Monday, July 21, 2008

အာဇာနည်နေ့ အခမ်းအနားများ အတိုက်အခံများ ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 23:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ မိတ်ဖက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြား သတင်းထောက် တက်ရောက်ကြသည်။

မိတ္ထီလာ၊ ရေနံချောင်း၊ မန္တလေး၊ အောင်လံ၊ မှော်ဘီမြို့နယ်များရှိ အဖွဲ့ချုပ် ရုံးများတွင် ကျင်းပသလို အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း အတိုက်အခံများက အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂါရဝပြု အခမ်းအနားများ ကျင်းပခဲ့ကြသည်။

မိတ္ထီလာမြို့ အဖွဲ့ချုပ်က လွမ်းသူပန်းခွေကို အာဇာနည်ကျောက်တိုင်တွင် လုပ်ရန် ခွင့်တောင်းခြင်းကို အာဏာပိုင်များက ပိတ်ပင်၍ ဘုန်းကြီးဆွမ်းကပ်ခြင်းနှင့် ရုံးတွင်း အခမ်းအနားသာ ပြုလုပ်ခဲ့ရသည်။

“အာဏာပိုင်တွေက နေပြည်တော်နဲ့ ဗဟိုက လွဲပြီးတော့ ဘယ်မှ လုပ်ဖို့ အစီအစဉ် မရှိပါဘူးပြောတယ်။” ဟု မိတ္ထီလာ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

အာဏာပိုင်များက မိတ္တီလာမြို့တွင် လုံခြုံရေးများ ထူးကဲစွာချထားပြီး လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အလားတူပင် ရေနံချောင်းမှာလည်း အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

“ကျဆုံးသွားတဲ့ အာဇာနည်များရဲ့ ကိုယ်ကျိုးစွန့် စိတ်ဓာတ်ကို နောင်လာနောက်သားတွေ သိဖို့လုပ်ရမယ် ဖော်ထုတ်ရမယ်။ ကျေးဇူးကို ဆပ်ရမယ်။ မစားဘဲနဲ့ စွန့်သွားတဲ့ ပုဂ္ဂိုလ်တွေ ကို မစွန့်ဘဲနဲ့ စားတဲ့ လူတွေကို ဘာလို့ မနာလိုနေရတာလဲ မသိဘူး” ဟု ရေနံချောင်း အဖွဲ့ချုပ် ဒုဥက္ကဌ ဖြစ်တဲ့ ဒေါ်ခင်စောဌေးက ပြောသည်။

အဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပြန်လွတ်ပေးရန် ထပ်မံ တောင်းဆိုလိုက်ပြီး ဖျက်သိမ်းခံ နိုင်ငံရေး ပါတီများအား တရားဝင် ပြန်လည်ဖွဲ့စည်းခွင့်၊ စည်းရုံး လှုံ့ဆော်ခွင့်များ ပေးရန် တောင်းဆိုခဲ့ကြသည်။


အန်အယ်လ်ဒီရုံးတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 19 2008 12:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အာဏာပိုင်များ စောင့်ကြည့်နေသည့်ကြားက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပနေဆဲ ဖြစ်သည်။

အနည်းဆုံး အင်အား တထောင်ကျော်ရှိသော ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စွမ်းအားရှင်၊ လုံထိန်းရဲနှင့် မီးသတ်တို့က အဖွဲ့ချုပ် ရုံးတဝိုက်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ လမ်းမကို ပိတ်ဆို့ စောင့်ကြပ်နေခဲ့သည်။ အဖွဲ့ချုပ်ရုံးသို့ သွားရာလမ်းများတွင် ယာဉ်သွားလာမှု ပိတ်ပင်ထားပြီး လမ်းလျှောက်၍သာ ဖြတ်သန်း သွားလာခွင့်ရှိပြီး ဒေါ်စုနေအိမ် သွားရာလမ်းကို အပြင်လူ ဖြတ်သွားလာခွင့် ပိတ်ပင်ထားသည်။

သို့သော်လည်း ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အဖွဲ့ချုပ်ဝင် ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု တက်ရောက်ခဲ့သူ ပါတီဝင် လူငယ်တဦးက ပြောသည်။

“ကျနော်တို့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဓမ္မရုံမှာ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၈ စီးလောက်ရှိပြီး ကျောက်ဆည် ဓမ္မာရုံး လုံထိန်းကားတွေ ရပ်ထားတယ်။ ရွှေဂုံတိုင်လမ်းကို ရုံးဘက်ကိုဝင်တဲ့ ကားလမ်းကို ပိတ်ထားတယ်။ ပြည်လမ်းကနေ ရုံးဘက်ကိုဝင်တဲ့ လမ်းကို ပိတ်ထားတယ်။ ထွက်ရင် ထွက်လို့ ရတယ်။ အဲဒီဘက်မှာလည်း စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကားများ ၁၅ စီးလောက် ရပ်ထားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်း နှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

“ထူးခြာတာကတော့ ရပ်မိရပ်ဖတွေ လိုပြောပေမဲ့လည်း လာတဲ့သူတွေက စနစ်တကျ ကားတွေဘာတွေနဲ့ စုစည်းပြီးတော့ လာကြတယ်ဆိုတော့ လူတစု အဖွဲ့တခုကနေပြီးတော့ စီစဉ်တဲ့ သဘောရှိတယ်။ အရင်တုန်းက ကားနံပါတ်တွေကို ဒိုင်နာတွေမှာ အရင်တုန်းက ဗျောင်ရေးထားပေမဲ့လည်း အခုဟာက နံပါတ်ပြားတွေ ဖြုတ်ထားတယ်။ လိုင်းနာမည်ကိုလည်း စတစ်ကာနဲ့ ပိတ်ထားတယ်” ဟု သူက ဆက်ပြောသည်။

ရွှေတိဂုံဘုရားသို့ တက်ရာလမ်းကြောင်းများတွင်လည်း အစစ်အဆေးများ ပိုက်စိတ်တိုက် လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံထိန်းများက စောင့်ဆိုင်းနေခဲ့ကြသည်။

ဗိုလိချုပ်ပြတိုက်ကို ယနေ့ ဖွင့်လှစ်ထားခဲ့ရာ လာရောက် ကြည့်ရှုသူများ ရှိခဲ့သည်။ ပြတိုက်အပေါ်ထပ်သို့ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး နာဂစ်မုန်တိုင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း နေခဲ့သော အိမ်သည် ပျက်စီး ထိခိုက်မှုများ ရှိခဲ့သည်ဟု ပြတိုက် တာဝန်ရှိသူများ အပြောအရ သိရသည်။


နိုင်ငံခြားသားများ နာဂစ်ဒဏ်သင့်ဒေသများ သွားလိုလျှင် စစ်ရုံး ခွင့်ပြုချက်လို

နန်းဒေဝီ
သောကြာနေ့၊ ဂျူလိုင်လ 18 2008 19:41 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း အတွင်းရှိ နာဂစ် လေဘေးသင့် ဒေသများ သွားမည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားသည်။

ခရီးသွားလုပ်ငန်း ကုမ္ပဏီများသို့ ဝန်ကြီးဌာန၏ ညွန်ကြားချက်တွင် လေဘေးသင့်ဒေသများသို့ ဝင်ရောက်လိုသူ နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီများကတဆင့် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှသာ ဝင်ရောက်ခွင့် ပြုမည်ဟု ပါရှိသည်။

“ကျနော်တို့ အဓိက ညွန်ကြားတယ်ဆိုတာက ယေဘုယျ ခြုံပြီးတော့ မိမိသဘောနဲ့ မိမိ သွားလာခြင်းမပြုရန် ဆိုတာလောက်ပါပဲ။ ကုမ္ပဏီတွေကို ညွန်ကြားတယ်ဆိုတာကလည်း သီးခြားအလွတ်သွားတဲ့ ဟာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ဖို့၊ ကိုယ့်သဘောနဲ့ကိုယ် သွားတာ မလုပ်ဖို့ ပါ။ အဲဒီမှာ ဒေသခံဆိုင်ရာ အာဏာပိုင်တွေက တားမြစ်တဲ့ ကိစ္စလေးတွေ ရှိတယ်။ စစ်ရုံး (ကာကွယ်ရေး ဝန်ကြီးဌာန) ရဲ့ ခွင့်ပြုချက်မပါဘဲ မသွားရဘူး။” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးလှိုင်မြင့် က မဇ္ဈိမသို့ ပြောပြသည်။

ကြိုတင်ခွင့်ပြုချက် တောင်းခံရာတွင် ကုမ္ပဏီများက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ကို လျှောက်လွှာ တင်ရမည်ဖြစ်ကာ ခွင့်ပြုချက်ပေးမှသာ သွားရောက်နိုင်မှာ ဖြစ်သည်။

“ကျနော်တို့ကတော့ ခရီးသွားကုမ္ပဏီတွေက တင်လာတဲ့ Package တွေကို ကျနော်တို့ ဆီတင်ရပါတယ်။ ကျနော်တို့က ဝန်ကြီးရုံးကို တင်ရပါတယ်။ နောက်ဆုံး စစ်ရုံး ကို ခရီးသွားခွင့် ဆက်တင်လိုက်တာပေါ့။ စစ်ရုံးက ကျနော်တို့ဆီက တင်ပေးလိုက်ရင် ခွင့်ပြုလိုက်တာပါဘဲ။ အဲဒါပါရင် ဘာမှအနှောင့်အယှက် မရှိဘူးပေါ့” ဟု ဦးလှိုင်မြင့်က ပြောသည်။

နိုင်ငံအတွင်း လက်နက်ကိုင် သူပုန်များနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိရာ ဒေသများ၊ အစိုးရ ကွပ်ကဲမှု အားနည်းရာ ဝေးလံခေါင်ဖျား ဒေသများနှင့် သီးခြား ကန့်သတ်နယ်မြေများကို နိုင်ငံခြားသားများ သွားလာခွင့် ပိတ်ပင်ထားပြီး အထူးခွင့်ပြုချက် ရယူရသည်။ ကန့်သတ်နယ်မြေများတွင် စစ်ဘက်ဆိုင်ရာ နယ်မြေများ ပါဝင်သည်။

ရန်ကုန်ရှိ အမည်မဖော်လိုသူ ခရီးသွား လုပ်ငန်းရှင်တဦးကမူ “နိုင်ငံခြားသားတွေ အများစုက ဧရာဝတီတိုင်းဘက် သွားချင်ရင် NGOs တွေကနေတဆင့် စီစဉ်သွားတာ များတယ်။ ကျနော်တို့ Tour Company တွေကနေ သွားလေ့ သိပ်မရှိဘူး။ ကုမ္ပဏီက ကားတွေကိုတော့ အဲဒီသွားဖို့ ငှါးလေ့ရှိတယ်။ အဲဒီအတွက်တော့ ဝန်ကြီးဌာန၊ ပြည်ထဲရေး ကို စာတင်ရတာတော့ ရှိတယ်၊ ခွင့်ပြုချက်ကျဖို့တော့ ၂ ပတ်ကနေ တလလောက်ကြာတယ်” ဟု သူကပြောသည်။

သို့သော် နိုင်ငံခြားသား ဧည့်သည်များ အနေဖြင့် လေဘေး ဒုက္ခသည်များအား လှူဒါန်းမည့်အပေါ် ကန့်သန့်ထားခြင်း မရှိကြောင်း ယခုလို ဆက်၍ ပြောသည်။


အာဇာနည်နေ့ကို မဖြစ်မနေ ကျင်းပသွားမည်ဟု အန်အယ်ဒီ ပြောကြား

သန်းထိုက်ဦး၊ မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008 17:04 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အာဏာပိုင်များဘက်မှ နှောက်ယှက် ကန့်သတ်မည့် အရိပ်ရောင်များ ရှိနေသော်လည်း မနက်ဖြန် ကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားကို အောင်မြင်သည်အထိ ကျင်းပသွားမည်ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ဗဟိုရုံးချုပ်၊ ရွှေတိဂုံ၊ ဆူလေးဘုရား အနီးတဝိုက်နှင့် အာဇာနည်ကုန်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း မနက်ဖြန် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရုံးချုပ်တွင် မဖြစ်မနေ ကျင်းပရန် စီစဉ်ထားရှိခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက်မွေးနေ့ ကျင်းပစဉ်ကကဲ့သို့ပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ဝင်ရောက် ရိုက်နှက်ခြင်းများ ပြုလုပ်သကဲ့သို့ ယခုလည်း အလားတူ လုပ်လာမည်ဟူသော စိုးရိမ်ချက်မှုများလည်း တက်ကြွ လှုပ်ရှားသူများအကြား ဖြစ်ပေါ်နေသည်။

“ကျနော်တို့ အစဉ်အလာအတိုင်း နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်မယ်ဆိုရင်တော့ နှောင့်ယှက် လာနိုင်စရာတွေတော့ ရှိတယ်။ သို့သော်လည်း နှောင့်ယှက်ခြင်း မနှောင့်ယှက်ခြင်းက သူတို့အပိုင်းပေါ့။ ကျနော်တို့က ဥပဒေနဲ့အညီ ကျနော်တို့ ရုံးခန်းထဲမှာ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုမယ့် အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်ကြမယ်၊ အောင်မြင်အောင် လုပ်မယ်” ဟု အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးမှ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို ရုံးချုပ်တွင် ကျင်းပရာ အာဏာပိုင်များ၏ ရှေ့မှောက်၌ပင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက ရုံးဝန်းအတွင်း ဝင်ရောက်ကာ ပါတီဝင် နှစ်ဦးနှင့် အခမ်းအနား တက်ရောက်လာသူ နှစ်ဦးသည် ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသည်။

နှစ်စဉ် ရန်ကုန်မြို့တွင် ကျင်းပမြဲဖြစ်သော နိုင်ငံတော်အဆင့် အခမ်းအနားကို မြို့အဆင့်သို့သာ လျော့ချလိုက်သည်။ ယဉ်ကျေးမှုဝန်ကြီး အစား ရန်ကုန်မြို့တော်ဝန်သာ တက်ရောက်မည်ဟု ဒီပီအေ သတင်းတပုဒ်က ဖော်ပြထားသည်။ နိုင်ငံခြား သံတမန်များကိုလည်း ဖိတ်ကြားပြီးမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။

ထိုသို့ ဖြစ်ထွန်းမှုများက အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းတကွ လွတ်လပ်ရေး သူရဲကောင်း ၉ ဦးကို ဂါရဝပြုခြင်းအပေါ် အာဏာပိုင်များဘက်မှ နှောက်ယှက်ရာတွင် မမြင်တွေ့လိုစေလိုသဖြင့် လုပ်ဆောင်သည်ဟု အတိုက်အခံ အသိုင်းအဝိုင်းတွင် ယုံကြည်နေကြသည်။

ဒေါက်တာဝင်းနိုင်က “နအဖ စစ်အစိုးရ အနေနဲ့ လုံခြုံရေးတင်းကျပ်တဲ့ အဆင့်ထက် တင်းကျပ်ပြီးတော့ ရန်စကျုးကျော် အကြမ်းဖက် ရိုက်နှက်တဲ့ အဆင့်မျိုးထိ ရောက်လာတာပါ။ ဒါပေမဲ့ ကျနော်တို့ကတော့ လူတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အခမ်းအနားကို အောင်အောင်မြင်မြင်နဲ့ ပြီးဖို့ ရည်ရွယ်ထားတယ်” ဟု ပြောသည်။

အာဏာပိုင်များက ယနေ့တွင်မူ ရုံးချုပ် အနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးကို တိုးမြှင့်ချထားသည်။

မနက်ဖြန် နံနက်အစောပိုင်းတွင် ရုံးချုပ်၌ သံဃာတော်များအား အာရုဏ်ဆွမ်း ကပ်လှူပြီး ၁ဝ နာရီ ၃၇ မိနစ်တွင် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုမည်ဖြစ်ကာ နေ့လယ် ၁၂ နာရီတွင် အခမ်းအနားကို စတင် ကျင်းပသွားမည်ဟု သိရသည်။

အခမ်းအနားသို့ နိုင်ငံခြား သံတမန်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အဖွဲ့ဝင်များ၊ အခြား နိုင်ငံရေး ပါတီများနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ တက်ရောက်ရန်အတွက် ဖိတ်ကြားပြီး ဖြစ်သည်။

ဒေါက်တာဝင်းနိုင်က “သူတို့ ဝင်ပြီးတော့ ရိုက်တယ်၊ နှက်တယ်။ ပြောရရင်တော့ အင်ဒိုနီးရှားက မဂ္ဂါဝဒီ ဆူကာနိုပူတြီတို့ ပါတီကို ရုံးထဲ အကြမ်းဖက် ဝင်ရောက် ရိုက်နှက်တာမျိုးတွေ၊ အခု ဇင်ဘာဘွေမှာ ဖြစ်နေတဲ့ အတိုက်အခံ ပါတီဝင်တွေကို ရိုက်နှက်တာမျိုးတွေ ရှိနေတယ်ဆိုတော့ သူတို့ လုပ်ချင်လည်း လုပ်မှာပေါ့။ ဒေါ်စုမွေးနေ့တုန်းက သက်သေပြနေတာက ရုံးထဲဝင်ရောက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်ဆိုတော့ လက်စလက်န ရှိနေတဲ့ သူတွေကို မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး” ဟု ပြောသည်။

ဝါရင့် နိုင်ငံရေး သမားကြီးများအဖွဲ့မှ သခင်ချန်ထွန်းက ဓဒေါ်အောင်ဆန်းစုကြည် သွားလာနေတုန်းလည်း ရိုက်လာတာပဲ။ ဒီပဲယင်းမှာတုန်းကလည်း လူဦးရေ အများကြီး သေတာတို့၊ ကားတွေ အများကြီး မီးရှို့ခံရတာတို့၊ အများကြီးပဲ။ ဒါတွေက သမိုင်းမှာ မကောင်းတဲ့ အချက်တွေပဲ၊ အမဲကွက်ကြီးတွေပဲ။ ဖျောက်ဖျက်လို့မရတဲ့ ကိစ္စတွေပဲ။ ဒါမျိုးတွေကို အမှန်ကတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ အစိုးရအနေနဲ့၊ တပ်မတော် ခေါင်းဆောင်ကြီးတွေအနေနဲ့လည်း ထိန်းသိမ်းပေးဖို့၊ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်များရုံး၌ အစိုးရအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေစဉ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီး ၉ ဦးမှာ ပြိုင်ဘက် နိုင်ငံရေးသမား ဂဠုန်ဦးစော၏ လူများက လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

အန်အယ်ဒီ အဖွဲ့ချုပ်ဝင် ၄ ဦး ဖမ်းဆီးခံရ

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 18 2008 15:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင် ၄ ဦးကို ယမန်နေ့ညပိုင်းတွင် အာဏာပိုင်များက နေအိမ်များသို့ လာရောက် ဖမ်းဆီးသွားသည်။

ဒဂုံမြို့သစ် လူငယ်တာဝန်ခံ ကိုသီဟန်၊ မထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ဦးမြင့်ဌေး (တာမွေ) နှင့် ဆက်သွယ်ရေးမှ ကိုဝင်းမြင့်မောင် (ခရမ်း) တို့ကို ယမန်နေ့ည ၁ဝ နာရီခန့်က နယ်မြေခံ အထူးရဲတပ်ဖွဲ့များမှ မေးမြန်းရန် ရှိသည်ဟုဆိုကာ နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“၁ဝ နာရီခွဲမှာ လူကြီးတွေ လာပြီးတော့ ခဏ မေးမြန်းစရာ ရှိလို့ပါတဲ့။ ကျမ မေးလိုက်တယ်။ ပွင့်ပွင့်လင်းလင်း ပြော၊ ဖမ်းတာလားဆိုတော့ ဖမ်းတာ မဟုတ်ပါဘူး၊ ခဏ ခေါ်သွားမလို့ပါ၊ မေးစရာလေး ရှိလို့ပါပေါ့နော်။ ကျမ မယုံကြည်နိုင်ဘူး။ စိတ်ချပါတဲ့။ ကျနော် အာမခံပါတယ်ဆိုပြီး ဖေဖေ့ကို ခွင့်တောင်းပြီးတော့ ခေါ်သွားတယ်” ဟု ကိုသီဟန်၏ အမဖြစ်သူ မယဉ်ယဉ်ထိုက်က ပြောသည်။

ဒဂုံမြို့နယ်မှ အထူး ရဲတပ်ဖွဲ့ဝင်များက နေအိမ်ဝန်းကျင်တွင် လုံခြုံရေးများ စောင့်ကြပ်ထားပြီး သတင်းတပ်ဖွဲ့ ရုံးချုပ်မှ ဦးဆွေလင်း၊ ဒဂုံမြို့နယ် ၁၉ ရက်ကွက်မှ ရယက ဥက္ကဋ္ဌ၊ ၅၄ ရက်ကွက်မှ စွမ်းအားရှင် ခေါင်းဆောင် ကိုခင်မြင့်ဦးတို့ ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ကာ ခေါ်ဆောင်သွားသည်။

ဦးမြင့်ဌေးဇနီးက ဓညက ၉ နာရီခွဲလောက်မှာပေါ့နော်။ ကျမ အမျိုးသားက အပြင်သွားနေတာ။ ကိုမြင့်ဌေးနဲ့ တွေ့ချင်တယ်ဆိုပြီး ထိုင်စောင့်နေကြတာ။ ၁ဝ နာရီခွဲလောက် ကျမ အမျိုးသားက ရောက်လာပြီး သူတို့က ခဏပါ အာဇာနည်နေ့အကြောင်း မေးစရာ ရှိလို့ပါတဲ့။ ကျမလည်း အဝတ်အစားတွေ ထည့်ပေးလိုက်တော့ ခေါ်သွားတယ်။ ကျမ အမျိုးသားကို သူတို့ပြောတာက ပြည်ထဲရေးကိုပဲ ခေါ်သွားမှာပါ။ ဘယ်မှ မခေါ်သွားပါဘူးလို့ ပြောတယ်လေ” ဟု ပြောသည်။

ဦးမြင်ဌေးကို လာရောက် ဖမ်းဆီးသူများသည် တာမွေမြို့နယ် အထူး ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဌာနမှ ဒုရဲအုပ်တဦး အပါအဝင် ဒေသအာဏာပိုင် ၈ ဦးခန့်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ခရမ်းမြို့နယ်မှ အဖွဲ့ချုပ် ဆက်သွယ်ရေး တာဝန်ခံ ကိုဝင်းမြင့်မောင်သည် ယမန်နေ့က အမဖြစ်သူ နေထိုင်သည့် သန်လျင်မြို့သို့ သွားရောက် တည်းခိုနေစဉ် ဒေသအာဏာပိုင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေး တာဝန်ခံတဦးက ပြောသည်။

သံလျင်မြို့ရှိ လူငယ်တာဝန်ခံ မလှလှဝင်းကိုမူ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းဦးက အာဇာနည်နေ့တွင် မည်ကဲ့သို့ ကျင်းပမည်ကို မေးမြန်း စစ်ဆေးခဲ့သလို၊ ယခုအခါ လေ့လာ စောင့်ကြည့်မှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့တွင်လည်း အဖွဲ့ချုပ်ဝင်များက ဗဟန်းမြို့နယ် ရုံးချုပ်၌ အခမ်းအနား ကျင်းပနေစဉ်နှင့် ခေါင်းဆောင်ဖြစ်သူ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ သွားရောက်နေစဉ် အတွင်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အဖွဲ့ချုပ်ဝင် ၁၄ ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။

သူတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က သူတို့ကို ဥပဒေနှင့် ဆန့်ကျင်သည့် ၅ ဦးထက် မနည်းသော လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ၅ဝ၅ (ခ) တို့ဖြင့် တရားစွဲလိုက်သည်။


အာဇာနည်များအတွက် ငှက်လွှတ်ပွဲကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 18 2008 13:38 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် ကျောင်းသားပြည်သူများနှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် ရည်စူးကာ ကောင်းမှုကုသိုလ် ပြုသည့်အနေဖြင့် ဝါဆိုသင်္ကန်းကပ်ပွဲနှင့် ငှက်လွှတ်ပွဲကို ယမန်နေ့က ရန်ကုန်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၁၅ ဦးက ပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်နေ့ ကျရောက်သည့် ယမန်နေ့က နံနက် ၆ နာရီခန့်တွင် သံဃာတော်များကို သင်္ကန်းကပ်လှူပြီး နံနက် ၁၁ နာရီခန့်တွင် မဟာဝိဇယ စေတီတော်၌ စာကလေးကောင်ရေ ၁၅ ကောင် လွှတ်ပေးကာ ကျဆုံးလေပြီးသော ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် ရည်ရွယ်ပြီး မဟာဝိဇယ စေတီတော်တွင် ကောင်းမှုကုသိုလ် ပြုခဲ့ကြခြင်း ဖြစ်သည်။

“ခေတ်အဆက်ဆက်မှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူတွေကို ရည်စူးပြီးတော့ ကျနော်တို့ ရဲဘော်အိမ်မှာ မနက် ၆ နာရီက အာရုံဆွမ်းနဲ့ ဝါဆိုသင်္ကန်းကို ကပ်လှူခဲ့တယ်။ နေ့လယ် ၁၁ မှာ အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်စူးပြီး ငှက်တွေ လွှတ်ခဲ့တယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေး အရပ်ဝတ် ထောက်လှမ်းရေး၊ အရပ်ဝတ်နယ်ထိန်းနဲ့ ရဲအရပ်ဝတ်တွေက စောင့်နေတဲ့အတွက် မဟာဝိဇယကို ပြောင်းလဲ လုပ်လိုက်တယ်” ဟု ပြောသည်။

မနက်ဖြန်တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ လူစည်ကားသည့် နေရာများ၊ လမ်းဆုံလမ်းခွများတွင် လက်နက်ကိုင် စစ်သားများကို လုံခြုံရေး တိုးချဲ့ချထားသလို၊ ဆူးလေဘုရားနှင့် ရွှေတိဂုံဘုရား အနီးတွင်လည်း အရပ်ဝတ် လုံခြုံရေးများ ထူထပ်စွာ ချထားကြောင်း အဖွဲ့ဝင် အခြား လူငယ်တဦးကလည်း ယခုလို ပြောပြသည်။

သူက “ဘုရားတွေမှာ အရပ်ဝတ် နယ်ထိန်းတချို့နဲ့ အရပ်ဝတ်ရဲတွေကို တွေ့ရပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ ကျနော်တို့ ဒီကနေ့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ လုံခြုံရေးတွေကတော့ မနေ့ကစပြီး ထပ်တိုးလိုက်တာကို တွေ့ရတယ်။ လမ်းထောင့် တော်တော်များများမှာ စစ်သားတွေ လိုက်ချထားတယ်” ဟု ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates