Wednesday, July 16, 2008

ဂမ္ဘာရီကို သြဂုတ်လတွင် လာရောက်ရန် မြန်မာစစ်အစိုးရ ဖိတ်ကြား

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 15:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရနှင့် အတိုက်အခံများအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် သြဂုတ် လလယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပါရန် မြန်မာစစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို ဖိတ်ကြားခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

နောက်လတွင် တိုင်းပြည်သို့ လာရောက်ပါရန် ဖိတ်ကြားချက်ကို မြန်မာစစ်အစိုးရက ပေးပို့ခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Marie Okabe က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောဆိုသွားခြင်း ဖြစ်သည်။

မူလက မေလအတွင်း လာရောက်ရန် ဖြစ်သော်လည်း လူပေါင်း ၁၃၈ဝဝဝ ဦး သေဆုံးေ ပျာက်ဆုံးခဲ့ရသည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် စစ်အစိုးရက ရက်ရွှေ့ဆိုင်းခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ဤ နိုင်ဂျီးရီးယားလူမျိုး သံတမန်ကြီးသည် အရှေ့တောင်အာရှ နိုင်ငံသို့ ၃ ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

ဂမ်ဘာရီ၏ ခရီးစဉ်သည် စစ်အစိုးရနှင့် အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုသည့် အတိုက်အခံများအကြား ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးအတွက် ကုလသမဂ္ဂက ကြိုးပန်းနေမှု၏ အစိတ်အပိုင်း တရပ်ဖြစ်သည်။

ယခင် ကုလအထူးသံတမန်ဟောင်း မစ္စတာ ရာဇာလီ အစ္စမေးလ်ထံမှ တာဝန်များကို လွှဲပြောင်းရယူခဲ့သည့် မစ္စတာ ဂမ်ဘာရီသည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဤဆွေးနွေးပွဲများမှ မည်သည့် အလုပ် ဖြစ်နိုင်လောက်သည့် ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဝေဖန်သူများက ပြောဆိုကြသည်။

ဤသို့ ကုလသမဂ္ဂ၏ ကြိုးပန်းမှုများ ရှိနေလင့်ကစား စစ်အစိုးရသည် ယင်း၏ အစီအစဉ်များကို ပြောင်းလဲခြင်း မရှိဘဲ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံအုပ်စုများ ပါဝင်ပတ်သက်ခြင်း မရှိသည့် ယင်းတို့၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက် လျှောက်လှမ်းနေသည်။

ကုလသမဂ္ဂကမူ အတိုက်အခံများနှင့် တိုင်းရင်းသား လူမျိုးစုများ ပါဝင်ခွင့်ပြုသည့် လမ်းပြမြေပုံ တရပ်ကို တိုးချဲ့ကျင့်သုံးပါရန် မြန်မာစစ်အစိုးရ အုပ်ချုပ်သူများကို တိုက်တွန်း ပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားများကို ဂရုမစိုက် မသိသလိုပြုကာ စစ်အစိုးရနှင့် သူတို့ စိတ်ကြိုက် ခေါင်းခေါက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များသာ ပါဝင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို မေလအတွင်းတွင် ဆန္ဒခံယူပွဲတရပ် ကျင်းပ၍ အတည်ပြုခဲ့သည်။

ထို့ပြင် ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပ၍ ပါတီစုံဒီမိုကရေစီ အစိုးရတရပ်ကို ဖွဲ့စည်း တည်ထောင်သွားမည်ဟု ကြေညာခဲ့သည်။

အတိုက်အခံ အုပ်စုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များက စစ်အစိုးရ၏ အစီအစဉ်ကို သဘောမတူဘဲ စစ်အစိုးရ၏ လမ်းပြမြေပုံနှင့် ဆန္ဒခံယူပွဲ၏ တရားဝင်မှုကို အသိအမှတ် မပြုဘဲ ပယ်ချပါရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။


ဖဒိုမန်းရှာ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးပေးရန် ဗြိတိသျှအမတ်များက တောင်းဆို

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 12:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ၆ဝ ဦးခန့်ရှိသော ဗြိတိသျှပါလီမန် အမတ်များသည် မြန်မာတိုင်းရင်းသား သူပုန်အဖွဲ့ခေါင်းဆောင် တဦးဖြစ်သော ဖဒိုမန်းရှာလဖန် လုပ်ကြံခံရမှုကို စစ်ဆေးဖေါ်ထုတ်ပေးရန် 'Early Day Motion' ပန်ကြားချက်ကို လက်မှတ်ရေးထိုး၍ ဗြိတိသျှအစိုးရကို တောင်းဆိုလိုက်ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး လုပ်ကြံခံရသည့်ကိစ္စတွင် တရားဝင် စုံစမ်းစစ်ဆေးမှု တစုံတရာ မရှိသည့်အတွက် ဗြိတိသျှ အစိုးရက တိုက်ရိုက် ဝင်ရောက် စုံစမ်းစစ်ဆေး၍ တရားခံများကို ဖေါ်ထုတ်ပေးပါရန် ဗြိတိသျှ ပါလီမန်အမတ်များက ဗြိတိသျှအစိုးရ ကို တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

“ဗြိတိသျှ ပါလီမန်အမတ်တွေ ခုလို တောင်းဆိုတာကို ကျမတို့ ကြိုဆိုပါတယ်။ ဒါကျမတို့ကို စိတ်ဓါတ်အရ အားပေး ထောက်ခံရုံသာမက တရားမျှတမှုအတွက် တိုက်ပွဲဝင်တာလဲ ဖြစ်လို့ပါ” ဟု လောလောဆယ် ယူကေနိုင်ငံတွင် ရောက်ရှိနေသည့် မန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်း က မဇ္ဈိမကို ပြောကြားသွားပါသည်။

အမည်မသိ သေနတ်သမား ၂ ဦးက မဲဆောက်မြို့ရှိ သူ၏ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မန်းရှာလဖန် ကို ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

“ဒါ ဗမာစစ်အစိုးရ လက်ချက်ဆိုတာ ကျမတို့သိပေမယ့် တရားဝင် ဘာမှ ထုတ်ပြန် ကြေညာတာ မရှိလို့ ကျမတို့ ဝမ်းနည်း ရပါတယ်” ဟု ဇိုယာ က ပြောသွားပါသည်။

ဤသို့ အကြမ်းဘက် လုပ်ရပ်များကို စီစဉ် ကျူးလွန်ခဲ့ခြင်း အတွက်လည်း ဗြိတိသျှ ပါလီမန် အမတ်များက မြန်မာစစ်အစိုးရကို ပြစ်တင် ရှုတ်ချလိုက်သည်။ ဤကိစ္စအတွက် အရေးယူရန်နှင့် ကရင်နှင့် အခြား တိုင်းရင်းသား အရပ်သားများကို တိုက်ခိုက်နေခြင်းအားလည်း ရပ်တန့်ပေးပါရန် ဗြိတိသျှအစိုးရကို သူတို့က တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

သူ၏ မပြီးဆုံးသေးသော အလုပ်များကို ဆက်လက် လုပ်ဆောင်ရန်နှင့် သူမတို့၏ ဖခင်ကို သတိတရ ဂုဏ်ပြုသည့် အနေနှင့် သူမ၏ အကို ၂ ဦး၊ ညီမတဦးတို့နှင့်အတူ “ဖန်းဖောင်ဒေးရှင်း” တရပ် ထူထောင်ထားရှိကြောင်း ပြောဆိုခဲ့ပါသည်။

“ဒီဖောင်ဒေးရှင်းကနေ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဘို့နဲ့ ကရင်လူမျိုးတွေရဲ့ ပညာရေးကိုအကူအညီ ပေးဘို့ လုပ်သွားမှာပါ” ဟု ဇိုယာ က ပြောသွားပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရာစုနှစ်တဝက်ကျော် တိုက်ပွဲဝင်နေသည့် (KNU) ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဒိုမန်းရှာ ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရရှိကာ ချက်ချင်းလိုပင် တောတွင်းရှိ ကရင်လှုပ်ရှားမှုတွင် ပူးပေါင်း လက်တွဲပါဝင်ခဲ့သည်။

တိုင်းရင်းသားများနှင့် မြန်မာလူမျိုး မဟာမိတ်များ အားလုံးက လေးစားခံရသူတဦး ဖြစ်ပြီး စစ်အစိုးရကလည်း KNU ၏ တောင့်တင်းခိုင်မာသော ခေါင်းဆောင်တဦးအဖြစ် သူ့ကိုရှုမြင်သည်။

ကွယ်လွန်ချိန်တွင် သူသည် အသက် (၆၄) နှစ်ရှိပြီ ဖြစ်သည်။


နာဂစ်မုန်တိုင်းအပြီး ကြော်ငြာဘုတ်ထောင် လုပ်ငန်းများ အထိနာ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 10:14 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူပေါင်း ၂.၄ သန်း ခံခဲ့ရသည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်း၏ ဒဏ်ရာဒဏ်ချက်များကို စီပွါးရေးနယ်ပယ်၊ အထူးသဖြင့် ရန်ကုန်မြို့တော်၏ ကြော်ငြာစီးပွါးရေး လုပ်ငန်းတွင် တွေ့နေရဆဲ ဖြစ်သည်။

လူပေါင်း ၁၃၈ဝဝဝ သေဆုံး၊ ပျောက်ဆုံးခဲ့ရသည့် ဆိုင်ကလုံး မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ရသည့် စီးပွါးရေးလုပ်ငန်း အများအပြားတွင် ယခုမှ အခြေတည်စ ရန်ကုန်မြို့ရှိ ကြော်ငြာ စီးပွားရေး လုပ်ငန်းလည်း ပါဝင်သည်။

“မုန်တိုင်းတိုက်လိုက်တာ လေပြင်းကြောင့် ကြော်ငြာဘုတ်ကြီးတွေ ၈ဝ% လောက် လေနောက်ပါသွားတာ” ဟု ရန်ကုန်မြို့မှ Merry Myanmar ကြော်ငြာကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောကြားသွားပါသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ရန်ကုန်မြို့တွင်းရှိ လဲကျသွားခဲ့သော ကြော်ငြာဘုတ်တခုကို တွေ့ရစဉ်။
ဓါတ်ပုံ။ ။ မဇ္ဈိမ
နာဂစ်ဆိုင်ကလုံး မုန်တိုင်းသည် ပုဂ္ဂလိက အိမ်များ၏ အိမ်ခေါင်မိုးများကိုသာ လွင့်ပါသွားစေသည် မဟုတ်ဘဲ ကြော်ငြာ ဘုတ်များကိုပါ ဖျက်ဆီးသွားသောကြောင့် ကြော်ငြာ ကုမ္ပဏီများမှာ သူတို့ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ထားရသော စီးပွါးရေး လုပ်ငန်းအတွက် များစွာ ဆုံးရှုံးခဲ့ကြရသည်။

ရန်ကုန်မြို့ Myanmar Ganad ကြော်ငြာကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်လင်းက ဆိုင်ကလုံးကြောင့် သူတို့၏ လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ကြီးများ ၈ဝ% ခန့် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ ဤကြော်ငြာဆိုင်း ဘုတ်ကြီးများ ပြန်ထောင်ရသည့်အတွက် ငွေကြေး အမြောက်အမြား ကုန်ကျခဲ့ရသည်ဟုလည်း ဆိုပါသည်။

“ဒီကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ပြန်ပြင်တာနဲ့ ပြန်ထောင်တာအတွက် ကျနော်တို့အခုထိ ကျပ်ငွေ သန်း ၄ဝ ကျော် (အမေရိကန်ဒေါ်လာ ၃ဝ၇၆၉) ကုန်ပြီးပြီ” ဟု ဦးဇော်လင်းက မဇ္ဈိမ ကို ပြောကြားသွားပါသည်။ နောက်ထပ် ထပ်ကုန်ဦးမည်ကိုလည်း စိုးရိမ်နေရသည် ဟု လည်း သူက ဆိုလိုက်ပါသည်။

သူတို့ ကုမ္ပဏီသည် ပေ ၂ဝ x ပေ ၆ဝ အရွယ်အစားရှိ လမ်းဘေး ကြော်ငြာဆိုင်းဘုတ် အကြီးစားကြီးများ ၃၅ ခုခန့်နှင့် အခြားအသေးစား အမြောက်အမြားကို ပိုင်ဆိုင်ကြောင်း ပြောဆိုပါသည်။ ဤဆိုင်းဘုတ်ကြီးများကို အာမခံ မထားခဲ့သည့်အတွက် ဆုံးရှုံးမှုကို ကုမ္ပဏီကပင် ကျခံရမည်ဟု ဆိုသည်။

21 Advertising ကြော်ငြာကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြတ်ကလည်း သူတို့ ပိုင်ဆိုင်သော ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ လမ်းဘေး ကြော်ငြာဆိုင်းဘုတ် ၉ဝ% ခန့် ပျက်စီးသွားကြောင်း ပြောဆိုပါသည်။

“အခုထိ ကျနော်တို့ ကျပ်ငွေ သန်း ၂ဝ ကျော် ကုန်ပြီးပြီ၊ နောက်ထပ် ပြင်စရာတွေ အများကြီး ကျန်သေးတယ်” ဟု ဦးအောင်မြတ် က မဇ္ဈိမ ကို ပြောကြားသွားပါသည်။

ဤသို့ ကြော်ငြာ ကုမ္ပဏီများ ဒုက္ခရောက်နေရသည့် အထဲတွင် ရန်ကုန် စည်ပင်သာယာ ကော်မတီ (YCDC) ကလည်း ပျက်စီးသွားသော လမ်းဘေး ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပြင်ဆင်ခြင်းနှင့် ပြန်လည် စိုက်ထူခြင်း လုပ်ငန်းကို ဇွန်လ ကုန်တွင် အပြီးလုပ်ရန် ကုမ္ပဏီများကို ညွှန်ကြားထားသည်။

“ကျနော်တို့ ဘယ်လိုမှ မပြီးနိုင်ဘူးဆိုတာ သူတို့ သိပုံရပါတယ်။ လုပ်ငန်းပမာဏက သိပ်ကြီးတယ်ဗျာ” ဟု ဦးအောင်မြတ်က ပြောသွားပါသည်။

မြန်မာနိုင်ငံ၏ စီးပွါးရေးမြို့တော် ရန်ကုန်တွင် ဤလမ်းဘေး ကြော်ငြာ ဆိုင်းဘုတ်ကြီးများနှင့် ဆိုင်းဘုတ်ကြီးများ စိုက်ထူခြင်းကို ကြော်ငြာလုပ်ငန်း ပုံစံသစ် အနေဖြင့် မကြာသေးခင်က ပြုလုပ်လာကြသည်။

ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုတို့တွင် ကြော်ငြာခြင်းသည် ယခုထိ ရေပန်းစားလျက်ရှိသော ကြော်ငြာပုံစံများ ဖြစ်သော်လည်း လမ်းဘေးတွင် ကြော်ငြာဘုတ်ကြီးများ ထောင်ခြင်းမှာ တဖြေးဖြေး အရှိန်ရလာနေသည်ဟု Myanmar Ganad ၏ တာဝန်ရှိသူ ဦးဇော်လင်းက ဆိုပါသည်။

စစ်အစိုးရ အုပ်စိုးနေသည့် မြန်မာနိုင်ငံ၌ စာနယ်ဇင်းလုပ်ငန်းတွင် မည်သည့်ပုံစံဖြင့် ရေးသား ဖေါ်ပြချက်မျိုးကိုမဆို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားသည့် အားလျော်စွာ ကြော်ငြာ ကုမ္ပဏီများလည်း သူတို့ ကြော်ငြာတွင် ရေးသားမည့် စာသားများကို လွတ်လွတ်လပ်လပ် ဖေါ်ပြရေးသားခွင့် မရှိကြပေ။

သူတို့ လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းအတွက် အခက်အခဲမှာ ကြော်ငြာစာသားအတွက် စည်ပင်သာယာ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရခြင်းပင် ဖြစ်သည် ဟု ဦးဇော်လင်းက ပြောပါသည်။ ဆိုင်းဘုတ်ပုံစံ၊ အရွယ်အစားတို့ အတွက်လည်း ခွင့်ပြုချက်ယူရသည်ဟု သူကဆိုပါသည်။

“ကိုယ့်ကို အလုပ်လာအပ်မဲ့ လူရှာရတာ ဒီလောက်မခက်ဘူး။ ကြော်ငြာခွင့်ပြုချက်ရဘို့ စည်ပင်သာယာ က လူတွေနဲ့ ပေါင်းရတာက ပိုခက်တယ်” EYE Advertisement ၏ ဈေးကွက် အမှုဆောင် အရာရှိဟောင်း တဦးက ပြောဆိုလိုက်ပါသည်။

ခွင့်ပြုချက် မြန်မြန်နဲ့ ချောချောမွေ့မွေ့ကျဘို့ ရန်ကုန် စည်ပင်သာယာ ကော်မတီမှ အရာရှိများကို လာဘ်ထိုးရသည်ဟု အဆိုပါ အမှုဆောင် အရာရှိက ပြောပါသည်။

“စည်ပင်သာယာက တာဝန်ရှိသူတွေနဲ့ ပေါင်းရတာ အဆင်ပြေမပြေဆိုတာ ကိုယ်က ဘယ်လောက် ပေးနိုင်သလဲဆိုတာပေါ် မူတည်တယ်၊ သူတို့နဲ့ ပြေလည်သွားပြီ ဆိုတာနဲ့ အလုပ်လဲ အဆင်ပြေတော့တာဘဲ” ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။

ဤသို့ အခက်အခဲများ ရှိသော်လည်း ဤလမ်းဘေး ကြော်ငြာလုပ်ငန်းတွင် ကုမ္ပဏီ အများအပြား ထပ်မံ ပေါ်ထွက်လာနေသည်ဟု သူမက ဆိုပါသည်။

ဤသို့ အများအပြား ရှိနေသော်လည်း ရန်ကုန် စည်ပင်သာယာ အရာရှိများနှင့် အလွမ်းသင့်သော ကုမ္ပဏီကြီးများသာ ဈေးကွက်ဝေစု အများစုကို ထိန်းချုပ်ထားနိုင်သည် ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သူမ၏ အပြောအရ Eye Corp., Myanmar Ganad, ATM, Youth Force, Merry Myanmar Advertising, IDEA, 21 Advertising ကုမ္ပဏီကြီးများနှင့် ယင်းတို့၏ နိုင်ငံအနှံ့ ဖြန့်ခွဲ ဖွင့်လှစ်ထားသော ကုမ္ပဏီခွဲများသာ လောလောဆယ်တွင် ဈေးကွက်ကို ဦးဆောင်နေကြသည် ဟုဆိုပါသည်။

(မဇ္ဈိမ သတင်းထောက်များ သတင်းပေးပို့၍ မုံပီး ရေးသားသည်)


ဘလော့ဂ်ဖြင့် တုံ့ပြန်ရန် ဝန်ကြီးဌာနများကို တိုက်တွန်း

နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 17:04 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ပြည်ပ သတင်းမီဒီယာများအား တုံ့ပြန်ချေပမည့် ဘလောဂ့်များ ဖန်တီးရေးသားမှု အားမြှင့်လုပ်ဆောင်ရန် စစ်အစိုးရက ဝန်ကြီးဌာနများအား တိုက်တွန်းထားသည်။

ဝန်ကြီးဌာနတိုင်းတွင် “Blog လုပ်ငန်း ကြီးကြပ်မှု ကော်မတီ” က အရာရှိ ကြီးငယ်မဟူ စိတ်ပါဝင်စားသူ မည်သူမဆို ပြည်ပအခြေစိုက် မီဒီယာများ၏ ထုတ်လွှင့် ရေးသားချက်များအား လက်တုံ့ပြန် ရေးသားတင်ပြရန် စီစဉ်ထားခြင်း ဖြစ်သည်၊။ ယခင် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ပရောဂျက်ကို ပြန်လည် တွန်းအားပေး အသက်သွင်းမှု ယခုပြုလုပ်လာခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနတွေက မလုပ်မနေရဆိုပြီး အတင်းတိုက်တွန်း လုပ်တာတော့ မရှိပါဘူး။ နိုင်ငံတော်အဆင့် လုပ်တာ မဟုတ်ဘူးဗျ။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်တာလေ။ ကိုယ့်ဌာနနဲ့ ကိုယ် လုပ်တာပါ။ အဲလို အကြီးအကျယ် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ လှုပ်ရှားမှု တခုအနေနဲ့ပဲ ဆောင်ရွက်တာပါ” ဟု နေပြည်တော်ရှိ “စီးပွား၊ ကူးသန်း ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန” ညွန်ကြားရေးမှူး ဦးမင်းမင်း က မဇ္ဈိမကို ပြောသည်။

ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနများတွင် ဘလော့ဂ် ကြီးကြပ်ရေး ကော်မတီများ ထားရှိပြီ ဖြစ်သည်။ ကော်မတီများတွင် သက်ဆိုင်ရာဝန်ကြီးက နာယကအဖြစ် တာဝန်ယူပြီး ဒုဝန်ကြီးများ ဦးဆောင်ညွန်ကြားရေးမှူးများ ပါဝင် လုပ်ဆောင်နေရသည်။

“ဘလော့ဂ်ကတော့ ကျနော်တို့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ICT (Information, Communication and Technology) လုပ်ငန်း လုပ်နေရတဲ့ အခါကျတော့ ICT နဲ့ ပတ်သက်ပြီးတော့ ပိုပြီး လုပ်နိုင်အောင်လို့၊ ဌာနအလိုက် ကိုယ်လုပ်နေတဲ့ တကယ့်လက်ရှိ အရှိလေးတွေကို ဘလော့ဂ်မှာ ရေးနိုင်အောင် ကျနော်တို့ သင်ထားပေးတာပါ” ဟု ဦးမင်းမင်းက ထပ်ပြောသည်။

Myanmar Today (http://myanmartodayblog.blogspot.com) ၊ ရွှေရောင်ခံစားမှု (http://testgolden.blogspot.com) တို့သည် အစိုးရ စီမံကိန်းအောက်မှ ရေးသားလာသော ဘလော့ဂ်များတွင် ပါဝင်သည်။

ဘလော့ဂ်ဒီဇိုင်း၊ တည်ဆောက်ရာတွင် တုံ့ပြန်ရေးသားမည့် သတင်း အကြောင်းအရာ၊ ကိုးကားသည့် အချက်၊ မှတ်တမ်းများ ခိုင်မာကောင်းမွန်မှု ရှိ၊ မရှိ၊ တဖက် စွပ်စွဲချက်ကို ပြန်လည် ချေပနိုင်မှုအပြင် အခြား အချက်အလက်များကိုပါ ထည့်သွင်း အမှတ်ပေးထားကာ အကောင်းဆုံး ရေးသား တင်ပြနိုင်သူကို ဆုပေးမည်ဟု ကော်မတီတခုက ကြေညာထားသည်။

ယခု ပရောဂျက်အောက် ပါဝင်ရေးသားသူများကလည်း ဘီဘီစီ၊ ဗီအိုအေ၊ အာအက်အေ၊ ဒီဗီဘီနှင့် အင်တာနက် ဝဘ်ဆိုဒ် သတင်းဌာနများမှ အသံထုတ်လွင့်ချက်များ၊ ဖော်ပြ ရေးသားချက်များအပေါ် ဖြစ်သည့် သတင်းဆောင်းပါးများအပေါ် သူတို့၏ အမြင်ဖြင့် တုံ့ပြန်ညွန်းဆို ရေးသား ဝေဖန်ထားကြသည်။

မြန်မာ ဘလော့ဂ်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာနေသူတဦးက ပြည်တွင်းဘလော့ဂ်ဂါတဦးက ယခုဘလော့ဂ်များသည် စစ်အစိုးရ၏ မီဒီယာကို မီဒီယာနှင့် တိုက်ဖျက်သွားမည့် ဝါဒဖြန့်ချီရေး စီမံကိန်း၏ တစိတ်တဒေသဟု ပြောသည်။

သို့သော် ဦးမင်းမင်းကမူ ဝါဒဖြန့် စစ်ဆင်ရေး မဟုတ်ပါဟု ငြင်းဆိုလိုက်ပြီး အိုင်တီနှင့်အကျွမ်းတဝင် ဖြစ်ရေးအတွက်သာဟု ပြောဆိုသွားသည်။


ဘတ်စ်ကားဗုံး လူတဦးသေဆုံး

သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 13:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဒိုက်ဦးမြို့နယ်အတွင်း ယမန်နေ့ နံနက်က ခရီးသည်တင် အဝေးပြေး ဘတ်စ်ကား တခုပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူတဦးသေဆုံးပြီး တဦး ဒဏ်ရာရသွားခဲ့သည်။

ပဲခူးတိုင်း ဒိုက်ဦးမြို့အပြင် မိုင်တိုင်အမှတ် ၈၅၊ ကောလိယတံတားအနီး ကျောက်ကြီး-ရန်ကုန် ရွှေခရီး ခရီးသည်တင် မှန်လုံယာဉ်ဖြစ်သော ယာဉ်အမှတ် ၅ခ-၃၆၄၄၏ အနောက်ဘက် ခုံးတန်းမှ ပေါက်ကွဲမှု တင်္နလာနေ့ နံနက် ၈နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသွားသူမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်နေ ဦးခန့် (ခ)ဘီရိုခါနာ – အသက် ၅၅ နှစ်ဖြစ်ပြီး ဆိပ်ကမ်းမြို့နယ်နေ ဦးပါးပါး (၄၆ နှစ်) မှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သဖြင့် ဒိုက်ဦးမြို့နယ်ဆေးရုံသို့ တက်ရောက်ကုသရကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ဒိုက်ဦး ဒေသခံတဦးက “ကားကြီးက ဝင်လာတော့လေ နောက်မှန်ကြီးက ပွင့်နေတယ်။ နောက်ဘက်ကလေ မှန်ကြီးတပြင်လုံး ပွင့်ပြီးတော့ အပေါ်က သံအမိုးလည်း နည်းနည်း ပျက်သွားတာပေါ့ နော်၊ ကားကတော့ မောင်းလို့ရတယ် ဒိုက်ဦးမြို့ထဲကို မောင်းပြီး ဝင်လာတာပဲ” ဟု ပြောသည်။

မှန်လုံကားပေါ်တွင် ခရီးသည် ၃၅ ဦး လိုက်ပါလာခဲ့ပြီး ရဲက စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်လျှက် ရှိသည်။

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးခန်းတွင် လူအသေအပျောက် မရှိသော ဗုံးတလုံး ပေါက်ကွဲခဲ့သည်။ စွမ်းအားမြင့် ကျောင်းသား စစ်သည်တော်များအဖွဲ့က သူတို့ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates