Friday, July 18, 2008

မစၥတာဂမ္ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 22:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူ အတိုက်ခံများက တိုးတက်မှုဖြစ်ဖွယ် မရှိကြောင်း ယနေ့ ဝေဖန်လိုက်ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ နောက်လ သြဂုတ်လလယ်ပိုင်း၌ မြန်မာစစ်အစိုးရက လာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည့်အပေါ် ယခုလို ဝေဖန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“မစ္စတာ ဂမ်ဘာရီက သူ့ရဲ့ တာဝန်တွေကို ပေါ်လွင်အောင်၊ ပီပြင်အောင် ဆောင်ရွက်ခဲ့တာလည်း မရှိဘူး။ ဒီနေ့အထိပေါ့နော်။ ဂမ်ဘာရီ အပါအဝင် ကုလသမဂ္ဂက ကိုယ်စားလှယ်တွေလာလို့ မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲသွားတာ၊ အလှည့်အပြောင်းတခု ဖြစ်လာတာ မရှိဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့က အခုလာမယ့် ဂမ်ဘာရီရဲ့ ခရီးစဉ်ကို မမျှော်လင့်တာပါ” ဟု ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

စီအာပီပီသည် ၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီအချို့မှ ရွေးချယ်ခံရသူ လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုဖြင့် လွှတ်တော် ခေါ်ယူရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့ကြီးဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးကလည်း “ဂမ်ဘာရီရဲ့ ခရီးစဉ်အရ သူက နိုင်ငံရေး လုပ်ငန်းတွေကို အထူးသဖြင့် လုပ်တာဖြစ်တဲ့အတွက် နိုင်ငံရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ ထွေထွေထူးထူး အကျိုးရလဒ်တွေကတော့ ဖြစ်မယ်လို့တော့ ကျနော် မထင်ဘူး” ဟု ပြောသည်။

တိုင်းရင်းသားပါတီ တခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်ကလည်း “သူက လာတယ်ဆိုတဲ့အခါမှာ နှစ်ဖက်စလုံး မျှတအောင်လုပ်တာ သိပ်မတွေ့ဘူး။ သူက နအဖ ဘက်ကို လိုက်တယ်။ ဆန္ဒခံယူပွဲ အောင်မြင်ဖို့၊ နောက်ပြီးတော့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့၊ ဒေါ်စုကိုလည်း အဲဒီထဲမှာ ပါနိုင်ဖို့ ဘာညာ ဒီလောက်ပဲ သူပြောနေတယ်ဆိုတော့ ကျနော်တို့နဲ့ ဘာမှ စေ့စပ်မှု မရှိဘူးလို့ ကျနော် ပြောချင်တယ်” ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလအတွင်းက သွားရောက်ရန် ရှိခဲ့သော်လည်း မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် စစ်အစိုးရက ရက်ရွှေ့ဆိုင်းခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးနောက်ပိုင်း မစ္စတာ ဂမ်ဘာရီသည် အရှေ့တောင် အာရှနိုင်ငံများသို့ ၃ ကြိမ် သွားရောက်ခဲ့သလို၊ မြန်မာစစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံပွဲများ ဖြစ်မြောက်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်လည်း ယခုလို တွေ့ဆုံမှုများမှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်ရွယ်သည့် မည်သည့် အကျိုးဖြစ်ထွန်းမှု ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း နိုင်ငံရေး အကဲခတ်များနှင့် မြန်မာ့အရေး လှုပ်ရှားသူများက ပြောဆိုခဲ့ကြသည်။


မိုးစပါးစိုက်ရန် အချိန်နှောင်းသော်လည်း မစိုက်ပျိုးနိုင်သေး

ဝိုင်းပီး
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 22:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ဘိုကလေးနှင့် လပွတ္တာမြို့များမှ လယ်သမားများ အများစုသည် မိုးစပါးစိုက်ပျိုးရန် အချိန်နှောင်းနေသော်လည်း လယ်ယာလုပ်ငန်းကို ပြန်လည် လုပ်ကိုင်နိုင်ခြင်း မရှိသေးပဲ ဖြစ်နေသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ လယ်သမား ၃ ပုံ ၁ ပုံခန့်သာ လယ်ယာလုပ်ငန်းကို ပြန်လုပ်ကိုင်နိုင်ကြပြီး လယ်ယာလုပ်ကိုင်ရန် အရင်းအနှီးမရှိ၊ စက်ပစ္စည်းများ မလုံလောက်ဘဲ လပွတ္တာမြို့တွင်မူ လယ်သမားအများစုမှာ အလုပ်သမား ငှါးမရခြင်းနှင့် လယ်စိုက်မည့် မိသားဝင်အများစု သေဆုံးကုန်သဖြင့် မိုးစပါး ရာသီနှောင်းနေသော်လည်း စိုက်ပျိုးရန် အခက်တွေ့နေကြခြင်း ဖြစ်သည်။

“ဘိုကလေးမှာတော့ မိုးစပါးစိုက်ဖို့ အချိန်နောက်ကျတော့မှ အချိန်လုပြီး လုပ်ရတော့မယ့် အချိန်မှာတောင် လယ်သမားတွေရဲ့ ၃ ပုံ ၂ ပုံလောက်က လယ်ယာကို ပြန်မလုပ်နိုင်တော့ဘူး။ အရင်းအနှီးတွေ၊ စက်ပစ္စည်းတွေ အလုံအလောက် မရှိကြလို့” ဟု ဘိုကလေးမြို့မှ စပါးကုန်သည်တဦးက ပြောသည်။

အချို့ လယ်သမားများသည် လယ်ယာလုပ်ငန်း ကိုယ်ပိုင်လုပ်ကိုင်ခဲ့သူများ ဖြစ်သည့်အတွက် ယခုအခါ အလုပ်လက်မဲ့ ဖြစ်ရသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ မိမိကျေးရွာတွင်ပင် မနေချင်ကြတော့ဘဲ မြို့ပေါ်တက်ကာ လက်လုပ်လက်စား ကျပန်းသမားဘဝနှင့် မျှော်လင့်ချက် မဲ့နေသူများ ရှိသည်ဟု ဘိုကလေးမြို့မှ လယ်သမားတဦးက ပြောသည်။

ဇနီးသည်နှင့် ကလေး ၂ ဦးဆုံးပါးသွားကာ တဦးတည်း ကျန်ရစ်ခဲ့သူ ဘိုကလေးမြို့ မြင်းဂကုန်းကျေးရွာမှ လယ်သမားက “အိမ်ကလည်း တိုင်လိုက်ကို ကျွတ်ပါသွားတာ လူတောင် ကျောချစရာ နေရာမရှိဘူး။ လယ်လုပ်ဖို့ ဝေးရော” ဟု ပြောသည်။

လပွတ္တာမြို့ရှိ လယ်သမားအများစုမှာမူ အလုပ်သမား ငှါးမရခြင်းနှင့် အချို့ လယ်ပိုင်ရှင်များမှာ မိသားစုတွင် တဦးတည်း ကျန်ရစ်ခဲ့ရသည့်အတွက် မိသားစု စုရုံးလုပ်ဆောင်ခဲ့သည့် လယ်လုပ်ငန်းကို ပြန်လုပ်နိုင်ရန် စိတ်ဓာတ်ခွန်အား မရှိခြင်းတို့ကြောင့် လယ်ပြန်လုပ်ရန် အခက်အခဲ ဖြစ်နေသည်ဟု လပွတ္တာမှ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

“အရင်က မိသားစုအားလုံးနဲ့ ပျော်ပျော်ပါးပါး လယ်လုပ်ခဲ့တာ။ အခုတော့ လယ်တောကို ဆင်းကို မဆင်းချင်တော့ဘူး” ဟု သမီးတဦးတည်းသာ ကျန်ရှိတော့သည့် ဖခင်က ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိသားစုများ ကွဲကွာကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည့် ပုံရိပ်များကြောင့် နောက်တကြိမ် လေမုန်တိုင်းများ ပြန်လာနိုင်မလားဆိုသည့် ကြောက်စိတ်များနှင့် လယ်ထဲ မဆင်းရဲသူများလည်း ရှိနေကြောင်း လပွတ္တာဒေသခံ တဦးက ပြောသည်။

သူက “နောက်တကြိမ် လေမုန်တိုင်း လာနိုင်အုံးမလားလို့ မေးမေးနေတာ။ ကြောက်စိတ်တွေ များနေတာလေ” ဟု ပြောသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် World Vision မှ တာဝန်ရှိသူတဦး ဖြစ်သည့် Ashley Clements ကလည်း လပွတ္တာနှင့် ဘိုကလေးတွင် လယ်သမား ၆ဝ ရာခိုင်နှုန်းခန့် လယ်ယာ ပြန်မလုပ်နိုင်သဖြင့် လယ်သမားများ ဘဝ ပြန်လည် ထူထောင်နိုင်ရေး ပြုလုပ်ပေးရန် အရေးကြီးသလို စားဝတ်နေရေးအတွက်လည်း ထောက်ပံ့ရန် လိုအပ်ကြောင်း မဇ္ဈိမကို ယခုလို ပြောသည်။

“လယ်သမားတွေအတွက် အဓိက အရေးကြီးဆုံးကတော့ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေနဲ့ စားဝတ်နေရေးတွေ ဖန်တီးပေးနိုင်ဖို့ပါပဲ” ဟု သူက ပြောသည်။

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဧရာဝတီတိုင်းမှ လယ်သမားများအတွက် အစိုးရမှ လယ်ထွန်စက်များကို ၃ နှစ် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ချထားပေးနေသော်လည်း လယ်သမားတိုင်း မရရှိကြသေးပါ။

လက်တွန်း လယ်ထွန်စက်များကို ဆန်စက်လုပ်ငန်းရှင်များ အသင်းကသာ ကိုင်တွယ်စီစဉ်နေပြီး အိမ်ဂရံ၊ မြေဂရံ၊ ခြံဂရံနှင့် ရက်ကွက်မှ ထောက်ခံစာတို့ဖြင့်သာ အရစ်ကျ ငွေသွင်းစနစ်ဖြင့် ရောင်းချနေမည် ဖြစ်သည်။

“လယ်ထွန်စက်လေးများ ရမလား လာတာ၊ ဂရံမပြနိုင်တော့ မရဘူး” ဟု ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှ လယ်သမားတဦးက ပြောသည်။

လယ်သမားအများသည် ကျေးရွာတောပိုင်းမှ လယ်သမားများ ဖြစ်သည့်အတွက် အိမ်ဂရံ၊ မြေဂရံ၊ ခြံဂရံတို့ မရှိသဖြင့် စက်မရဘဲ စိတ်ဓာတ်ကျကာ ပြန်သွားကြရသည်ဟု သူက ဆက်ပြောသည်။


သိုလှောင်စပါးများ ပျက်စီးလို့ အရှုံးပေါ်

ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 21:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဘိုကလေးမြို့ အထက်ပိုင်းရှိ လယ်သမားများသည် အမြတ်ကောင်း ရရှိရန် သိုလှောင်ထားသည့် စပါးများ နာဂစ်မုန်တိုင်းကြောင့် ရေစိုဆန်ဖြစ်သွားကာ ရောင်းဈေးများ အဆမတန် ထိုးကျသွားသည်။

အသန့်ဆုံးစပါး တင်း ၁ဝဝ လျှင် ၂ သိန်း ၈ သောင်း ဈေးနှုန်း ရှိနေချိန် ရေစိုကာ အနည်းငယ်သာ ပျက်စီးသည့် စပါးက ၁ သိန်း ၂ သောင်း ရှိကာ အဝါရောင်ပင် ထွက်လာသည့် ရေစိုစပါးများကိုမူ သောင်းဂဏန်း အနည်းငယ်ဈေးဖြင့် ဖြတ်ဝယ်ကြောင်းနှင့် အများအားဖြင့် ဝယ်ယူသူများ၏ ပါးစပ်ဖျားတွင်သာ ပေါက်ဈေး ရှိနေသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် လေမုန်တိုင်းကြောင့် လယ်သမားအများစု၏ သိုလှောင်စပါးများသည် ရေစိုကာ အရောင်များ ဝါလာပြီး အရည်အသွေး ကျဆင်းလာခြင်း ဖြစ်သည်။

လယ်ဧက ၃ဝ ကျော်ရှိသည့် မြင်းဂကုန်းကျေးရွာမှ လယ်သမားတဦးကတော့ “ဈေးကောင်းရမလား ဆိုပြီး၊ တင်း ၂ဝဝဝ လှောင်ထားမိတာ၊ အများကြီး အရှုံးပေါ်နေတယ်” ဟု ပြောသည်။

လယ်သမားများသည် နာဂစ်မုန်တိုင်းကြောင့် နွေစပါး (သီးထပ်စပါး) များ ဆုံးရှုံးသွားသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက ချေးငှားခဲ့သည့် အကြွေးများကို ယနေ့ထိ ပြန်မဆပ်နိုင်သေးကြောင်း ပြောဆိုကြသည်။

ယခုလို နွေစပါးများ ပျက်စီးသွားကာ ချေးငွေများ ပြန်မဆပ်နိုင်သည့်အတွက် ပုဂ္ဂလိက ငွေချေးလုပ်ငန်း လုပ်ဆောင်သူများကလည်း မိုးစပါးအတွက် နောက်ထပ် ချေးငွေများကို ထပ်ချေး မပေးနိုင်တော့ပေ။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ လယ်သမားများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အမတော်ကြေး (ခေါ်) တရာသီ တသီးချင်းဆပ် ချေးငွေများကို တဧကလျှင် ကျပ် ၈ဝဝဝ နှုန်းနှင့် ၁၇ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေးပေးနေသည်။

ငွေချေးလိုသည့် လယ်သမားတိုင်း မချေးနိုင်ဘဲ ဘဏ်၏ အသင်းဝင်ဖြစ်မှု၊ ချေးငွေကို ပြန်ဆပ်နိုင်သည့် ပိုင်ဆိုင်မှုစွမ်းအား အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စိစစ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၏ ထောက်ခံစာဖြင့် ငွေချေးခွင့် ရရှိနိုင်သည်။

လယ် ၁ ဧက စိုက်ပျိုးလျှင် ဓာတ်မြေသြဇာဖိုး အပါအဝင် ကျပ်ငွေ ၁ သိန်း ၈ သောင်းဝန်းကျင် ကုန်ကျသည့်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးမှုသည် လုံလောက်မှု မရှိခြင်းကြောင့် ပုဂ္ဂိလိက လုပ်ငန်းရှင်များထံမှ ချေးကာ လယ်ယာများ လုပ်ကိုင်နေရကြောင်း ဘိုကလေးမြို့နယ် မြင်းဂကုန်းကျေးရွာ လယ်သမားက ပြောသည်။

လယ်သမားအများစုသည် သိုလှောင်စပါးများကိုသာ ရောင်းချနေရပြီး နွေစပါးစိုက်စဉ်က ယူထားသည့် အကြွေးများကိုသာ ပြန်ဆပ်နိုင်ရန် ကြိုးစားနေရသည်။


မြန်မာတေးသံရှင် ၂၂ ဦးက လေဘေး ရန်ပုံငွေအတွက် တေးစီးရီးထုတ်မည်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 20:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းသင့် ပြည်သူများ ကူညီထောက်ပံ့ရေး ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ စတူရီယို အဆိုတော် ၂၂ ဦး သီဆိုသည့် တေးစီးရီးတခု မကြာမီ ဖြန့်ချိသွားမည် ဖြစ်သည်။

သီချင်း ၁၅ ပုဒ်ပါဝင်မည့် အဆိုပါ တေးစီးရီးအတွက် ယခုအခါ ရန်ကုန်ရှိ နဝရတ် စတူရီယိုတွင် အင်ပါယာ (Emperor), Plus Three, Aurora နှင့် Spectrum စသည့် ဂီတဝိုင်းများက အဓိက တီးခတ်သွားမည် ဖြစ်ပြီး အသံသွင်းမှုကိုလည်း စတင်နေပြီ ဖြစ်သည်။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပေါက်မြောက် အောင်မြင်ဖို့ထက် ရန်ပုံငွေရဖို့အတွက် ပိုရည်ရွယ်ပါတယ်။ ထို့အတူ အနုပညာသည်တွေ အနေနဲ့ တတပ်တအားပေါ့။ ဒီသီချင်းတွေကို နားထောင်ပြီးတော့ စိတ်ဓာတ်ခွန်အားလေး မုန်တိုင်းသင့် ပြည်သူတွေ ပြန်ပေးနိုင်ဖို့အတွက် ရည်ရွယ်တာပါ၊ ဒုတိယ အချက်ကတော့ ငွေရေးကြေးရေးလေး ရပြီး ပြန်လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အောင်မြင်ဖို့ တွေးမထားပါဘူး” ဟု တေးရေးဆရာနှင့် တေးသံရှင် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

စတူရီယို တေးသံရှင် စည်သူလွင်ကလည်း “လေဘေးသင့် ပြည်သူတွေထဲမှာ ကျနော်တို့ရဲ့ ပရိသတ်တွေ အများကြီးပါမယ်။ ကိုယ်က၊ အနုပညာသည်တွေက ပြည်သူတွေရဲ့ အားပေးမှုနဲ့ ရပ်တည်နေရတယ်။ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့မှာ ပြန်ပြီးတော့ ကူညီရမယ့် ဝတ္တရားရှိတယ်လို့ ခံယူချက်နဲ့ လုပ်တာပါ” ဟု ပြောသည်။

ခေတ်ပေါ်တေးသံရှင် ရင်ဂို၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ထူးအယ်လ်လင်း၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ တင်ဇာမော်၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ မို့မို့ဇော်ဝင်း၊ သံသာဝင်း၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ဇမ်နူး၊ အားမူးနှင့် ကိုင်ဇာတို့ သီဆိုသွားမည် ဖြစ်ကာ ကိုဝေထွန်း (နဝရတ်) က ဦးဆောင် စီစဉ်နေခြင်း ဖြစ်သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကျိုးအမြတ် မယူဘဲ ကူညီသွားမည် ဖြစ်သလို၊ အဆိုတော်များနှင့် တီးဝိုင်း အနုပညာရှင်များကလည်း အခကြေးငွေ မယူဘဲ ရရှိလာမည့် အမြတ်အစွန်းများကို လေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည် ဖြစ်သည်။

ဆောင်းဦးလှိုင်က “မနှစ်က မာလာမုန်တိုင်း ဖြစ်ကတည်းက ရွှေပြည်သာမှာ ရေကြီးသွားတော့ လူတွေ ဒုက္ခရောက်သွားပါတယ်။ အဲဒီတုန်းက ရေးခဲ့တာ သီချင်း သုံးပုဒ် ရေးထားခဲ့တယ်။ ဒီနှစ်မှာ မုန်တိုင်း ထပ်တိုက်တော့ နာဂစ်မုန်တိုင်းအကြောင်း ထပ်ဖြည့်လိုက်တာပေါ့။ နာဂစ်မုန်တိုင်းက ပိုဆိုးတာပေါ့။ ပြည်သူတွေကို အားပေးတဲ့ အနေနဲ့ ဒီ သီချင်းကို ရေးခဲ့တာ ဖြစ်တယ်။ သီချင်းရဲ့ အဓိက အနှစ်သာရကတော့ ပြန်ပြီးတော့ ထူထောင်ကြဖို့ အားပေးတဲ့ သဘောမျိုး ရေးစပ်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။


ကိုထင်ကျော် ၇ ကြိမ်မြောက် တရားရုံးထုတ်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 18:28 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင် တောင်းဆိုခဲ့သည့် ကိုထင်ကျော်ကို ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့မှ ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ရာ ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ရုံးထုတ်ပြီးသွားပြီရှင့်။ ဒီနေ့တော့ စစ်တာ မဟုတ်ဘူး။ စွဲထားတဲ့ ၃ မြို့နယ်က ပန်းပဲတန်း မြို့နယ် အတွက်ကို ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်တယ်။ အခု ပြီးသွားပါတယ်” ဟု ကိုထင်ကျော်၏ ဇနီးသည် မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ပန်းပဲတန်းမြို့နယ်မှာ စွဲတင်ထားတဲ့ ပုဒ်မနဲ့၊ ကိုထင်ကျော် လုပ်ဆောင်ချက်နဲ့၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တခြားစီ ဖြစ်နေတယ်။ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း သူက ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုခြင်းသာ ဖြစ်တယ်။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ကိစ္စတွေ၊ စကားလုံးတွေ ဘာမှ မပါဘူး၊၊ ဒီပုဒ်မက တကျွန်းချနိုင်တဲ့ အနေအထား ရှိတယ်ဆိုတော့ ဒီပုဒ်မဟာ ပြင်းထန်လွန်းတယ်ပေါ့။ ရှေ့နေက လျှောက်လဲပါတယ်” ဟု ပြောသည်။

ကိုထင်ကျော်ကို ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် ဆန္ဒပြမှု၊ ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးက တာဝန်ယူ စစ်ဆေးနေရာ ယနေ့တွင် ပန်းပဲတန်းမြို့နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက်ပေးခဲ့သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်သည့်အပေါ် ဈေးနှုန်းပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်တွင် အများပြည်သူက တောင်းဆိုဆန္ဒပြရန် ကိုထင်ကျော်က တိုက်တွန်း နှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင်လည်း ရန်ကုန် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြသဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့သလို အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးအတွက်လည်း ဆန္ဒပြရာ၌ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ... ကျဆုံးပါစေ” ဟူသည့် ကြွေးကြော်သံကို အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံခဲ့ရသေးသည်။


ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုသူများကို ဆူပူအောင် လှုံ့ဆော်သည်ဟု စွပ်စွဲ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 18:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၁၄ ဦးအား အာဏာပိုင်များက ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဖြင့် တရား စွဲဆိုလိုက်သည်။

အင်းစိန်ထောင်တွင် တလနီးပါး ဖမ်းဆီးခံနေရသည့် အဖွဲ့ချုပ်ဝင်များအား ဗဟန်းမြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်ရာတွင် ဗဟန်း ရဲစခန်းမှူး ဒုရဲအုပ် ဦးခိုင်ဝင်းအောင်မှ တရားလိုအဖြစ် လုပ်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် လူ ၅ ဦးထက်မနည်း လူစုဝေးမှု ပုဒ်မ ၁၄၃ တို့ဖြင့် တရားစွဲလိုက်သည်။

“အန်အယ်ဒီ ရုံးရှေ့မှာ လမ်းပေါ်အထိ ရောက်နေတဲ့ အစုအဝေး ဖြစ်တယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ဆိုတာကို ပိုစတာတွေ ကိုင်ထားတယ်၊ ကြွေးကြော်တယ်ဆိုပြီး ဆူပူမှု ပုဒ်မ နှစ်ခု စွဲတင်ထားတယ်လေ” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

တရားစွဲဆိုခံရသူများမှာ ဗဟန်းမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးထွန်းမြင့်၊ ဦးမောင်မောင်သိန်း (မင်္ဂလာဒုံ)၊ ဦးတင်အုန်း (၈ဝ နှစ် - လှိုင်သာယာ)၊ ဦးစိုးအုန်း (ဗဟန်း၊ တွဲဘက်အတွင်းရေးမှူး)၊ ဦးစံဘော် (၆ဝ နှစ်ကျော် - တွံတေး)၊ ဦးချစ်ခင် (၆၅ နှစ် - တွံတေး)၊ ဦးဌေးအောင် (မရမ်းကုန်း)၊ ဦးမောင်စိန် (မင်္ဂလာဒုံ)၊ ဦးဟန်စိန် (လှိုင်)၊ ကိုကျော်ကျော်ဆန်း (ညောင်လေးပင်)၊ ဦးသိန်းဝင်း (တောင်ဒဂုံ)၊ ဦးမြင့်ဆွေ (ကြည့်မြင်တိုင်)၊ ဦးဆွေမင်း ခေါ် ဘွဲ့အမည် အရှင် ဦးစန္ဓိမာ (လှိုင်မြို့နယ်) နှင့် ရှေ့နေ ကိုရောဘတ်ဆန်းအောင် (မင်္ဂလာတောင်ညွန့်) တို့ ဖြစ်သည်။

တရားခွင်သို့ လာရောက်ခဲ့သော ဦးချစ်ခင်၏ ဇနီး ဒေါ်မေနွဲ့က “သူ (ဦးချစ်ခင်) က ဒေါ်စုမွေးနေ့ကို တက်တာပေါ့။ ဘာမှလည်း မကြွေးကြော်ဘဲနဲ့ အဖမ်းခံရတယ်လေ။ အန်တီကတော့ ဝမ်းနည်းတယ်။ သူက ခေါင်းမူးတတ်တယ်။ အသက်ကြီးတော့လေ။ နောက်လည်း ထောင်ဝင်စာ မပို့ရဘူး ပြောတယ်လေ။ နောက်တပတ်မှ ပြန်လာပြီး တွေ့ရမယ်” ဟု ပြောသည်။

ကိုရောဘတ်ဆန်းအောင်အတွက် ရှေ့နေ ဒေါ်စန်းစန်း၊ ကျန် ၁၃ ဦးအတွက် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးမောင်မောင်လတ်၊ ဦးခင်မောင်ရှိန်၊ ဦးမြင့်သောင်းတို့က ရှေ့နေလိုက် ခုခံ လျှောက်လဲသွားမှာ ဖြစ်သည်။

၆၃ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျရောက်သည့် ဇွန်လ ၁၉ ရက်နေ့တွင် ပါတီဝင်များက “ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ”၊ “ဒေါ်အောင်ဆန်းစုကြည် ... အမြန် လွတ်မြောက်ပါစေ” ဟု ဆိုပြီး အကျယ်ချုပ် ကျခံနေရသည့် ခေါင်းဆောင်နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းသို့ ပါတီရုံးချုပ်မှ ခြေလျင် သွားရောက်နေစဉ် စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ဒေါ်စု အမြန်ဆုံး လွှတ်ပေးဖို့၊ ကျန်းမာဖို့ ဆုတောင်း တောင်းဆိုပိုင်ခွင့် ရှိတယ်လေ။ သက်တမ်းလည်း ပြည့်သွားပြီပဲ။ လွှတ်ပေးဖို့ ဆန္ဒရှိတဲ့အတိုင်း တောင်းဆိုတဲ့အတွက် ရုန်းရင်းဆန်ခတ် မဖြစ်ပါဘူး။ တာဝန်ရှိတဲ့ လုံထိန်းတို့၊ ရဲတို့ လာဖမ်းတာ မဟုတ်ဘဲနဲ့ သာမန် အရပ်ဝတ် အရပ်သားတွေက သူတို့သဘောနဲ့ သူတို့ ဆုံးဖြတ်ပြီး ဖမ်းဆီးတာ” ဟု ပြောသည်။

အမှုနှင့်ပတ်သက်ပြီး တရားသဖြင့် လျှောက်လဲသွားမည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။ အမှုရက်ချိန်းကို ယခုလ ၂၅ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates