Tuesday, July 15, 2008

မြန်မာ့နိုင်ငံရေး ရှေ့ခရီး

မုံပီး
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 21:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “တခဲနက်” အတည်ပြုပြီးနောက် မြန်မာစစ်အစိုးရသည် သူတို့၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက် သွားရောက်ရန် သံန္နိဌာန် ချမှတ်ထားကြောင်း ထုတ်ဖေါ်ပြသခဲ့ပြီး ဖြစ်သည်။

သို့သော် အဆိုပါ လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သည့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဆိုသည်မှာ ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

နိုင်ငံရေး အင်အားစု အများအပြားသည် စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုး ကွဲပြားနေကြသည်။

စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်တိုင်းကို ဆန့်ကျင်ခဲ့သည့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည် ဆိုသည်ကို ယခုထိ မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဆိုသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ယခုတိုင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ကျနော်တို့ အခုထိ ၂ဝ၁ဝ ခုနှစ်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်၊ မယှဉ်ပြိုင်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး” ဟု စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင် ပြောကြားသွားခဲ့ပါသည်။

၁၉၉ဝ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ ရလဒ်ကို စွဲကိုင်ခြင်း မရှိဘဲ နောက်ထပ် ရွေးကောက်ပွဲတရပ် ကျင်းပမည် ဆိုလျှင် စစ်အစိုးရ အနေဖြင့် မိမိ၏ဥပဒေကို မိမိပြန်၍ ချိုးဖောက်ရာ ကျလိမ့်မည်ဟု ဒီချုပ်က ပြောကြားလိုက်ပါသည်။

စစ်အစိုးရ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် တရားဝင်မှု ကင်းမဲ့ကာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲက အပ်နှင်းထားသည့် ပြည်သူလူထု ကိုယ်စား လုပ်ပိုင်ခွင့်ကိုလည်း လွှမ်းမိုး ပယ်ဖျက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဟု နိုဘယ် ငြိမ်းချမ်းရေးဆုရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီချုပ်က ပြောဆိုသွားပါသည်။ အဆိုပါ ၁၉၉ဝ ခုနှစ်ရွေး ကောက်ပွဲတွင် ဒီချုပ်က ပါလီမန် အမတ်နေရာ ၈ဝ% ကျော်ကို အနိုင်ရရှိခဲ့သည်။

ဒီချုပ်လိုပင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားကလည်း စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လိုက်ရေးကို ယခုထိ မဆုံးဖြတ်နိုင်သေးဘဲ မပြတ်မသား ဖြစ်လျက်ပင် ရှိသေးသည်။

စစ်အစိုးရကို နှစ်ပေါင်း ၄ဝ ကျော် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အခိုင်အမာ ပေါ်လစီတရပ်ကို ချမှတ်ရဦးမည် ဖြစ်သည်ဟု ပြောဆိုသွားပါသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားကာ လမ်းပြမြေပုံ၏ ပထမအဆင့်ဖြစ်သော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ သည့် (KIO) သည် သူတို့၏ ယခင်ပေါ်လစီဟောင်းကို ယခုထိ ကိုင်စွဲထားဆဲ ဖြစ်သည်ဟု ပြောဆိုသွားခဲ့ပါသည်။

“ကျနော်တို့ ခုထိတော့ အရင် ပေါ်လစီဟောင်း အတိုင်းဘဲ သွားနေတယ်။ စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် (KIO) အဖွဲ့အနေနဲ့တော့ မသွားဘူး၊ တဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ သွားမယ်ဆိုရင်လဲ သူတို့ ဆုံးဖြတ်ချက် အတိုင်းပါဘဲ။ (KIO) နဲ့တော့ ဘာမှမဆိုင်တော့ဘူးပေါ့” ဟု (KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဂွမ်မော် က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

နောက်ထပ် အပစ်ရပ်အဖွဲ့ တခုဖြစ်သည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလည်း ၂ဝ၁ဝ ခုနှစ်တွင် စစ်အစိုးရက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ယခုထိ ပြတ်ပြတ်သားသား ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် စစ်အစိုးရ လမ်းပြမြေပုံ၏ အခြားအဆင့် ၄ ဆင့်တွင် ပါဝင်ခဲ့သည့် (UWSA) အဖွဲ့၏ ဆုံးဖြတ်ချက်သည် သူတို့အပေါ် စစ်အစိုးရက ပေးအပ်လာမည့် ဖိအားပေါ် မူတည်နေသည်ဟုလည်း ညွှန်းဆို ပြောကြားသွားခဲ့သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ အခုထိ အစည်းအဝေးလည်း မလုပ်ရသေးဘူး၊ ဆုံးလဲ မဆုံးဖြတ်ရသေးဘူး၊ အစိုးရဆီကလည်း ကျနော်တို့အခုထိ ဘာအကြောင်းကြားချက်မှ မရသေးပါဘူး” ဟု (UWSA) ၏ ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမ ကို ပြောကြားသွားခဲ့ပါသည်။

ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဤအဖွဲ့များက ဆုံးဖြတ်ချက် မချမှတ်နိုင်ကြသေးသော်လည်း အခြား အပစ်ရပ် အဖွဲ့တခု ဖြစ်သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) (NDA-K) ကမူ သူတို့အနေဖြင့် ကချင်ပြည်သူ အားလုံးအတွက် တခုတည်းသော နိုင်ငံရေးပါတီတရပ် ပေါ်ပေါက်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ဆိုလိုက်ပါသည်။

အဖွဲ့အမည်ကို ပြောင်းလဲ၍ နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကောလဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ဤသတင်း မဟုတ်မှန်ကြောင်း (NDA-K) က ငြင်းဆိုသွားခဲ့ပါသည်။ “ကျနော်တို့အဖွဲ့ နာမည်ကိုလည်း ပြောင်းမှာ မဟုတ်ဘူး၊ နိုင်ငံရေးပါတီ တရပ်အဖြစ်အသွင် ပြောင်းလဲပြီးတော့လည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကချင်လူထု တရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ သီးခြား နိုင်ငံရေးပါတီတရပ် ပေါ်ထွက်လာရေး အတွက်တော့ တွန်းဆော်သွားမှာပါ” ဟု (NDA-K) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ အားလုံးတွင် အယူအဆ အမျိုးမျိုး ကွဲပြားချက်ပင် ရှိသေးသည်ကို တွေ့ရပါသည်။

လက်နက်ကိုင် တပ်ဖွဲ့တရပ်ရှိသည့် တိုင်းရင်းသား မွန်နိုင်ငံရေး ပါတီတရပ် ဖြစ်သော “မွန်ပြည်သစ်ပါတီ” (NMSP) ကမူ စစ်အစိုးရ အဆိုပြုထားသည့် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း ပြောဆိုထားပါသည်။ စစ်အစိုးရ၏ အမျိုးသား ညီလာခံမှ နှုတ်ထွက်ထားသည့် (NMSP) က အားလုံး ပိုမိုပါဝင်မှုရရှိမည့် လမ်းပြမြေပုံ တရပ်ကို တောင်းဆိုထားခဲ့သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့ ဖြစ်စဉ်မှာ ကျနော်တို့ ပါခဲ့တာ မဟုတ်လို့ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူး။ လမ်းပြမြေပုံမှာ မပါဝင်ဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောကြားသွားပါသည်။

စစ်အစိုးရ၏ စီမံကိန်း

ဤသို့ ဒီချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားက စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံရန် လိုလိုလားလား မရှိကြကြောင်း ပြသခဲ့ကြသော်လည်း သူ့စီမံကိန်းကို ထောက်ခံသူများမှာမူ မနည်းလှပါ။

ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် မည်သူ့ကို ဝင်ရောက်ခွင့်ပြုမည် ဆိုသည်ကို စစ်အစိုးရက စီမံကိန်းတရပ် ရေးဆွဲချမှတ်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်နိုင်ဦး က ပြောဆိုသွားခဲ့ပါသည်။

“ဒီရွေးကောက်ပွဲမှာ အတိုက်အခံတွေ အများကြီးကို စစ်အစိုးရက ဝင်ပြိုင်ခွင့် ပေးမယ်လို့ ကျနော်မထင်ဘူး။ ဒါသူတို့ သေချာစီစဉ် ကျင်းပတဲ့ ကစားပွဲဆိုတော့ သူတို့ စိတ်ကြိုက် စည်းကမ်းတွေအတိုင်း ကစားအောင် သေချာ စီစဉ်ထားမှာဘဲ” ဟု ဦးအောင်နိုင်ဦး က ပြောဆိုသွားပါသည်။

စစ်အစိုးရကို ထောက်ခံသည့် လူထု အခြေပြု အဖွဲ့အစည်းတရပ်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၊ စစ်အစိုးရကို ထောက်ခံသည့် နောက်ထပ် ပါတီတရပ်ဖြစ်သော အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (NUP) တို့အပြင် တသီးပုဂ္ဂလများကိုလည်း ဝင်ရောက် ယှဉ်ပြိုင်စေရန် စစ်အစိုးရက အားပေးနိုင်သည် ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“ဘာတွေ ဖြစ်လာမယ်ဆိုတာ တိတိကျကျ ခန့်မှန်းဘို့ ခက်ပေမဲ့ သေချာတာတခုတော့ ရှိတယ်။ စစ်အစိုးရက ဘယ်အတိုက်အခံ ပါတီကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး၊ ဘယ်အတိုက်အခံကိုမှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ဘို့ အလားအလာ ရှိသော်လည်း မြန်မာ လူထုမှာ သူတို့ အသက်ရှင် ရပ်တည်နိုင်ရေး အတွက်သာ ရုန်းကန် လှုပ်ရှားနေကြရသဖြင့် နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် အချိန်လည်း မပေးနိုင်၊ စိတ်လည်း မဝင်စားကြသဖြင့် နိုင်ငံရေးပါတီ အများအပြားမူ ထွက်ပေါ်လာဘွယ်မရှိဟု ရန်ကုန်မြို့ မှ လူငယ် နိုင်ငံရေးသမားတဦး ဖြစ်သည့် ကိုနေမျိုးဝေ က ပြောဆိုသွားပါသည်။

“မြန်မာလူထုက တနေ့လုပ်မှ တနေ့စားကြရတာ ဆိုတော့ နေ့စဉ် ဝမ်းရေးအတွက်ဘဲ ရုန်းကန်နေကြရတာ။ ဒီတော့ နိုင်ငံရေး ပါတီအများဆုံး ၅ ပါတီလောက်ဘဲ ပေါ်လာစရာ ရှိပါတယ်” ဟု ကိုနေမျိုးဝေ က ပြောဆိုသွားပါသည်။ သူသည် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းအကြားတွင် နိုင်ငံရေး အတွေးအခေါ် ပြဿနာများကို ထုတ်ဖေါ် တင်ပြနေသူ ဖြစ်သည်။

အခြား အတိုက်အခံများနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အမြင်မတူဘဲ ကိုနေမျိုးဝေကမူ စစ်အစိုးရ၏ လမ်းပြမြေပုံသည် မြန်မာ့နိုင်ငံရေး ရှုခင်းတရပ်လုံးကို မုချမလွဲမသွေ အပြောင်းအလဲများ ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောဆိုသွားခဲ့ပါသည်။

“ဘယ်အရာမဆို မပြောင်းမလဲ အမြဲတမ်း တည်ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံ လိုက်တာက အခုလောလောဆယ်မှာ အကောင်းဆုံး အဖြေပါ၊ ဖွဲ့စည်းပုံဆိုတာလဲ အချိန်နဲ့အမျှ လိုက်ပြီး ပြောင်းလဲနေ မှာပါဘဲ” ဟု ကိုနေမျိုးဝေ က ပြောသွားခဲ့ပါသည်။

သူကတော့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ လက်ရှိ အခြေအနေတွင် ယင်းသည်သာ တခုတည်းသော အဖြေတရပ်ဖြစ်သည်ဟု သူယုံကြည်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“ရွေးကောက်ပွဲဝင်ဘို့ ကျနော် ပြင်ဆင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒီထဲမှာပါမှ ကျနော်ကြိုက်တာ မကြိုက်တာကို ပြောလို့ရမယ်။ အပြင်မှာနေရင် ဒီဖြစ်စဉ်မှာ ကျနော် ဘယ်လိုမှ ပါလို့ရမှာ မဟုတ်ဘူး” ဟု သူကပြောသွားပါသည်။

(USDA) စစ်အစိုးရလိုလားသောအဖွဲ့အစည်းများ

လွန်ခဲ့သော ၁၅ နှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းတည်ထောင်ခဲ့သည့် စစ်အစိုးရ လိုလားသော အဖွဲ့တခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် စစ်အစိုးရက အရပ်သား အုပ်ချုပ်ရေးတရပ် ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်နေရာတွင် နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံယုံကြည်ကြည် ပြောဆိုနေကြသည်။

စစ်အစိုးရ၏ ဝါဒဖြန့်ချိရေးနှင့် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ၏ အုံကြွမှုအပါအဝင် အတိုက်အခံများ အားလုံးကို ချေမှုန်းနှိမ်နင်းရာတွင် ကြံ့ဖွတ် (USDA) သည် အလွန်အစွမ်းထက်ကြောင်း မကြာသေးခင် ကာလများက သက်သေပြခဲ့ပြီး ဖြစ်သည်။

(USDA) အဖွဲ့ကို ထဲထဲဝင်ဝင် သုတေသန ပြုလုပ်ထားသည့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ အဖွဲ့ဝင်တဦးဖြစ်သော ဒေါက်တာနိုင်အောင် ကလည်း ကြံ့ဖွတ် ကို ဖွဲ့စည်းထားရှိခြင်း၏ စစ်အစိုးရ၏ တခုတည်းသော ရည်ရွယ်ချက်မှာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားရာတွင် အသုံးပြုနိုင်မည့် ရုပ်သေးနိုင်ငံရေး ပါတီတရပ် အဖြစ် အသွင်ပြောင်းလဲရေးပင် ဖြစ်သည် ဟု ပြောဆိုလိုက်ပါသည်။

“USDA ကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခိုင်းမယ်ဆိုတာ အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်” ဟု ဒေါက်တာနိုင်အောင် က ပြောဆိုသွားပါသည်။

သို့သော် အများက ပြောဆိုနေသကဲ့သို့ ကြံ့ဖွတ်ကို နိုင်ငံရေး ပါတီတရပ်အဖြစ် အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲ ဝင်စေလိမ့်မည်ဟူသော အပြောအဆိုမျိုးကို လက်မခံသည့် ဦးအောင်နိုင်ဦး အပါအဝင် လေ့လာ သုံးသပ်သူ အနည်းအကျဉ်းကမူ စစ်အစိုးရသည် ကြံ့ဖွတ်ကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းမည် မဟုတ်ဘဲ သြဇာရှိသည့် တသီးပုဂ္ဂလများကိုသာ လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေလိမ့်မည်ဟု ယူဆနေကြပါသည်။

“စစ်အစိုးရက ကြံ့ဖွတ်ကို နိုင်ငံရေး ပါတီအဖြစ် အသွင်ပြောင်းလိုက်ရင် ကြံ့ဖွတ်ကို အစားထိုးမဲ့ နောက်ထပ် လူထုအခြေပြု အဖွဲ့အစည်းတရပ် လိုလာဦးမယ်” ဟု ဦးအောင်နိုင်ဦးက ပြောဆိုလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ ကြံ့ဖွတ်ကို နိုင်ငံရေးပါတီ တရပ်အဖြစ် အသွင်ပြောင်းလဲနိုင်သည် ဟူသော အချက်ကိုမူ သူကမငြင်းပါ။

“ကြံ့ဖွတ်နဲ့ ပတ်သက်လို့ စစ်အစိုးရ ဘာလုပ်မယ်ဆိုတာ ခန့်မှန်းဘို့ ခက်ပါတယ်။ သူတို့မှာ တခြား ဖြစ်နိုင်စရာ နည်းလမ်းတွေ အများကြီး ရှိတာဘဲ” ဟု သူက ပြောဆိုသွားပါသည်။

စစ်အစိုးရ အုပ်ချုပ်မှု၏ အခြားနည်းလမ်းများ

စစ်အစိုးရ ဘာဘဲလုပ်လုပ် တခုတည်းသော ရည်ရွယ်ချက်မှာ သူတို့၏ အုပ်စိုးမှုကို သက်ဆိုးရှည်စေရန်သာ ဖြစ်သည့် အတွက် စစ်မှန်သော အပြောင်းအလဲများ ပေါ်ပေါက်လာရန်မှာမူ အလားအလာ နည်းပါးလှပါသည်။

“ဒီအပြောင်းအလဲတွေ အကုန်လုံးဟာ အပြုသဘော ဆောင်လိမ့်မယ်လို့တော့ ကျနော်မထင်ပါဘူး။ စစ်အစိုးရ လုပ်သမျှဟာ သူတို့ အာဏာ တည်မြဲရေးအတွက်ဘဲ” ဟု ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါသည်။

ယခုကဲ့သို့ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်များက သူတို့၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ် မလုပ်နိုင်ခြင်းသည် သူတို့ကို အကြီးအကျယ် ထိခိုက်နစ်နာစေမှာ ဖြစ်ကြောင်း၊ အကြောင်းမူ စစ်အစိုးရက သူ့အတွက် ကိုယ်ပိုင် စီမံကိန်းတရပ်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည် ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

စစ်အစိုးရက ယခုကဲ့သို့ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဟု ပြောဆိုနေချိန်တွင် ပြတ်သားရှင်းလင်းသည့် ရည်မှန်းချက် တရပ်မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြိုကွဲသွားနိုင်သည်ဟု တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ပြောဆိုလိုက်ပါသည်။

“စစ်မှန်တဲ့ အပြောင်းအလဲတော့ ဖြစ်လာမှာ မဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ဘဲ ပုံစံသစ်နဲ့ ပေါ်လာမှာ” ဟု ဦးအောင်ကျော်ဇောက ပြောဆိုသွားခဲ့ပါသည်။

ဤအခြေအနေကြောင့် လူအချို့သည် အရာအားလုံးကို စွန့်လွှတ်၍ သူတို့၏ သာမန် အရပ်သားဘဝသို့ ပြန်ရောက်သွားနိုင်ပြီး၊ အချို့မှာမူ သူတို့၏ တိုက်ပွဲကို စွန့်ခွါ၍ အကျိုးအမြတ် ရရှိရေးအတွက် စစ်အစိုးရနှင့် ပေါင်းသွားနိုင်သည် ဟု လည်း သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“ဒါပေမဲ့ စစ်မှန်တဲ့ အပြောင်းအလဲအတွက် တိုက်ပွဲကတော့ ရှိနေဦးမှာဘဲ။ စစ်မှန်တဲ့ အပြောင်းအလဲကို တကယ်လိုချင်တဲ့ အနည်းစုကတော့ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လုပ်သွားမှာဘဲ” ဟု ဦးအောင်ကျော်ဇော က ပြောဆိုသွားခဲ့ပါသည်။

(အင်တာဗျူးများနှင့် သတင်းအချက်အလက်များကို မဇ္ဈိမ သတင်းထောက်များထံမှ ရရှိသည်)


နအဖ ဖမ်းဆီးသွားသူသည် ကေအန်ယူ အဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆို

သန်းထိုက်ဦး
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းပိုင်နက်ထဲကို ဝင်ရောက်ကာ မြန်မာစစ်သားများက ဖမ်းဆီးခံနေရသူသည် ကရင်အမျိုးသား အစည်းအရုံး အဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအန်ယူက ယနေ့ ငြင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအနီး၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က နအဖ စစ်သားများက ကေအန်ယူမှ မူးယစ်ဆေးဝါးရေး နှိမ်နင်းရေးအဖွဲ့မှ ဒုဗိုလ်ပူးပူးအား ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုပေးနိုင်တာက အဖွဲ့အစည်းနဲ့ မပတ်သက်ဘူးဆိုတာ ပေးနိုင်တယ်” ဟု ကေအန်ယူ ဗဟို ပြန်ကြားရေး တာဝန်ခံ ပဒိုစောလှငွေက မဇ္ဈိမကို ပြောသည်။

ကေအန်ယူမှ ဒုဗိုလ် ပူးပူး အား မဲဆောက် ချစ်ကြည်ရေး တံတားအနီးအနား တနေရာသို့ နအဖ စစ်သားများက ချိန်းဆိုသဖြင့် ရောက်ရှိလာချိန်တွင် အရပ်ဝတ်ဖြင့် လူ ၆ ဦးခန့်က မေ့မြောသည်အထိ ဝိုင်းဝန်းရိုက်နှက်ပြီး မှန်လုံကားတစီးဖြင့် မြန်မာနိုင်ငံ မြဝတီဘက်ကမ်းသို့ ခေါ်ဆောင်သွားသည် ဟူသည့် သတင်းကို ကေအန်ယူက တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ပဒိုစောလှငွေက “သူက ကေအန်ယူ အသိုင်းအဝိုင်းက ခေါင်းဆောင်ပိုင်းတွေဆီမှာတော့ ဝင်ထွက်သွားလာတာ ရံဖန်ရံခါတော့ ရှိကောင်း ရှိမယ်။ သို့သော်လည်း တာဝန်အရ အဖွဲ့အစည်းက ဆိုလို့ရှိရင်တော့ ဘာမှ မဆိုင်တော့ဘူးလို့ ကျနော် ပြောချင်တယ်” ဟု ပြောသည်။

အဖမ်းခံရသူသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ပြုလုပ်ချိန်က ကေအန်ယူနှင့် ပါဝင်ဆောင်ရွက်သူ ဖြစ်သော်လည်း နောက်ပိုင်းတွင် ကေအန်ယူ အဖွဲ့အစည်းနှင့် မပတ်သက်သည်မှာ ကြာမြင့်ခဲ့ပြီဟု သူက ဆက်ပြောသည်။

ပဒိုစောလှငွေက “သူက တခါတခါ မယ်လ ဒုက္ခသည်စခန်းတွေမှာလည်း နေတယ်လို့ သိရတယ်။ အပြင်ထွက်ပြီးတော့ ကျဘမ်းအလုပ်တွေလည်း လိုက်ပြီးတော့ လုပ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း မြန်မာစစ်သားများက ဝင်ရောက် ဖမ်းဆီးနေချိန်၌ ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကေအန်ယူမှ ခွဲထွက်ကာ ငြိမ်းချမ်းရေး ရယူသွားခဲ့သည့် ကေအင်ယူ-ကေအင်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော တပ်ဖွဲ့မှ အရာရှိအချို့သည် ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းလာသည်။

ဗိုလ်ချုပ်ထိန်မောင်၏ သမက် စောလယ်မူး လုပ်ကြံခံရမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ၍ ဒု ဗိုလ်မှူးကြီး စောဂေထူးနှင့် နောက်လိုက်အချို့က ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။


မြန်မာဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် ထပ်မံလှူဒါန်းပါရန် ကုလက ပန်ကြား

ဆော်လမွန်
စနေနေ့၊ ဂျူလိုင်လ 12 2008 16:28 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူပေါင်း ၁၃၈ဝဝဝ ဦး သေဆုံးပျောက်ဆုံးခဲ့ရသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ပြန်လည် နာလန်ထူနိုင်ရေးအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ကို လှူဒါန်းကြပါရန် ကမ္ဘာတဝှမ်းမှ အစိုးရများသို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ပြင်ဆင် ရေးဆွဲထားသော ပန်ကြားချက် တရပ်ကို ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

ဤများစွာသော ငွေပမာဏ ပါရှိသည့် ပန်ကြားချက်ကို ကုလ၊ အာဆီယံ၊ မြန်မာအစိုးရနှင့် အန်ဂျီအို အဖွဲ့ဝင်များ ပါဝင်သည့် သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) က ပြုလုပ်ခဲ့သည့် အကဲဖြတ် တင်ပြချက်များအပေါ် အခြေခံကာ ပြင်ဆင် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဴေု်ာငအေ ၵသလငနမေ က ပြောဆို သွားပါသည်။

“TCG က ပြုလုပ်ခဲ့သော အကဲဖြတ်ချက်များကို အခြေခံကာ ကျန်ရှိနေသေးသော လိုအပ်ချက်များ၏ မြင်ကွင်းကျယ် တရပ်လုံးကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခဲ့ပါသည်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားသွားခဲ့ပါသည်။

“မြန်မာနိုင်ငံတွင်း ဆောင်ရွက်လျက် ရှိသော လူသားချင်း စာနာသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းကို နိုင်ငံတကာ အလှူရှင်များက ဆက်လက် ထောက်ပံ့ ကူညီလိမ့်မည်ဟုလည်း ကျမတို့ မျှော်လင့်ပါသည်” ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် ကျန်ရစ်ခဲ့သည့် မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ် စောင့်ရှောက်နိုင်ရန် ဒုတိယ အကြိမ်မြောက် ပန်ကြား မေတ္တာရပ်ခံချက် တရပ်ကို ကုလသမဂ္ဂက ကြာသပတေးနေ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

ပထမအကြိမ် ပန်ကြား မေတ္တာရပ်ခံချက်မှ အမေရိကန်ဒေါ်လာ ၂ဝ၁ သန်းကို ကုလသမဂ္ဂ အဖွဲ့ကြီးက ရရှိခဲ့ပြီး ဖြစ်သည်။ ယခုအခါ နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာချက် (PONJA) က ဆောင်ရွက်ခဲ့သော လေ့လာ အကဲဖြတ်ချက်များကို အခြေခံကာ နောက်ထပ် ပြင်ဆင် ရေးဆွဲထားသည့် ပန်ကြား မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(PONJA) အဖွဲ့တွင် အဖွဲ့ပေါင်း ၃၈ ဖွဲ့ပါဝင်ပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ကျေးရွာပေါင်း ၂၅ဝ ကျော်ကို သွားရောက်၍ ကျယ်ကျယ်ပြန့်ပြန့် လေ့လာကာ ကနဦး အစီရင်ခံစာကို ဇွန်လကုန်က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ အစီရင်ခံစာ အပြည့်အစုံကိုမူ ဂျူလိုင်လ ၂ဝ-၂၁ တွင်မှ ထုတ်ပြန် ကြေညာနိုင်လိမ့်မည် ဖြစ်သည်။

မုန်တိုင်းဒဏ်ခံ ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို လှူဒါန်းပါမည့် အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာစစ်အစိုးရကလည်း ပန်ကြား မေတ္တာရပ်ခံခဲ့သည်။

သို့သော် မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးရန် လာရောက်ကြသည့် ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ လှုပ်ရှားဆောင်ရွက်မှုများကို အစဦးပိုင်းတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့် မြန်မာ စစ်အစိုးရသည် ထိုတောင်းခံသည့် ငွေပမာဏကို မရရှိခဲ့ပါ။

သို့သော် ရီစရာကောင်းသည်မှာ အဆိုပါ စစ်အစိုးရ၏ အာဘော် မြန်မာ့အလင်း သတင်းစာက သောကြာနေ့ထုတ် သတင်းစာတွင် မြန်မာနိုင်ငံ အပါအဝင် လူသားချင်း စာနာကူညီရမည့် ကပ်ဘေး ကျရောက်နေသည့် နိုင်ငံများကို ကူညီ ကယ်ဆယ်ရမည့်အစား စစ်ပွဲများအတွက် ငွေများကို ပိုမို သုံးစွဲနေကြသည်ဟု ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားကို ဝေဘန် တိုက်ခိုက်သွားခဲ့သည်။

၁၉၉၁ ခုနှစ်က ဖြစ်ပွါးခဲ့သော ပင်လယ်ကွေ့ စစ်ပွဲတွင် စစ်စတင်ဖြစ်ပွါးသည့် ပထမနေ့မှာပင် ဒေါ်လာ သန်း ၆၅ဝ သုံးစွဲခဲ့၍ ၄၃ ရက်ကြာ ကြည်းလေ ပူးတွဲစစ်ဆင်ရေး တခုလုံးအတွက် ဒေါ်လာ ၆ဝ ဘီလျံ သုံးစွဲခဲ့သည်၊ စစ်ပွဲတခုလုံးအတွက် ဒေါ်လာ ဘီလျံ ၁ဝဝ ခန့် သုံးစွဲခဲ့သည်ဟု အဆိုပါ အစိုးရအာဘော် သတင်းစာတွင် ဆောင်းပါးရှင်က ရေးသား ဖေါ်ပြထားပါသည်။

ဤစစ်ပွဲ ကုန်ကျစရိတ်အတွက် အမေရိကန်၏ ပန်ကြားချက်ကို တုံ့ပြန်သည့် အနေဖြင့် ဂျပန်နိုင်ငံက ဒေါ်လာ ၁ဝ.၇ ဘီလျံ၊ ဂျာမဏီက ၆.၆ ဘီလျံ နှင့် သြစတြေလျက ဒေါ်လာ သန်း ၂၅ဝ ကို ကူညီထောက်ပံ့ခဲ့သည် ဟုလည်း အဆိုပါ ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြထားသည်။

“အင်အားကြီး နိုင်ငံများသည် ဒေါ်လာဘီလျံပေါင်း ရာနှင့်ချီ၍ အီရတ်နှင့် အာဖဂန် ပြဿနာများအတွက် ငွေကြေးကုန်ကျခံ သုံးစွဲခဲ့ကြသည်။ ဤနိုင်ငံများသည်နာဂစ်မုန်တိုင်း ဒုက္ခသည်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင်ကော ငွေကြေးမည်မျှ ကျခံ သုံးစွဲကြပါမည်လဲ” ဟု အဆိုပါ ဆောင်းပါးက မေးခွန်းထုတ်ထားပါသည်။

ဤသို့ တဘက်တွင် စွပ်စွဲမှုများ ပြုလုပ်နေခဲ့သော်လည်း မြန်မာ့ ကမ်းရိုးတန်းတွင် ဒုက္ခသည်များကို အကူအညီပေးရန် လာရောက် စောင့်ဆိုင်းနေခဲ့ကြသည့် အမေရိကန်၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့မှ အကူအညီပေးရေး သင်္ဘောများကို ဝင်ရောက်ခွင့် မပေးဘဲ ငြင်းဆန်ခဲ့သည်။ အဆိုပါ သင်္ဘောများသည် ရဟတ်ယာဉ်များ၊ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ကမ်းလွန်တွင် တလနီးပါးကြာ စောင့်ဆိုင်းနေခဲ့ကြရပြီးမှ ဝင်ရောက်ခွင့် မရခဲ့၍ ပြန်လည် ဆုတ်ခွါသွားခဲ့ကြရသည်။

မေလ ၂၃ ရက်နေ့က ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံ၍ ဖျောင်းဖျ နားချနိုင်သည့်အချိန် မတိုင်မီအထိ အကူအညီများကို ကြိုဆိုလက်ခံမည် ဖြစ်သော်လည်း နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကိုမူ ဝင်ရောက်ခွင့် မပြုနိုင်ဟု မြန်မာစစ်အစိုးရက ကြေညာထားခဲ့သည်။

ဤသို့ ကုလသမဂ္ဂ အဖွဲ့ကြီးက နောက်ထပ် ရံပုံငွေ အမြောက်အမြား ထပ်မံ တောင်းခံခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အဆိုပါ မေတ္တာရပ်ခံ ပန်ကြားချက်ကို အပြုသဘော တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ပထမအကြိမ် ဤသို့အများအပြား တောင်းခံခဲ့စဉ်ကလည်း တောင်းခံသမျှ၏ ၇၅% ကို ရရှိခဲ့သည်။

“ပထမအကြိမ် တောင်းခံခဲ့စဉ်တုံးက ၇၅% လောက် ရခဲ့တာမို့ ဒါကို နှေးကွေးတဲ့ ဖြစ်စဉ်တရပ်လို့တော့ ကျမ မထင်ပါဘူး၊ ဒါနှေးကွေးတဲ့ ဖြစ်စဉ်တရပ် မဟုတ်ပါဘူး” ဟု Noviera က ပြောသွားပါသည်။


အာဇာနည်နေ့ အခမ်းအနားသို့ သတင်းထောက်များ ဖိတ်ကြားမည်

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 18:05 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ရှိ ဂျာနယ်တိုက်များမှ သတင်းထောက်များအား အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် သတင်းယူရန် အာဏာပိုင်များ စီစဉ်လျက် ရှိသည်။

အခမ်းအနားသို့ ယခင်နှစ်များက ရန်ကုန်အခြေစိုက် နိုင်ငံခြား ကြေးနန်းသတင်းဌာန သတင်းထောက်များကိုသာ တက်ရောက်ခွင့် ပေးခဲ့သည်။

“ခေါ်မယ်လို့တော့ ကြားတယ်။ ဘာမှတော့ တရားဝင် အကြောင်းမကြားသေးဘူး။ အရင်တုန်းကတော့ မခေါ်ဘူး။ စောသေးလို့ ထင်ပါတယ်။ နောက်နှစ်ရက်လောက် ဆိုရင်တော့ အကြောင်းကြားမယ် ထင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခုမှ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ နီးလာချိန်တွင် ရန်ကုန်မြို့တွင် လုံထိန်းရဲများ ကင်းလှည့်မှု များပြားလာနေသည်။

“ဒီနေ့ စတွေ့တယ်ပေါ့နော်။ ကားနံပါတ် ၇ (ခ) ၁၇၅၃ လေ၊ ဆူးလေမီးပွိုင့်ကနေ အန်တီစု အိမ်ဘက်ပေါ့နော်။ ကုက္ကိုင်းမီးပွိုင့်မှာလည်း နှစ်ယောက်တွဲ၊ သုံးယောက်တတွဲ လည်ပတ်အဝါတွေနဲ့ ကားပေါ်မှာရော အောက်မှာက လုံထိန်းတွေ နှစ်ယောက်တတွဲ လက်နက်အစုံပေါ့နော်။ နောက်တခါ ၁ (ဂ) ၂၇ဝ၈ လုံထိန်းကားပေါ့နော်။ ဆူးလေကနေ ကုက္ကိုင်းဘက်ကို လှည့်ပတ်သွားတာ တွေ့တယ်။ ကားပေါ်မှာ ၂ဝ ဝန်းကျင်လောက်ပါတယ်။ လက်နက်အပြည့်ပဲ” ဟု ရန်ကုန်မြို့ခံ မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

အာဇာနည်နေ့တွင် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။

“၁၉ ရက် မတိုင်ခင် တော်တော်များများ စောင့်မယ်လို့ ထင်တယ်။ သူတို့က တခုခုဖြစ်မှာ အမြဲတမ်း စိုးရိမ်တယ်လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ လိမ်တာတွေ ညာတာတွေ တောက်လျှောက် ရှိတယ်ဆိုတော့ ပြည်သူလူထုက မကျေနပ်လို့ လူတွေ စုမိရင် Campaign လုပ်မယ်၊ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လေ။ အဲဒါကြောင့် အင်အားပြတာ၊ ပြည်သူတွေ ကြောက်သွားအောင် လုပ်ပြတာလို့ မြင်တာပဲလေ” ဟု ပြောဆိုသည်။


ကလေးဝ၊ မုံရွာ စိုးရိမ်ရေမှတ်ကျော်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 11 2008 17:05 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေ လျှံတက်မှု နောက်ဆုံးရရှိသော သတင်းမှာ မော်လိုက်၊ မုံရွာ၊ ကလေးဝမြို့များတွင် စိုးရိမ်ရေ အမှတ်ထက်တွင် ဆက်လက် တည်ရှိနေပြီး အခြားမြို့များတွင်တော့ ရေကျဆင်းနေသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေအမြင့် စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်ဆဲ ဖြစ်ကာ ကလေးဝနှင့် မော်လိုက်တွင်လည်း ရေတက်ဆဲ ဖြစ်သည်။

မုံရွာမြို့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ရောက်ရှိနေပြီး မြစ်ရေ အခြေအနေကို စောင့်ကြည့်နေသည်။

မုံရွာမြို့တွင် ဒေသခံ အများအပြားကတော့ ကြွက်များ တာများကို ဖျက်ဆီးမည့် အန္တရာယ်နှင့် ရေအား ဆက်တက်လာလျှင် တာကျိုးမည့်အရေး စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ရန်ကုန်ရှိ မိုးလေ၀သဌာန ခန့်မှန်းချက်ကတော့ မုံရွာတွင် ဇူလိုင် ၁၃ ရက်နေ့ရောက်မှ ရေကျသွားဖွယ် ရှိသည်ဟု ပါရှိပြီး မော်လိုက်နှင့် ကလေးဝတို့တွင် ဇူလိုင် ၁၂ ရက်နေ့ကတည်းက ရေပြန်ကျသွားဖွယ် ရှိသည်ဟု ဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်တွင် မော်လိုက်၊ ကလေးဝနှင့် မုံရွာတို့တွင် ရေအမြင့်သည် စိုးရိမ်ရေ အမှတ်အထက်ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၄၀ ကျော်အတွင်း စတုတ္တအများဆုံး ဖြစ်သည်ဟု ပါရှိသည်။

မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့များတွင် ချင်းတွင်းမြစ်ရေသည် တနာရီလျှင် ၂ စင်တီမီတာနှုန်းဖြင့် တက်ဆဲ ဖြစ်သည်။ ရန်ကုန် မိုးလေ၀သဌာန အဆိုအရ ကလေးဝတွင် မြစ်ရေအမြင့် ၁၈၃၆ စင်တီမီတာ နှင့် မုံရွာတွင် ၁၉၉၀ စင်တီမီတာ အမြင့်သို့ ရောက်ရှိနေသည်။

အစောပိုင်းရက်များက ရေလွတ်ရာသို့ လူအချို့ တိမ်းရှောင်နေခဲ့ရသည့် ခန္ဓီး၊ ဟုမ္မလင်းမြို့များတွင်တော့ ရေတဖြည်းဖြည်း ကျဆင်းလာနေသည်


နာဂစ်ဒုက္ခသည်များအတွက် DFID က နောက်ထပ် ပေါင် ၁၇.၅ သန်း လှူတန်းမည်

ဆော်လမွန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 10 2008 21:57 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ယူကေနိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ဆိုင်ကလုံးနာဂစ်ဒဏ်ခံ မြန်မာများအတွက် နောက်ထပ် ပေါင်စတာလင် ၁၇.၅ သန်း ထပ်မံပေးမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ရာ DFID ၏ စုစုပေါင်း လှူတန်းငွေ ပေါင်စတာလျှင် ၄၅ သန်းရှိသွားပြီ ဖြစ်သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်နေသာ အဖွဲ့များက ငွေတောင်းခံမှု လုပ်သည့် ယခုကာလတွင် DFID ၏ ပြောရေးဆိုခွင့်ရှိသူ David Leslie က ပြောကြားရာတွင် လှုတန်းငွေများကို ကြာသာပတေးနေ့တွင် လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်သည်ဟု ဆိုသည။်

ကုလသမဂ္ဂ ထောက်ပံ့ရေး အေဂျင်စီများနှင့် အခြားသော နိုင်ငံတကာ လူသားချင်း စာနာမှု အကူညီပေးရေး အဖွဲ့များက နောက်ထပ် ငွေကြေးထောက်ပံ့မှုများ မရှိလျှင် ကယ်ဆယ် ထောက်ပံ့ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းသွားဖွယ် ရှိသည်ဟု ပြောနေခဲ့ကြသည်။

ကုလစားနပ်ရိက္ခာ ပရိုဂရမ်အဖွဲ့က သူတို့၏ ခြောက်လတာ လည်ပတ်မည့် အစီအစဉ် အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၈ သန်းလိုသည်ဟု ပြောဆိုနေခဲ့သည်။

နိုင်ငံတကာ ကြက်ခြေနီ အသင်းချုပ်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် သူတို့၏ သုံးနှစ်တာကလာ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၇၂.၅ သန်း လိုအပ်သည်ဟု ဆိုသည်။ သူတို၏ အစီအစဉ်များတွင် လတ်တလော အရေးပေါ် လုပ်ဆောင်စရာများနှင့် ပြန်လည် တည်ဆောက်ရေး အတွက်ပါ ပါဝင်သည်။

ကြက်ခြေနီအဖွဲ၏ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Alistair Henley က ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ လူထောင်ပေါင်းများစွာတို့သည် နာဂစ်မတိုက်မီ ကာလကပင် မရေရာသောဘ၀တွင် တာရှည် နေခဲ့ကြရသူများ ဖြစ်သည်ဟု ပြောသည်။

"နာဂစ်က သူတို့ကို ပို ချို့တဲ့အောင်၊ ပိုအားနည်းသွားအောင် လုပ်လိုက်တာပဲ။ သူတို့ ဆုံးရှုံးသွားတာလေးလောက်ပဲ ပြန်ရအောင် ကျနော်တို့လုပ်မယ့်အစား သူတို့ရဲ့ အနာဂတ် သာယာလှပ လုံခြုံအောင် ကြံဆောင်သင့်တယ်" ဟု Henley က ပြောသည်။

DFID မှ David Leslie ကတော့ အဖွဲ့အနေဖြင့် ကုလနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တောင်းဆိုသည့်အတွက် နောက်ထပ် ငွေထုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

DFID ၏ အတွင်းရေးမှူး Douglas Alexander က ဗုဒ္ဓဟူးနေ့က ကြေညာချက်တရပ်တွင် ပြောကြားရာတွင် " ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်မှု တောက်လျှောက် မြင့်လာနေပြီး အချက်အလက် ရရှိမှုတွေ တိုးတက်မှု ရှိလာနေပေမယ့် မကြာခင်ကာလမှာ နောက်ထပ် အထောက်အပံ့တွေ မရဘူးဆိုရင် လူပေါင်း ၃ သိန်းလောက်အတွက် အန္တရာယ် ရှိနေတယ်လို့ ကျနော်တို့တော့ ယုံတယ်" ဟု ပြောသည်။

"ဒီနေ့ လုပ်တဲ့ ငွေတောင်းခံမှုမှာ ဘာတွေပါမလဲဆိုတာ စောင့်ကြည့်တာပေါ့။ ပြီးတော့ ငွေကို ဘယ်လို အသုံးချလဲဆိုတာ သိအောင်လုပ်မယ်လေ"

"မြန်မာပြည်မှာ ကျနော်တို့ရဲ့ စာရင်းကောက်အဖွဲ့ ရှိတယ်။ သူတို့က ဘယ်အဖွဲ့တွေ ငွေလိုနေတယ်ဆိုတာ ကြည့်နေတာ" ဟု သူက ထပ်ပြောသည်။

မေ ၂ ရက်နှင့် ၃ ရက်များတွင် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်မုန်တိုင်း တိုက်ခိုက်သွားခဲ့ရာ လူပေါင်း ၁၃၈၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးဖြစ်ခဲ့ပြီး လူပေါင်း ၂.၄ သန်းကျော်၏ ဘ၀များ ကစဥ့်ကလျား ဖြစ်ခဲ့သည်။

သဘာဝကပ်ဘေးဖြစ်အပြီး DFID က ချက်ခြင်းပင် ပေါင်စတာလင် ၅ သန်းကူညီမည်ဟု ကြေညာပြီး မေ ၁၅ ရက်နေ့တွင် နောက်ထပ် ပေါင်စတာလင် ၁၂ သန်း ထပ်မံ ပေးပြန်သည်။ ရန်ကုန်တွင် မေ ၂၅ ရက်နေ့က ပြုလုပ်သည့် အာဆီယံ-ကုလ-စစ်အစိုးရ အစည်းအဝေးအပြီး နောက်ထပ် ပေါင်စတာလင် ၁၀.၅ သန်း ပေးမည်ဟု ကြေညာခဲ့သည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာမှ အကူအညီ ရရှိရေးအတွက် တောင်းခံရာတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး လိုမည်ဟု ပြောဆိုထားသော်လည်း လိုအပ်သည့် အရေအတွက် ရရန်မှာ အလှမ်းဝေးလွန်းနေသေးသည်။


မောင်ဝိတ်ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မရေရာ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 10 2008 17:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မူးယစ်ဆေးဝါးမှုဖြင့် ကုမ္ပဏီအကြီးအကဲ ဖမ်းဆီးခံနေရပြီးနောက် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ၏ နာဂစ်ဒဏ်သင့် ကျိုတ်လတ်မြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်မှာ မရေရာတော့သည့် အခြေအနေ ဖြစ်နေသည်။

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆန်နေသော်လည်း ကျိုတ်လတ် ဒေသခံများနှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များက မောင်ဝိတ်၏ ကုမ္ပဏီသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ခြင်း မတွေ့ရတော့ဟု တညီတညာတည်း ပြောနေကြသည်။

နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပြည်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကြီးကြပ်ရမည့် ၀န်ကြီးများ၊ မြို့တော်ဝန် သတ်မှတ်ပေးပြီး စစ်အစိုးရနှင့် ရင်းနှီးသော စီးပွားရေး ကုမ္ပဏီကြီး ၃၀ ကျော်ကို တာဝန်ခွဲတမ်း ချထားပေးရာ မောင်ဝိတ်နှင့် မိသားစုမှာ ကျိုတ်လတ်တွင် လုပ်ရန် ရွှေမာလာ၊ သော်တာဝင်း ကုမ္ပဏီများနှင့်အတူ ခွဲတမ်းရရှိခဲ့သည်။


မေ ၂၅ ရက်နေ့က မောင်ဝိတ်ကိုယ်တိုင် ကျိုတ်လတ်တွင် မုန်တိုင်းဘေး ဒုက္ခသည်များကို ဆန်များ လှူတန်းနေစဉ်။
ဓာတ်ပုံ- အလင်းတန်းဂျာနယ်

သို့သော် ခေါင်းခါဆေး ဟု လူသိများသော မူးယစ်ဆေးပြားများ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုဖြင့် အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီသူဌေး အဖမ်းခံရပြီးနောက် ကုမ္ပဏီ၏ လုပ်ဆောင်မှုများ သိသာစွာ လျော့နည်းသွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များက ပြောသည်။

သို့သော်ငြားလည်း မောင်ဝိတ် ကုမ္ပဏီက ဖြေကြားရန် ငြင်းဆန်နေခဲ့သည်။ အခြားတဖက်တွင်လည်း ကုမ္ပဏီများက စိုက်ထုတ်ထားသော ငွေပြန်ပေါ်ရန် မသေချာသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စစ်အစိုးရ တာဝန်ပေး၍သာ လုပ်နေကြရသော်လည်း လက်တွန့်နေကြသည်။

မေလ ၂၅ ရက်နေ့က မောင်ဝိတ်ကိုယ်တိုင်ပင် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စုမှ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် ဆန်များ လှူဒါန်းခဲ့သေးသည်။

မေ ၃၁ ရက်နေ့တွင် ဘီလီယံကြွယ်သူဌေး အဖမ်းခံလိုက်ရသည်။ သူနှင့် ရင်းနှီးသော အောင်ဇော်ရဲမြင့်၊ မင်းသမီး န၀ရတ်တို့လည်း အလားတူပင် ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်က အမှုကို ဖွင့်ချခဲ့ပြီးနောက် ၀က်ထီးကန် မူးယစ်ဆေးဖြတ်စခန်းသို့ ပို့ဆောင်ခံခဲ့ရသလို မင်းသမီး န၀ရတ်ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ အမှုဖော်ထုတ်မှု လုပ်ငန်းစဉ်အရ မင်းသား၊ မင်းသမီးများနှင့် ရုပ်ရှင်၊ တေးဂီတမှ နာမည်ကျော်များလည်း ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသည်။

အနုပညာရှင်များကို လက်ရှိအချိန်တွင် ဖမ်းဆီးထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော်တွင် သတင်းထောက်များကို ဇွန် ၂၆ ရက်နေ့က ပြောကြားခဲ့သည်။

ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် မောင်ဝိတ်နှင့် မူးယစ်ဆေးဝါးသတင်း ပါလာရာ သူနှင့်အတူ အမှုတွဲဖြစ်သည့် အခြား ၆ ဦးတွင် မလေးရှား နိုင်ငံသားတဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

မလေးရှားနိုင်ငံသား ပီတာ၊ မောင်ဝိတ်၊ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့ကို Ecstasy၊ စိတ်ကြွဆေးပြားများနှင့် Ketamine တို့ ကိုယ်တိုင်သုံးစွဲခြင်း၊ ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ကြောင့် လမ်းမတော်မြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု မြန်မာတိုင်းမ် ဂျာနယ်က ရေးသားထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates