြှင့် တောင်းခံရခြင်း ဖြစ်ကြောင်း (FAO) က ပြောသွားပါသည်။

“မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသရှိ လူများအတွက် စားနပ်ရိက္ခာ လိုအပ်ချက်ကို ယခုနှစ် စပါးထွက်ရှိမှုက ဖြည့်ဆည်းပေးနိုင်မည် မဟုတ်သည့်အတွက် ယင်းတို့၏ ရိက္ခာလုံခြုံမှုကို အခြား သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ မဟာဗျူဟာများ အတွက် အထောက်အပံ့များ ပံ့ပိုးပေးခြင်းဖြင့်သာ ရရှိစေမည် ဖြစ်သည်” ဟု FAO အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဌာန ဒါရိုက်တာ Anne M. Bauer က ကြာသပတေးနေ့က ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားသွားခဲ့ပါသည်။

နာဂစ် ဆိုင်ကလုံး မုန်တိုင်းသည် လူပေါင်း ၁၃၈ဝဝဝ သေဆုံး ပျောက်ဆုံးစေသည်သာမက လယ်မြေဧကပေါင်း ၇၈၃ဝဝဝ ဟက်တာ (ဧကပေါင်း ၁.၉ သန်း) ကိုလည်း ရေလွှမ်းမိုးစေခဲ့ပြီး မျိုးစပါး ၉ဝ% ခန့်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည် ဟု အဆိုပါ ကုလဧဂျင်စီ က ပြောကြားသွားခဲ့ပါသည်။

“လက်ရှိ အထွက်နှုံးနှင့် တွက်ချက်လျှင် လယ်ထွန်စက်များ၊ ခိုင်းကျွဲ ခိုင်းနွားများ မုန်တိုင်းအတွင်း သေဆုံးခဲ့ရသည့် အတွက် ယခုနှစ် ရိတ်သိမ်းချိန်တွင် စပါးတန်ပေါင်း ၅၅ဝဝဝဝ တန် လျော့နည်းသွားလိမ့်မည် ဖြစ်သည်။ တနည်းအားဖြင့် မုန်တိုင်းဒဏ် အခံရဆုံး ဒေသများတွင် စပါးထွက် ၃၂% အထိ လျော့နည်း ကျဆင်းသွားလိမ့်မည် ဖြစ်သည်” ဟု (FAO) ကြေညာချက်က ဆိုထားပါသည်။

ဆိုင်ကလုံးမုန်တိုင်းသည် ရေလုပ်သားဦးရေ ၁ သိန်းကျော်ကိုလည်း ထိခိုက်စေခဲ့သည်။ မုန်တိုင်းအတွင်း တံငါလှေများ၊ ငါးဖမ်း ကိရိယာများ ဆုံးရှုံးခဲ့ရသည် သာမက ငါးကန် ဟက်တာပေါင်း ၂၁ဝဝဝ ကိုလည်း ပျက်စီးစေခဲ့သည်။

“အသေးစား လယ်သမား မိသားစု ၅ သောင်း နှင့် လယ်မဲ့ယာမဲ့ မိသားစု ၉၉ဝဝဝ အပါအဝင် အားအနွဲ့ဆုံး အုပ်စုများ အတွက် အရေးပေါ် အကူအညီ လိုအပ်နေသည်” ဟု (FAO) က ဆိုထားပါသည်။


အိန္ဒိယကမ်းခြေရောက် ရေမျော မြန်မာတံငါသည် ၃ ဦး အကူအညီ မရဖြစ်နေ

ဆော်လမွန်
သောကြာနေ့၊ ဂျူလိုင်လ 18 2008 19:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပင်လယ်ထဲတွင် ၃ လတိတိ မျောပါနေပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း အိုရစ်ဆာ ပြည်နယ်သို့ လာရောက် သောင်တင်နေခဲ့သည့် မြန်မာတံငါသည် ၃ ဦးမှာ နေရပ်ဌာနေသို့ ပြန်နိုင်ရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိကြသည်ဟု ပြောဆိုလိုက်သည်။

မြန်မာတံငါသည် ၃ ဦးဖြစ်ကြသော ကိုဇော်ဦး၊ ကိုဇော်လွင်နှင့် ကိုလင်း တို့ ၃ ဦးသည် အိုရစ်ဆာ (Orissa) ပြည်နယ် ဂေါ်ပါလ်ပူ (Gopalpur) မြို့ ကမ်းရိုးတန်းအနီးသို့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရောက်ရှိ သောင်တင်ခဲ့သည်။ သူတို့၏ သစ်သားဖောင် ဘင်္ဂလား ပင်လယ်အော်ထဲတွင် ဆိုင်ကလုံး မုန်တိုင်းမိ၍ မျောပါလာခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ကို ကူညီကြပါ၊ ကျနော်တို့ အိမ်ပြန်ဖို့ အကူအညီ လိုပါတယ်” ဟု တံငါသည် ၃ ဦးအနက်မှ တဦးဖြစ်သူ ကိုဇော်ဦးက ပြောဆိုသည်။ သူတို့သည် ပင်လယ်ထဲတွင် အစာရေစာပြတ်ပြီး ၂ လခန့် မျောပါနေခဲ့သည်ဟု ဆိုသည်။

သူတို့ကို ရက်ရော သဘောကောင်းလှသော အိန္ဒိယလူမျိုး ထရပ်ကားမောင်းသမား တဦးက ၅ လကျော်ကြာ ကျွေးမွေး စောင့်ရှောက် ထားခဲ့ကြောင်းနှင့် သို့သော် ယခုအချိန်အထိ နယူးဒေလီမြို့ရှိ မြန်မာသံရုံးထံမှ အိမ်ပြန်ရန် မည်သည့် အကူအညီမျှ ရရှိခြင်း မရှိသေးကြောင်း ကိုဇော်ဦး က ပြောသည်။
တံငါသည် ၃ ဦးကို ခေါ်ယူ စောင့်ရှောက်ထားခဲ့သော ထရပ်ကားမောင်းသမား ပူမာချန်ဒရာ (Purmachandra) က နယူးဒေလီရှိ မြန်မာသံရုံးကို အကူအညီပေးပါရန် မိမိ အကြောင်းကြားခဲ့သော်လည်း ယခုအထိ သံရုံးမှ မည်သည့် ပြန်ကြားချက်မျှ မရသေးကြောင်း ပြောဆိုသွားသည်။

အဆိုပါ တံငါသည် ၃ ဦး၏ အမည်၊ ဓာတ်ပုံတို့ကို လျှောက်လွှာ တစောင်နှင့်အတူ နယူးဒေလီရှိ မြန်မာသံရုံးသို့ မတ်လ ၇ ရက်နေ့က ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု သူက ပြောသည်။

“အိန္ဒိယ အစိုးရနဲ့ မြန်မာသံရုံး အပါအဝင် ဘယ်သူ့ဆီကမှ အကူအညီမရလို့ ကျနော့်အိမ်မှာ ဒီလူ ၃ ယောက်ကို ခေါ်ထားခဲ့တာပါ။ ကျနော် သူတို့ကို အကြာကြီး ဆက်ပြီး စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဝင်ငွေနည်းရှာသည့် ကလေး ၆ ဦး၏ ဖခင် ပူမာချန်ဒရာက မဇ္ဈိမကို ပြောဆိုသည်။
ဤတံငါသည် ၃ ဦးသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ဖျာပုံမြို့မှ ဖြစ်သည်ဟု ဆိုသည်။ ဤမြို့သည် မေလအတွင်းက တိုက်ခတ်သွားခဲ့သော နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရသည့် နေရာဖြစ်သည်။

ကိုဇော်ဦးက သူ့တွင် ဇနီးဖြစ်သူ ဆုံးပါးသွားပြီးနောက် ကလေး ၄ ဦး ကျန်ခဲ့ကြောင်းနှင့် ယခု ဆိုင်ကလုံး မုန်တိုင်းတွင် ကျန်ရစ်ခဲ့သော ထိုကလေး ၄ ဦး သေသည်ရှင်သည် မသိရသေးကြောင်း ပြောသည်။

“ကျနော် အိမ်ပြန်ချင်ပါတယ်။ ကျနော့် ကလေးတွေအတွက် သိပ်စိတ်ပူမိပါတယ်” ဟု ကိုဇော်ဦးက ပြောသွားပြီး အဆိုပါ ကျန်ရစ်ခဲ့သော ကလေးများအတွက် စောင့်ရှောက်ထောက်ပံ့မည့်သူ မကျန်ရစ်ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။

ကိုဇော်လင်းသည်လည်း အိမ်ထောင်သည် တဦးဖြစ်ပြီး ကလေး ၃ ဦး ကျန်ရစ်ခဲ့ကာ၊ ကိုလင်းမှာမူ လူပျိုလူလွတ်တဦး ဖြစ်သည်။

အဆိုပါ တံငါသည် ၃ ဦးသည် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဝါးဖောင်တစင်းဖြင့် ငါးဖမ်း ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အင်အား ပြင်းထန်သော ဆိုင်ကလုံး မုန်တိုင်းနှင့် တိုးပြီးနောက် ဘင်္ဂလား ပင်လယ်အော်ထဲတွင် မျောပါနေခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့ ပင်လယ်ထဲမှာ ၃ လလုံးလုံး မျောပါနေခဲ့တာပါ။ ကျနော်တို့မှာ ပါလာတဲ့ ငါးခြောက်နဲ့ လိပ်ခြောက်တွေ စားပြီး အသက်ရှင်နေခဲ့ရတာ။ အဲဒါတွေ ကုန်သွားတော့ ၂ လလောက် အစာရေစာပြတ်ပြီး ပင်လယ်ထဲ မျောနေခဲ့တာ” ဟု ကိုဇော်ဦးက ပြောသည်။

ဤသို့ မျောပါနေပြီး အိန္ဒိယလူမျိုး တံငါများက ကယ်တင်၍ နောက်ဆုံးတွင် အိုရစ်ဆာပြည်နယ် ဂိုပါလ်ပူကမ်းခြေသို့ ဖေဖေါ်ဝါရီလ အစောပိုင်းတွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ တံငါသည် ၃ ဦးကို ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မြန်မာစကားကို ကျွမ်းကျင်ရေလည်စွာ ပြောဆိုတတ်သည့် ရက်ရော ကူညီတတ်သည့် ကုန်ကားမောင်းသမား ပူမာချန်ဒရာက သူတို့ကို ရဲအချုပ်မှ အာမခံဖြင့် ထုတ်လာခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာတံငါသည် ၃ ဦးမှာ ပူမာချန်ဒရာ၏ နေအိမ်တွင် နေထိုင်နေရပြီး မြန်မာ အစိုးရထံမှ သော်၎င်း၊ အိန္ဒိယအစိုးရထံမှ သော်၎င်း အရေးပေါ် အကူအညီများ လက်ခံရရှိခြင်း မရှိလျှင် သူတို့ကို ဆက်လက် လက်ခံ စောင့်ရှောက်နိုင်တော့မည် မဟုတ်ကြောင်း ပူမာချန်ဒရာက ပြောသည်။

“ကျနော် သူတို့ကို နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးကို ခေါ်သွားပြီး သူတို့အကြောင်းကို ပြောပြချင်ပါတယ်” ဟု ပူမာချန်ဒရာက မဇ္ဈိမကို ပြောသည်။

သို့သော် နယူးဒေလီရှိ မြန်မာသံရုံးကို ဤကိစ္စနှင့် ပတ်သက်၍ ထင်မြင်ချက် တစုံတရာပေးပါရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။


ပဒေါင် ၁၁ ဦးကို ရှာဖွေနေဆဲဖြစ်

သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 18:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်တွင် နေထိုင်သော ပဒေါင် ၁၁ ဦး ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်ဆဲ ဖြစ်သည်ဟု ထိုင်းတာဝန်ရှိသူ တဦးက ပြောသည်။

“ပျောက်သွားတဲ့ လူတွေရဲ့ သတင်းကို မသိရသေးဘူး။ ဒါပေမဲ့ မယ်ဟောင်ဆောင် မြို့တော်ဝန်က မနက်တုန်းက အစည်းအဝေး ခေါ်တယ်။ ပြီးတော့ မယ်ဟောင်ဆောင် မြို့နယ်မှူးက ပဒေါင်လူမျိုး ၁၁ ယောက်ကိစ္စနဲ့ ချင်းမိုင်ကို သွားနေတယ်” ဟု မယ်ဟောင်ဆောင် မြို့တော်ဝန်ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိကို ပြောသည်။

ခရိုင်အတွင်းရှိ ဟွေ့ပူးကဲ့နှင့် ဟွေ့စူထောက် ကျေးရွာတွင် နေထိုင်သည့် ပဒေါင် ခေါ် ကယန်းလူမျိုးစု ၁၁ ဦးသည် ယခုလ ၃ ရက်နေ့က ပျောက်ဆုံးခဲ့ရာ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များက ရှာဖွေရာတွင် မတွေ့နိုင်သေးဘဲ ဖြစ်နေသည်။

ပျောက်ဆုံးသွားသူများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရှိသည့် တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း အခြား ခရိုင်၊ ပြည်နယ်များသို့ ခရီးသွားလာလိုပါက မြို့နယ် အုပ်ချုပ်ရေးမှူးထံ ခရီးသွားလာခွင့် ထောက်ခံစာကို ရယူရမည် ဖြစ်သည်။

သူတို့ကို နိုင်ငံခြားသား ခရီးသည်များ အသွားအလာများသည့် ချင်းမိုင်၊ ချင်းရိုင်း၊ ချွန်ပူရီနှင့် ဖူးခက်ဒေသ တခုခုသို့ တစုံတယောက်က ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ထိုင်းတာဝန်ရှိသူများက ခန့်မှန်းထားသည်။

ပဒေါင်လူမျိုးများ နေထိုင်ရာ ကျေးရွာများတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါးသွားခြင်းကြောင့် ရပ်တည်ရန် အခက်အခဲများ ဖြစ်ပေါ်လျှက် ရှိသည်။

ပဒေါင်များသည် ကယား (ကရင်နီ) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အခြေချ နေထိုင်ကြကာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုခန့်က မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။


နအဖ ဖမ်းဆီးသွားသူသည် ကေအန်ယူ အဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆို

သန်းထိုက်ဦး
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းပိုင်နက်ထဲကို ဝင်ရောက်ကာ မြန်မာစစ်သားများက ဖမ်းဆီးခံနေရသူသည် ကရင်အမျိုးသား အစည်းအရုံး အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအန်ယူက ယနေ့ ငြင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအနီး၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က နအဖ စစ်သားများက ကေအန်ယူမှ မူးယစ်ဆေးဝါးရေး နှိမ်နင်းရေးအဖွဲ့မှ ဒုဗိုလ်ပူးပူးအား ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုပေးနိုင်တာက အဖွဲ့အစည်းနဲ့ မပတ်သက်ဘူးဆိုတာ ပေးနိုင်တယ်” ဟု ကေအန်ယူ ဗဟို ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှငွေက မဇ္ဈိမကို ပြောသည်။

ကေအန်ယူမှ ဒုဗိုလ် ပူးပူး အား မဲဆောက် ချစ်ကြည်ရေး တံတားအနီးအနား တနေရာသို့ နအဖ စစ်သားများက ချိန်းဆိုသဖြင့် ရောက်ရှိလာချိန်တွင် အရပ်ဝတ်ဖြင့် လူ ၆ ဦးခန့်က မေ့မြောသည်အထိ ဝိုင်းဝန်းရိုက်နှက်ပြီး မှန်လုံကားတစီးဖြင့် မြန်မာနိုင်ငံ မြဝတီဘက်ကမ်းသို့ ခေါ်ဆောင်သွားသည် ဟူသည့် သတင်းကို ကေအန်ယူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ပဒိုစောလှငွေက “သူက ကေအန်ယူ အသိုင်းအဝိုင်းက ခေါင်းဆောင်ပိုင်းတွေဆီမှာတော့ ဝင်ထွက်သွားလာတာ ရံဖန်ရံခါတော့ ရှိကောင်း ရှိမယ်။ သို့သော်လည်း တာဝန်အရ အဖွဲ့အစည်းက ဆိုလို့ရှိရင်တော့ ဘာမှ မဆိုင်တော့ဘူးလို့ ကျနော် ပြောချင်တယ်” ဟု ပြောသည်။

အဖမ်းခံရသူသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်ချိန်က ကေအန်ယူနှင့် ပါဝင်ဆောင်ရွက်သူ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကေအန်ယူ အဖွဲ့အစည်းနှင့် မပတ်သက်သည်မှာ ကြာမြင့်ခဲ့ပြီဟု သူက ဆက်ပြောသည်။

ပဒိုစောလှငွေက “သူက တခါတခါ မယ်လ ဒုက္ခသည်စခန်းတွေမှာလည်း နေတယ်လို့ သိရတယ်။ အပြင်ထွက်ပြီးတော့ ကျဘမ်းအလုပ်တွေလည်း လိုက်ပြီးတော့ လုပ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း မြန်မာစစ်သားများက ဝင်ရောက် ဖမ်းဆီးနေချိန်၌ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကေအန်ယူမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူသွားခဲ့သည့် ကေအင်ယူ-ကေအင်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော တပ်ဖွဲ့မှ အရာရှိအချို့သည် ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းလာသည်။

ဗိုလ်ချုပ်ထိန်မောင်၏ သမက် စောလယ်မူး လုပ်ကြံခံရမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ၍ ဒု ဗိုလ်မှူးကြီး စောဂေထူးနှင့် နောက်လိုက်အချို့က ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates